Saturday, February 15, 2014

Teachers

Written and posted this on 2008 February 17. Let me post this again and thank my teachers. Forever grateful!
---.---.---.---

 ပြည်ထောင်စုနေ့၊ ကလေးများနေ့ နဲ့ ချစ်သူများနေ့ အမှတ်တရ အခြေခံပညာကျောင်း တက်တုန်းက ငေးကြည့်ခဲ့ဖူးသူတွေရဲ ့ အကြောင်းလေးတွေ ရေးမလို့ .. (ကျောင်းကိစ္စနဲ့ weekday တွေများ အလုပ်များနေလို့ blog တောင် လူစုံအောင် မလည်နို်င်ခဲ့ပါဘူး.. online ကို တက်လိုက်ဆင်းလိုက် လုပ်နေပြီး သေချာထိုင်ပြီး စာမရေးဖြစ်ခဲ့လို့ ခုမှ back date နဲ့ တင်လိုက်ရပါတယ်.. နောက်ကျပေမယ့် ဒီစာမျက်နှာပေါ်မှာ အမြဲရှိနေမှာပါ) သူငယ်တန်းကနေ ဒဿမတန်းအထိ အိမ်နားက ကျောင်းမှာပဲ တက်ခဲ့လို့ မှတ်ဉာဏ်ရဲ ့ ဆယ်နှစ်ကျော်စာကို ဒီကျောင်းလေးနဲ့ သူ့ န်းကျင်ကပဲ စိုးမိုးထားပါတယ်.. ဗမာ ဗုဒ္ဓဘာသာ င်တွေ အများဆုံး ဖြစ်ပေမယ့် ကျောင်းက သူငယ်ချင်းတွေရော ဆရာဆရာမတွေရောက အချင်းချင်း ဆက်ဆံရာမှာ လူမျိုးဘာသာ ခွဲခြားတာ နည်းပါတယ်.. (ရှိတော့ ရှိပါတယ်) .. ကလေးတစ်ယောက်အနေနဲ့ ထိုင်ခုံပေါ်ကနေ ဆရာဆရာမတွေကို မော့ကြည့်တဲ့အခါ မြင်ရတာလေးတွေက ဆရာတို့ ကိုယ့်ကိုကိုယ် မြင်ရသလို အချင်းချင်းမြင်ရသလို ရှိမှာမဟုတ်လို့ စိတ်ထဲရှိတဲ့ ပြောပြချင်တာလေးတွေပါ.. 

