• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

ချစ်သည် … သို့သော် …

၁။

မင်းဟာမင်းလျှောက် … ငါ့လက်ကို မတွဲနဲ့ …

အဖေရယ် … ရက်စက်လိုက်ရန်ကောလို့ … မတွေးဖြစ်ခဲ့ပါဘူး။ အဲအချိန်တုန်းက ကျွန်တော့်အသက်က သုံးနှစ်။ လမ်းသွားရင် လူကြီးကို လက်တွဲရမယ်လို့ သင်ပေးထားတဲ့အတိုင်း အဖေ့လက်ကို အတင်းတွဲမိတော့ အဖေက အဲလိုပြောတယ်။

တစ်ခါတလေများ လမ်းသွားလို့ သက်တူရွယ်တူကလေးတွေကို သူတို့ရဲ့ အဖေတွေက ချီပိုးထားရင် ကျွန်တော်က တိတ်တိတ်ကလေး ခိုးရယ်မိတတ်တယ်။ ဒီကလေးနှယ် … ကိုယ့်ဟာကိုယ်လည်း လမ်းလျှောက်လို့ရသားနဲ့ အဖေ့ကို သပ်သပ်မဲ့ ဒုက္ခပေးရသလားဆိုတဲ့ အတွေးမျိုးနဲ့လည်း ကြည့်တတ်သေးတယ်။

နောက်ပိုင်းမှာ ကျွန်တော်ဟာ လမ်းလျှောက်ထွက်ရင် အဖေ့ကိုမှ မဟုတ်တော့ဘူး ဘယ်သူ့လက်ကိုမှ မဆွဲတော့ဘူး။ အမေနဲ့ သွားရင် အမေက စိတ်မချလို့ လက်ကိုဆွဲပေမယ့်လည်း သားဟာသား လျှောက်မယ်လို့ ရင်ကလေး ကော့ပြီး ပြောတတ်လာတယ်။

ဖိုးဖိုးက ကျွန်တော့်ကို ကြည့်ပြီး သဘောကျနေလေရဲ့ …

သား … ကားတွေက အရမ်းအရမ်းမောင်းကြတာဆိုတော့ မျက်စေ့လျင်လျင်ထားနော် … ဟိုငေးဒီငေးမလုပ်နဲ့ … သိလား … တဲ့ … ဟုတ်ကဲ့ ဖိုးဖိုး … ကျွန်တော့်မျက်လုံးတွေဟာ သိမ်းငှက်တစ်ကောင်လို ထက်မြက်စေရပါမယ်လို့ ရင်ထဲမှာ ရေရွတ်မိလိုက်တယ် … ကျွန်တော် ကြီးပြင်းလာခဲ့ပြီလေ …

၂။

ကျွန်တော့်ကျောင်းစတက်တဲ့နေ့မှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် … ကျောင်းခန်းထဲကို ၀င်တော့ အမေက ကျွန်တော့်လက်ကို တွဲတယ် … အဖေက ကျွန်တော့်ပုခုံးကို လက်တင်ပြီး ဖွဖွလေး ပုတ်တယ်။

ဟေ့ကောင် … မင်း စာကြိုးစားနော် … ဒါမှ တနေ့ ပညာတတ်ကြီးဖြစ်မှာကွ …

အဖေက အဲလိုပြောတော့ ကျွန်တော်က အဖေ့ကို နားမလည်သလို ပြန်မေးမိတယ်။ ပညာတတ်ကြီးဖြစ်တော့ ဘာဖြစ်လဲ အဖေ။ မင်းငါ့လို မပင်ပန်းဘူးပေါ့ကွာတဲ့။ အဖေ ပင်ပန်းနေလား အဖေ။ သား ကြီးလာရင် အဖေ့ကို မပင်ပန်းစေရဘူးလို့ ကတိတွေတိုးတိုးတိတ်တိတ် ကျိတ်ပေးခဲ့မိတယ်။ (ခုထိတော့ ကတိမတည်နိုင်သေးဘူး ဖေဖေ)

ညီမရဲ့ သားက သူ့ကိုစလွန်းတော့ မခံနိုင်လို့ထင်ပါရဲ့ … သစ်သားပေတံစောင်းနဲ့ မျက်နှာကို ဖြတ်ခုတ်ထည့်လိုက်တာ ဟိုကလေးခမြာ ခေါင်းကွဲသွားရှာတယ် …

ဆရာမကြီးရယ် … သားအတွက် ကျွန်မတောင်းပန်ပါတယ် …

မေမေ … သားတမင်လုပ်လိုက်တာပါ … မင်း အဖေက ကုလားမကြီးနဲ့ လျှောက်သွားနေတာ ပြောလို့ပါ။ ဖေဖေက မေမေ့ကို သိပ်ချစ်တာ သားသိတာပေါ့။ သူတို့က မဟုတ်တာပြောတာကိုး။ သားလည်း ငြိမ်ခံနေပါသေးတယ်။ မခံနိုင်တဲ့အဆုံး သားကို နောက်မစရဲအောင် တမင်လုပ်လိုက်တာပါ … မေမေ မတောင်းပန်ပါနဲ့ … မေမေလုပ်တာ မဟုတ်ပါဘူး …