 ပထမဆုံး ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တာ သူငယ်တန်း အတန်းပိုင်ဆရာမ ပါ.. ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်သူ.. ဘာသာတရား အဆုံးအမကို တပည့်ငယ်လေးတွေကို သက်ဝင်လေးစားတတ်အောင် သင်ပေးသူ.. လက်ရေး သိပ်လှသူ.. စကားပြော နူးညံ့သူ .. ကလေးတွေ မျက်လုံးထဲမှာ ရှမ်းတရုတ်စပ်မို့ ဖြူဖြူပုပု ပုံစံနဲ့ ဆရာမက အရမ်းချစ်ဖို့ ကောင်းပါတယ်.. အဲဒီတုန်းက ငါတို့ ဆရာမ အချောဆုံးလို့ လိုက်ကြွားရတာ အမောပါ.. ဆရာမအတွက်လဲ ရွှန်းမီက အမှတ်တရ ကျောင်းသူဖြစ်ခဲ့ပါတယ်.. စာလိုက်တာ စာတက်တာ သိပ်နှေးသလောက် လက်ရေးသိပ်လှပြီး ဇွဲကောင်းတယ်လို့ မှတ်မိနေတာ အခုထိပါပဲ .. ဆရာမက သမီးငယ်ငယ်က လက်ရေးသိပ်လှလို့ သူလဲ စာရေးပြန်ကျင့်ရတယ်လို့ ပြောပြပါတယ်.. (အခုတော့ မဟုတ်တော့ပါဘူ.. ဘာရေးထားမှန်း ပီသရုံပဲ ရှိတော့တယ်) ငယ်ငယ်ကဆို သိပ်နှေးကွေးပြီး ခဏခဏ ထုံပေပေ အူတူတူ လုပ်တတ်တဲ့ ရွှန်းကို အိမ်က သိပ်စိတ်ပူပါတယ်.. ကျောင်းစတက်တော့ အသက်ပြည့်ပေမယ့် သူငယ်ချင်းတွေနဲ့ စကားလဲကောင်းကောင်း မပြောတတ်သေးပါဘူး.. ဒါနဲ့ လပတ်စာမေးပွဲရှိတော့ အိမ်က စိုးရိမ်တကြီးနဲ့ ဟိုဟာမမှားနဲ့ ဒီဟာမမှားနဲ့ ဟိုလိုမှတ် ဒီလိုဖြေ ဆိုပြီး စိုးရိမ်တကြီးဝ ိုင်းသင်ပေးကြတယ်.. စိတ်ထဲမှာတော့ တရုတ်ဘုရင့်စာမေးပွဲလို အမှတ်အများဆုံးတစ်ယောက်ပဲ အောင်မယ်လို့တောင် ထင်သွားပါတယ်.. အဲဒါနဲ့ လောဘတကြီး ဖြေခဲ့တာ အဆင့်တစ် ရသွားပါတယ်.. (အမှန်က ကလေးကို စစ်တဲ့ စာမေးပွဲမို့ ဘယ်လောက်လက်ရေး နှေးနှေးရေးရေး အချိန်အတိပါ) ဒါနဲ့ပဲ အိမ်ကရော ဆရာမက ဒီလောက်နှေးတဲ့ ကလေး ဉာဏ်တော့ ကောင်းသားပဲ ဆိုပြီး ဂရုတစိုက်ရှိလာပါတယ်.. အိမ်က နောက်တစ်ခါလဲ ပထမရရမယ် ဆိုတာကြီးက လူကို တော်တော် စိတ်ရှုပ်စေခဲ့ပါတယ်.. ဒီလိုနဲ့ နောက်တစ်ခေါက် လပတ်ဖြေတော့ အဆင့်နှစ် ရရော.. အဲဒီတော့ အိမ်က ခပ်တင်းတင်း ပြန်ဖြစ်လာပြီး ပေါ့ဆရလား လျှမ်းရလား လုပ်လာပါရော.. နောက်နေ့ ကျောင်းမှာ မှိုင်နေလို့ ဆရာမက ခေါ်မေးမှ ပြောပြပြီး ငိုခဲ့ပါတယ်.. ဆရာမချော့တဲ့စကားတွေတော့ သေချာမမှတ်မိတော့ပေမယ့် ဆရာမကို မမေ့ပါဘူး.. ဆရာမက အိမ်ကလူကြီးတွေကို ခေါ်ပြီး ကလေးကို အဲလို ဖိအားမပေးဖို့ ဘာညာ ပြောပေးခဲ့ပါတယ်.. အဲဒီတုန်းက စာကြိုးစားလို့ ဆိုပြီး ဆရာမဆုချတဲ့ ခဲတံနီနီလေး ခုထိ ရှိနေတုန်းပါ.. နောက်ဆရာတစ်ယောက်က ကိုးတန်း ဆယ်တန်း အင်္ဂလိပ်ဘာသာ သင်တဲ့ဆရာ . . ဆရာက ချင်းလူမျိုးပေမယ့် အညာသားရုပ်ပေါက်ပါတယ်.. ပိန်ပိန်ညှက်ညှက်၊ ခပ်တုံးတုံးဝတ်စားပုံ၊ စကားသံဝဲဝဲနဲ့ ဆရာ့ကို ကျောင်းသားအတော်များများ အထင်မကြီးပါဘူး.. တိုပါးပါး ဆံပင်ပုံနဲ့ ချည်လွယ်အိတ် ဆေးပေါ့လိပ်နဲ့ ဆရာပုံစံက ကျောင်းဆရာ ဆိုရင်တောင် အင်္ဂလိပ်စာသင်တယ်လို့ မထင်ချင်စရာပါ.. ဒါပေမယ့် ဆရာ ကြိုးစားမှန်း စာသင်ရာမှာ စိတ်ရှည်မှန်း သတိထားမိခဲ့ပါတယ်.. နယ်ကနေ ရန်ကုန်တက်လာပြီး စာသင်တာ အတော်ကြာနေပြီလို့ မှတ်မိပါတယ်.. ကျူရှင်အားကိုးတဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းမှာ သိပ်အာရုံမထားမှန်း သိလည်း ဆရာက တကယ် တာဝန်ကျေအောင် သင်ပေးပါတယ်.. စကားလုံး အသုံးအနှုန်း ကြွယ်ဝတယ်.. အတွေ့အကြုံ များတယ်.. အဆက်မပြတ် လေ့လာတယ်.. တပည့်တွေကို အခု အတန်းထဲမှာ အတော်ဆုံးဖြစ်တာနဲ့၊ ဆရာ အမှားလေးတွေ ထောက်ပြနိုင်ရုံနဲ့ မကျေနပ်နေဖို့ ဆုံးမခဲ့တယ်.. တစ်ခါ.. ဆရာရော တခြားကျောင်းသားတွေရော ပြောနေတာတွေ ကြားမိ မှတ်မိနေပါတယ်.. ဆရာအမြဲတမ်းပြောပါတယ်.. ငါစာသင်ရပေမယ့် ငါနင်တို့ထက် ပိုတတ်တယ်လို့ မပြောရဲဘူး.. လူတိုင်းက အသိတွေကို တဖြည်းဖြည်း များလာအောင် စုရတာ.. မတူတာတွေ ရှိမယ်.. မှားတာတွေ ရှိမယ်.. ပြောပြကြ.. ဘယ်တော့မှတော့ မှားတဲ့သူကို မလှောင်နဲ့ လို့ သတိပေးခဲ့ပါတယ်.. ဆရာဟာ ဘွဲ့ရပြီးမှ အင်္ဂလိပ်စာကို အသုံးဝင်တဲ့ ဘာသာအဖြစ်မြင်လာပြီး တကယ် စ လေ့လာခဲ့တာ လို့ ပြောပြပါတယ်.. ဘယ်တော့မှ နောက်မကျပါဘူးတဲ့ .. အဲဒီနောက် ကလေးတွေကို ပိုပြီး သိတတ်မြင်တတ် လေ့လာတတ်လာအောင် လမ်းပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်မပြန်တော့ဘဲ တခြားအလုပ် မလုပ်တော့လဲ ကျောင်းဆရာဘဝကို ရွေးခဲ့တယ် တဲ့ .. စာသင်လို့ သိပ်မကောင်းတဲ့ နေ့တစ်နေ့မှာ ဆရာက သူ့အကြောင်းတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်.. ဘာပဲဖြစ်ဖြစ် တပည့်တွေကို