ဆရာမ … ကျွန်တော့်ကို သူနောက်ထပ်မစဘူးဆိုရင် ကျွန်တော်လည်း ဘယ်တော့မှ အခုလို မလုပ်ပါဘူး …

ဒီလိုပြဿနာမျိုးမှာ ဖေဖေက ကျွန်တော့်ကို …

အေး … နောက်လည်း မင်းမှန်ရင် ခံမလာနဲ့ … ဘာဖြစ်ဖြစ် ငါလိုက်ရှင်းပေးမယ်တဲ့ …

အဲတုန်းက အဖေ့ရဲ့ မျက်နှာဟာ တိုက်ပွဲတွေကို စိန်ခေါ်နေတဲ့ အောင်နိုင်သူ စစ်သူကြီးတစ်ယောက်လို …

အခုတော့လည်း အဖေရယ် သားဟာ အောင်မြင်မှုဆိုတာကို ခံယူတတ်ဖို့ အောင်မြင်သူအဖြစ် ခံယူနိုင်ဖို့ … အရှူံးတွေကို ခပ်ပြုံးပြုံးကလေးနဲ့ ကြည့်နေတတ်ပြီ။ ဒီတစ်ကြိမ် အရှူံးဟာ အောင်မြင်မှုရဲ့ လှေကားတစ်ထစ်ပေါ့ ဖေဖေ … ဖေဖေ့တုန်းကလည်း ဒီလိုပဲ နင်းတက်ခဲ့ဖူးတယ်လေ … ။

၃။

မင်းသောက်ချင်တာ မင်းဟာမင်းမှာနော် …

လက်ဖက်ရည် ကျစိမ့်တစ်ခွက် ပေးပါ …

အဖေ့ကို အတုခိုးပြီး ကျွန်တော် ကျစိမ့်သောက်တတ်လာတယ် … ။ ငါ့သားကလေး ဘာစားမလဲဆိုပြီး ပြာပြာသလဲမေးပြီး ဟိုဟာစားပါလား ဒီဟာစားပါလားဆိုတဲ့ လူကြီးတွေကို ကျွန်တော် နားမလည်သလို ကြည့်တတ်လာတယ်။ လူတိုင်းဟာ သူ့အကြိုက်နဲ့သူဆိုတာကို အဲလူကြီးတွေ ဘာလို့ နားမလည်ကြပါလိမ့်။ စကားလုံး ခပ်ကြီးကြီး ငှားသုံးရရင်တော့ လူ့အခွင့်အရေးကို ကလေးဘ၀ကတည်းက ဘာလို့ မရကြပါလိမ့်။

ဖေဖေ ဆေးလိပ်မသောက်ပါနဲ့ … သားအနံ့မခံနိုင်လို့ပါ … လို့များ ကျွန်တော်ပြောခဲ့ဖူးမယ် ထင်သလား … ကျွန်တော်မကြိုက်တာကို ဖေဖေလုပ်ချင်လုပ်မယ် … ကျွန်တော် မပြောဘူး … မကြိုက်ရင် ဘေးထွက်ထိုင်နေလိုက်တယ်။ ဖေဖေဘာလို့ ကြိုက်တာပါလိမ့်ဆိုတဲ့ အဖြေကို ကျွန်တော် ကိုယ်တိုင် သိခဲ့ပြီ။ ကောင်းခြင်း မကောင်းခြင်းကို စဉ်းစား နားလည်တတ်ခဲ့ပြီ။ ဒီအချိန်မှာဆိုရင်တော့ ဖေဖေကော ကျွန်တော်ပါ … စွန့်လွှတ်လိုက်ကြပါစို့လို့များ ပြောမိမလားပဲ။

ဒီလိုနဲ့ လူပျိုပေါက်အရွယ်မှာ ဖေဖေနဲ့ ကျွန်တော့်အကြား ပြဿနာတွေများလာခဲ့တယ်။

၎။

မင်း အင်ဂျင်နီယာဖြစ်အောင်လုပ်ကွ … ငါမဖြစ်ခဲ့သမျှကို ငါ့သားလုပ်နိုင်ရမှာပေါ့ကွာ …

သား အနုပညာသမားဖြစ်ချင်တယ် ဖေဖေ …

ဒီလိုနဲ့ … ဒီလိုနဲ့ … ၀တ္ထုတစ်ပုဒ်စာ ရှည်လျားတဲ့ ပြဿနာပေါင်းများစွာကြားမှာ … ကျွန်တော် ခက်ထန်ရိုင်းစိုင်းခဲ့တယ် … ဖေ့ဖေ့ကို ကျွန်တော် ရိုင်းပြခဲ့တယ် … ဖေ့ဖေ့လက်သီးတစ်ချက်ကို ဘ၀တစ်သက်စာအတွက် ကျွန်တော်ရခဲ့ဖူးတယ် …

ဖေဖေရယ် … တကယ်ဆို အချိန်ကာလတစ်ခုကို ကျော်လွန်သွားရင် ကျွန်တော်ဟာလည်း အဖေတစ်ယောက် … ဖြစ်လာရတော့မှာ … ကျွန်တော်လေ … မေ့နေခဲ့လိုက်တာ …