ေ့ရှဆက် ကြိုးစားဖို့ ကိုယ့်ကိုကိုယ် နောက်ပြန်မဆွဲဖို့ အသေအချာ မှာခဲ့တဲ့ ဆရာ့ကို ကျေးဇူးတင်နေဆဲပါ.. နောက်တစ်ယောက်ကတော့ ကျောင်းသားတွေကို ပန်းချီအခြေခံ သင်ပေးသွားတဲ့ ဓာတုဗေဒဆရာပါ.. ကိုးတန်း ဆယ်တန်း ကျောင်းသားတွေ ထုံးစံအတိုင်း ကျောင်းကဆရာဆိုတာ အလှကြည့်ရုံသက်သက်ပဲ ဖြစ်နေပြီး ကျူရှင်ဆရာလောက် စာသင်တာကို မလေးစားပါဘူး.. ဆရာကလဲ အလှကြည့်လို့တော့ ကောင်းပါတယ် (အသက်နဲနဲ ကြီးတာက လွဲလို့) အသားလတ်လတ် အရပ်ရှည်ရှည် မျက်ခုံးထူထူနဲ့ စာသင်ရင် ဟန်ကတော့ ကောင်းပါတယ်.. သင်တာကတော့စာအုပ်ကြီး အတိုင်းပါပဲ .. ဆယ်တန်း နှစ်စ ကျောင်းမှာ ကျောင်းအုပ်ကြီးအသစ်က ဖွံ့ဖြိုးရေးအချိန်မှာ တကယ်အကျိုးှရှိတာ သင်ဖို့ အထက်တန်းဆရာဆရာမတွေကို တွန်းတော့ ဘယ်သူမှ စိတ်ပါလက်ပါ မလုပ်ချင်ခဲ့ပါဘူး..(အစက ဒီအချိန်ရှိပေမယ့် ဘာသာရပ်ဆိုင်ရာဆရာတွေ သင်ရိုးမပြီးလို့ အချိန်ပို ၀င်ဝင်လာတာ များပါတယ်).. အဲဒီမှာ ဆရာက သူပန်းချီသင်ပါ့မယ် ဆိုပြီး တာ န်ယူလိုက်ပါတယ်.. ဘာမှ သိပ်ဝါသနာမပါတဲ့ ကျောင်းသားတွေအတွက်တော့ ပျင်းစရာကောင်းနေပါတယ်.. ရွှန်းမီတို့ သူငယ်ချင်းတွေ ဆယ်တန်း စာမေးပွဲကိုပဲ အမှတ်ကောင်းကောင်း အောင်ချင်ဇော များပါတယ်.. တခြားကိစ္စတွေဆိုရင် ကျောင်းမှာ ခဲပန်းချီလို ကရိကထ သိပ်များတာတောင် မလိုချင်ကြပါဘူး.. အဲဒီအချိန်အတွက် မျဉ်းကြောင်းမပါတဲ့ စာအုပ်သပ်သပ်ဝယ်ဖို့ သစ်သားခဲတံဝယ်ဖို့တောင် စိတ်ထဲ ရှုပ်သလိုလို ဖြစ်ခဲ့ပါတယ်.. ဆရာက တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပန်းချီလေ့လာခဲ့ ရေးခဲ့တယ် လို့ သိရပါတယ်.. ဘွဲ့ရပြီးနောက် ကျောင်းဆရာလုပ်ရင်း ပန်းချီသိပ်မဆွဲဖြစ်တော့ဘူးလို့ ပြောခဲ့ပါတယ်.. အခြေခံအနေနဲ့ မျဉ်းကြောင်းတွေအကြောင်း ရှင်းပြခဲ့ပြီး စိတ်ကို လွှတ်ပြီး မျဉ်းကြောင်းသွားလာ လိုက်ဆွဲတဲ့နည်းနဲ့ စိတ်အပန်းပြေစေကြောင်း တစ်စွန်းတစ်စ မှတ်ခဲ့ရပါတယ်.. စကားနည်းတဲ့ ရှက်တတ်တဲ့ လူတွေဟာ သူတို့စိတ်ထဲရှိရာကို အရောင်တွေ မျဉ်းတွေနဲ့ ပြောပြတတ်ကြောင်း .. အဲဒီလိုလည်း စကားပြောလို့ရကြောင်း .. စိတ္တဇဆန်ဆန်လေးတွေလည်း ပါပါတယ်.. ဆရာက ကျောက်သင်ပုန်းပေါ်မှာ မျဉ်းဖြောင့် မျဉ်းကောက်တွေ မျဉ်းစက်တွေ ဆွဲပြပြီး စိတ်ပါလက်ပါ သင်နေလည်း တစ်တန်းလုံး စကားပြောလိုက်၊ ခိုးအိပ်လိုက်၊ ကျူရှင်ကပေးတဲ့ အိမ်စာတွေ လုပ်လိုက်နဲ့ ရှိနေချိန်မို့ ဆရာပြောနေတာတွေကို အာရုံရမရ မသိပေမယ့် ရွှန်းမီကတော့ စိတ်ရှိလက်ရှိ မျဉ်းကြောင်းတွေလိုက်ဆွဲပြီး ဆရာပြောတာ နားထောင်နေခဲ့မိပါတယ်.. နားထောင်ခဲ့ပေမယ့် သေချာမှတ်မိတာဆိုလို့ "ဒီလိုသင်ရလို့ ပန်းချီတွေဘာတွေ ၀ါသနာပါပြီး ဆွဲတတ်လာတဲ့အထိ မဟုတ်ရင်တောင် အထွေထွေဗဟုသုတအနေနဲ့ ပြောပြရတဲ့အတွက် ၀မ်းသာပါတယ်" ဆိုတာပါပဲ .. ဆရာ့စိတ်ထဲမှာ ဒီအကြောင်းတွေ ဘယ်အချိန်ထဲက ပြောချင်နေခဲ့မှန်း မသိပါဘူး.. ဆရာက အနုပညာနှလုံးသားကို ဖုန်တက်ခံခဲ့တဲ့လူတစ်ယောက်လို့ မြင်ခဲ့ပါတယ်.. အဲဒီတစ်ချိန်နှစ်ချိန်ပဲ ပန်းချီနဲ့ ပတ်သက်တာတွေ ဆရာပြောခဲ့ပြီး နောက်ပိုင်း ဖွံ ့ဖြိုးရေးချိန်တွေမှာတော့ ဒီဆရာပဲ ဆက်လာပေမယ့် ကျောင်းသားအများစု တောင်းဆိုမှုအရအိမ်စာလုပ်ချိန်၊ ညနေကျူရှင်မသွားခင် အိပ်ချိန် ဖြစ်သွားပါတယ်.. အဲဒီနောက်ပိုင်း စိတ်ပြေလက်ပျောက် ဟိုရေးဒီခြစ် တခါတလေတော့လုပ်ပေမယ့် အဲဒီကနေ ဆက်မတက်မိတော့ပါဘူး.. .. ဒါပေမယ့် စိတ်ရှုပ်လာလို့ စာအုပ်ထောင့်မှာ စာအုပ်နောက်မှာ ဟိုဟိုဒီဒီ ပုံလေးတွေ ရေးခြစ်မိတိုင်း ဆရာ့ကို အမှတ်တရတော့ ရှိပါတယ်.. ဆရာရဲ ့ ပန်းချီအယူအဆတချို ့ကို နားထောင်ခဲ့ရပေမယ့် ဆရာဆွဲတဲ့ပုံတွေကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး.. ကျေးဇူးရှင် ဆရာဆရာမ အများကြီးထဲက ထူးထူးခြားခြား မှတ်မိတဲ့သူတွေ အကြာင်း ရေးလိုက်ပါတယ်အယူအဆပေါင်းစုံ လူမျိုးပေါင်းစုံ စာသင်ပုံမျိုးစုံကြား လေ့လာမိတဲ့ အကြောင်းလေးတွေပါ.. တချို ့က တပည့်တို့ စံပြ နမူနာအဖြစ် နေသလို တချို ့ကလဲ ကျောင်းသူကျောင်းသားတွေကို သူတို့လဲ လူထဲက လူတွေဖြစ်ကြောင်း သင်ပေးသွားကြပါတယ်.. ခပ်ပျော်ပျော်သင်သွားတဲ့လူတွေ ရှိသလို ခပ်တည်တည် ဆုံးမခဲ့တာတွေ ရှိတယ်.. ကိုယ့်နည်းကိုယ့်ဟန်နဲ့ တပည့်တွေအပေါ် ထားတဲ့စေတနာတွေကို ချစ်ခင်လေးစားစွာနဲ့ တစ်သက်တာ အမှတ်တရ ရှိနေဦးမှာပါ .. လို့ ချစ်တဲ့စာမျက်နှာလေးမှာ မှတ်တမ်းတင်လိုက်ပါတယ်..

Thursday, January 20, 2011

Mothers day 2011

  Image

Written together with friends for Mother's day 2011
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ
link - http://www.mediafire.com/file/se42xzwupw056yw/MOM_POEM_2011.pdf

Thursday, December 31, 2009

သက်စောင့်ဂါထာ

Image
 
သက်စောင့်ဂါထာ

အမေ ဆိုတဲ့ မန္တရားဟာ
စိတ်ဝိဉာဉ်ကို လုံခြုံစေတယ်

ခုန်နေသော နှလုံးသားတိုင်းမှာ
အရင်းနှီးဆုံးဘာသာနဲ့
အမေ ဆိုတဲ့စာသား ထိုးထားတယ်

ယဉ်ကျေးမှု မတိုင်ခင်တည်းက
အမေ ဆိုတဲ့ အရိပ်ဟာ
ရင်ခွင်မှာ အမြစ်တွယ်ပြီးသား

အမှားတွေ ဒဏ်ရာတွေကို ကာကွယ်ရဲ ရင်ဆိုင်ရဲစေဖို့
အမေ လို့ တမ်းတ တတ်ကြတယ်

မျက်လုံးမှိတ်ပြီး စိတ်နဲ့အော်ခေါ်တယ်
ဘယ်ဆီဘယ်ဝယ် လမ်းပျောက်ချိန်မှာ
တခါတလေလည်း နှုတ်ကတတယ်
တဒင်္ဂတွေ ခလုတ်ထိစဉ်မှာ
နာကျင်စရာတွေ တုံ့ဆိုင်းဖို့
မေတ္တာလှိုင်းတွေရဲ့ နာမည်မို့..
အမေ လို့ ခေါ်ခဲ့ကြပါတယ်

အမေ ကို အမေ မှန်း
တမ်းတ အောက်မေ့ ခေါ်ခွင့်ရတာ
ဘဝရဲ့ မင်္ဂလာတစ်မျိုးပါ

ဂုဏ်ကျေးဇူးကို အောက်မေ့ပါတယ်
တန်ဖိုးသိတတ် မြတ်နိုးရပါတယ်
အမှတ်ရတိုင်း ကြည်နူးရပါတယ်
မရှိမဖြစ် ချစ်ခွင့်ရှိလို့ ဝမ်းသာရပါတယ်

အမေ ဆိုတာ
မောပန်းတဲ့ စိတ်ဝိဉာဉ်တို့
ခိုဝင်နားပြီး အားဖြည့်ဖို့
အရိပ်တစ်ခုလို တန်ခိုးရှိတဲ့
လူတိုင်းရဲ့ သက်စောင့်ဂါထာ
ရင်ထဲမှာ ပဲ့တင်ထပ်လျက်ပါ...။

//ရွှန်းမီ
Written for Mothers Day Poem Collection 2010 December
link - Mothers Day Collection 2010

Sunday, January 11, 2009

My Hero

ကျွန်မရဲ ့ သူရဲကောင်း

ယုန်ကလေး တစ်ကောင် က ပြောတယ်..
ကျွန်မရဲ ့ မေမေဟာ သတ္တိအရှိဆုံးပါ တဲ့
သမင်လေး တစ်ကောင်က ပြောတယ်..
ကျွန်မရဲ့  မေမေဟာ အလျင်မြန်ဆုံး အသန်မာဆုံးပါ တဲ့ ...
ခြင်္သေ့လေး တစ်ကောင်က ပြောတယ်..
ကျွန်တော့်ရဲ့  မေမေဟာ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံးပါ တဲ့ ..
စာကလေး တစ်ကောင်က ပြောတယ်..
ကျွန်တော့်ရဲ့  မေမေကတော့ သီချင်းဆိုတာ အတော်ဆုံးပါ တဲ့ ..
မျောက်ညိုလေးကလည်း ပြောတယ်.. မေမေကသာ အချောဆုံး အလှဆုံးပဲ တဲ့ ..
လိပ်ပြာလေးကလည်း သူ့အမေဟာ အကြင်နာတတ်ဆုံး လို့ မှတ်ထားတယ် . . .
ပန်းသီးလေး တစ်လုံးကလည်း သူ့မိခင်အပင်ကသာ ဒီကမ္ဘာမှာ အရိပ်အကောင်းဆုံး ပေးနိုင်တယ် လို့ ယုံကြည်တယ် . . . .

ကလေးတိုင်းရဲ့  သဘာဝမှာ သူ့ မိဘကိုသာ ပိုယုံကြည်ကိုးစားတယ်။ အတော်ဆုံး အကောင်းဆုံး လို့ ထင်မှတ်တတ်ကြတယ်။ တွယ်တာကြတယ်။ အထင်ကြီးကြတယ်။
ဒီလိုပဲ။ ကျွန်မဘဝရဲ့  သူရဲကောင်း ဟာ ကျွန်မရဲ့ မိခင်ပဲ ဖြစ်ပါတယ်။
မေမေဟာ သူများတွေအတွက် ဘယ်လို အမြင်မျိုးနဲ့ ရှိနေနေ ကျွန်မအတွက်တော့ စံပြ လူသားတစ်ယောက် ဖြစ်နေမှာပါပဲ။
မောင်နှမသားချင်း များပြီး အကြီးဆုံးသမီးတစ်ယောက်ဖြစ်တဲ့ မေမေဟာ မိသားစုအရေးကို အရာရာထက် ပိုဦးစားပေးခဲ့ပါတယ်။ သူမ ကိုယ်စား ကျွန်မကို ထိန်းပေးရလို့ ငြူစူတတ်တဲ့ သူမရဲ့ ညီမငယ်တွေကြား ကျွန်မကြီးပြင်းခဲ့ရပေမယ့် အမေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သူ မဟုတ်ဘူး လို့ ဂုဏ်ယူမိခဲ့တယ်။ မချင့်မရဲ ဆရာ ခဏခဏ လုပ်တတ်တဲ့ လူတွေရဲ့  လေ ကိုလည်း သည်းခံတတ်အောင် သင်ကြားပေးတဲ့သူ ဖြစ်ပါတယ်။ အရာရာကို ရောင့်ရဲတတ် အကောင်းမြင်တတ်အောင်လည်း သင်ပေးခဲ့တယ်။ သူ့ဘဝသူ ကျေနပ်ပျော်ရွှင်အောင် နေတတ်သူလည်း ဖြစ်ပါတယ်။

ကျွန်မကို ကိုယ့်ဘဝကိုယ် ကျောင်းတတ်အောင် မိဘအပေါ် ၀န်ထုပ်ဝန်ပိုးပိစေတဲ့ သားသမီးမျိုး မဖြစ်ရအောင် အတတ်နိုင်ဆုံး ဆုံးမခဲ့တယ်။ သူတစ်ပါး အားကိုးတတ်တဲ့ ပျော့နွဲ့နွဲ့ သမီးမျိုး မဖြစ်စေချင်ခဲ့ဘူး။ ကျွန်မအသိစိတ်နဲ့ ကျွန်မ အိပ်အလုပ် ကျောင်းအလုပ် ပုံမှန်လုပ်နိုင်ရင် အမေက ဂုဏ်ယူနေတတ်တယ်။ သူကိုယ်တိုင်ကလည်း သူ့အလုပ် သူ့မိသားစုကို ဦးဆောင်တဲ့သူ ဖြစ်နေချင်တဲ့ မာန်ရှိတယ်။ မေမေရဲ့ ပြင်းထန်တဲ့ စိတ်အင်အားက ကျွန်မကို အများကြီး လွှမ်းမိုးပါတယ်။
တကယ်တော့ ကျွန်မ ဒီနေရာမှာ စာတွေရေးနေနိုင်တာ ကအစ ကျွန်မရဲ့ ဖြစ်တည်မှု အကုန်လုံးဟာ မိခင်ရဲ့ ရဲရင့်ပြတ်သားမှုကျေးဇူး အများကြီး ပါ၀င်ပါတယ်။ လူဖြစ်အောင် မွေးမပေးခဲ့ရင် အခက်အခဲတွေ ဖြတ်ကျော်ရင်ဆိုင်ရဲတဲ့ သတ္တိတွေ သွင်းမပေးခဲ့ရင် ကျွန်မဟာ အခုစာရေးနေတဲ့ ကျွန်မ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေ အခက်အခဲတွေပဲ ကြုံခဲ့ကြံုခဲ့ မေမေဟာ သူ့စိတ်စွမ်းအားနဲ့ ကျွန်မကို အကောင်းဘက်ရောက်အောင် တွန်းပို့ပေးခဲ့တယ် လို့ ခံယူပါတယ်။

အကြောင်းတိုက်ဆိုင်လာတိုင်း ဆုံးမစကားတွေ ကြားယောင်မိတိုင်း ဒီနေရာမှာ အမေက ဘယ်လိုမြင်တယ်.. ဘယ်လိုဖြစ်စေချင်တယ် ဘယ်လို အကြံပေးခဲ့တယ် ဆိုတာကို ဆင်ခြင်မိ ကျေးဇူးတင်မိပါတယ်။ သားသမီး ဆိုတာ မိဘနေရာကို ရောက်ချင်မှ ရောက်မှာ ဖြစ်ပေမယ့် မိဘတိုင်းဟာ တစ်ချိန်က သားသမီး ဖြစ်ခဲ့တာမို့ မျှဝေစရာ ပေးစရာ အများကြီးကို ခံယူခွင့်ရတာ ကောင်းခြင်းတစ်ပါးပါပဲ။  တစ်နေ့မှာ ကိုယ်တိုင် အမေတစ်ယောက် ဖြစ်လာခဲ့ရင်လည်း ကိုယ့်သားသမီးအတွက် ကံကောင်းခြင်းတွေ ခိုင်မာမှုတွေ ပေးနိုင်တဲ့ အမေတစ်ယောက်ဖြစ်မှ ကိုယ့်မိဘရဲ့ မေတ္တာကို ဆက်လက်စီးဆင်းစေမှ သားသမီးကောင်း ဖြစ်နိုင်မယ်လို့ တွေးမိပါတယ်။ မိဘမောင်နှမတွေ အတွက်ရော ကျွန်မနဲ့ ဖေဖေအတွက်ပါ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်တတ်တဲ့ မိခင်တစ်ယောက် ရှိနေတဲ့ အတွက် ကျွန်မရဲ့ ဘဝမှာ သိပ်စွမ်းအားကြီးတဲ့ သူရဲကောင်းတစ်ယောက် ရှိနေတယ် လို့ အမြဲခံစားရပါတယ်။ ဘဝဟာ ပြည့်စုံတယ် လို့ ခံစားရတယ်။ ဂုဏ်ယူမိပါတယ်။
//ရွှန်းမီ---

အပေါ်ဆုံးမှာ ရေးတဲ့စာကြောင်းတွေက ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ရွှေသွေးစာစောင်ထဲကပါ။ ပုံပြင်အစအဆုံးရော ရေးတဲ့သူကိုရော သိပ်ကြာပြီမို့ မမှတ်မိတော့ဘူး။
အမေနေ့ အမှတ်တရ စာရေးဖို့ လာအားပေးတဲ့ ယောဆရာတော်ကို ကျေးဇူးတင်ပါတယ်။