ဒီနေ့ဆို ဖေဖေမျှော်မှန်းခဲ့တဲ့ သားတစ်ယောက် ဘ၀ဆိုတဲ့ လမ်းကြမ်းကြမ်းကို လဲလိုက်ပြန်ထလိုက် နည်းစနစ်နဲ့ လျှောက်နေပြီ ဖေဖေ …

သား ကြံခိုင်မှုတွေ လျော့ချင်လျော့နေလိမ့်မယ် … စိတ်ဓာတ်တွေက ကျကောင်းကျနေလိမ့်မယ် … အဲလိုအချိန်တွေဆိုရင်လေ … မင်းလုပ်တတ်ပါတယ် … မင်းလုပ်နိုင်ပါတယ်လို့ … ဖေဖေပြောလာမှာကို သိပ်မျှော်လင့်တာပဲ … အားပေးစကားချင်းအတူတူ ဖေဖေပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကျွန်တော့်အတွက်တော့ ခွင့်လွှတ်ခြင်း … နားလည်ခြင်း … ဖေးမခြင်း … စတဲ့ စတဲ့ အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်လို့နေတာကို ကျွန်တော်နဲ့ ဖေဖေပဲ နားလည်ကြမယ်နော် …

ကျွန်တော် မှားခဲ့ဖူးသမျှ အမှားတွေအားလုံးကို ကျွန်တော့်ရင်ထဲမှာ ချေဖျက်ချလိုက်ပြီ …

အခုအချိန်မှာ ကျွန်တော့်ကို ခေါင်းပွတ်ပြီး မင်းကလည်းကွာ ယောက်ျားပဲဆိုပြီး ပြောဦးမယ့် ဖေ့ဖေ့ကို …

အဝေးတစ်နေရာကပဲ ကန်တော့လိုက်ရပါတော့တယ် … ။

Read More 2 comments | | Image edit post

ကဗျာ

အဲဒီကောင်က ရေးရတာခက်တယ်
အဲတော့လည်း လူတကာက လွယ်လွယ်ကူကူ ချရေးလိုက်ကြပေါ့
သူကလည်း ကဗျာ ငါကလည်းကဗျာ
အိုရွှေရောင်ကဗျာရယ်လို့
ဆရာဇော်ဂျီလို ရွတ်မိခဲ့ဖူးတယ်

လေးလုံးပဲစပ်စပ် မကျည်းရွက်ကိုပဲထပ်ထပ်
ဘီလူးပဲရယ်ရယ် တေးပဲထပ်ထပ်
ဘောပဲလည်လည် လွမ်းပဲချင်းချင်း
ကြေးကြိုးသရေလေလက်ခုပ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့
လေပူဖောင်းတွေလို
ဟောဒီလောကကို အလှဆင်ဖို့ဆိုပြီး
ကဗျာတွေ ထွက်ကျလာတယ်

တစ်ခုတော့ ပြောခဲ့ပါ့မယ်
ဟောဒီလောကမှာ
ကဗျာတွေပေါတယ် ...
ကဗျာဆရာကတော့ ရှားတယ်။

ကိုဖြိုး
Read More 0 comments | | Image edit post

တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်

တစ်လှေလုံးလည်း ငါခုံးမတွေချည်းပါလား

ကိုဖြိုးရေ မင်းကောဘယ်လိုနေလည်း

ပြုံးပြနှုတ်ဆက်
အဲဒီလက်တွေကို လိုက်ဖြတ်ကြပါစို့

မိုးလှိုင်ညရေ ..

ကဗျာရေးမိတာ တစ်ခုနဲ့

ငါ့တိုက အပြစ်ကြီးကြီးတွေကျူးလွန်မိသလို

ပြောကြဆိုကြတဲ့ လူတွေကလည်း မနည်းမနောပေါ့
ဟားတိုက်မိပြန်တော့လည်း ငါတို့ပဲ ထပ်မှားကြဦးမယ်

မိုးလှိုင်ညဆိုတဲ့ကောင်လေးတစ်ယောက်

ကဗျာဆရာဖြစ်ခဲ့ရတာကလည်း ခင်ဗျားတို့ကြောင့်ပါပဲ

ခင်ဗျားတို့ အနေအထိုင်မတတ်မှုကြောင့်

သူဟာ လောကကြီးကို စတင်ဖတ်ကြားခဲ့တယ်

ကိုယ့်ကိုယ်မပြုံးတတ်အောင် လေ့ကျင်ထားရတယ်ကိုဖြိုးရေ

ရိုးသားတယ်ဆိုတာ နွားကျမှုတစ်မျိုးလို့

ဟားတိုက်နေတဲ့ လူတွေကြားမှာ

ငါတို့တွေ ခဏခဏနွားကျခံနေရပေါ့ မိုးလှိုင်ည

အဲဒီပုခုံးနဲ့ပဲ ငါ ခေတ်ကာလကို တင်းရုန်းချင်ခဲ့တာ ကိုဖြိုး

နောက်ဆုံးတော့လည်း ပုခုံးလဲပြဲ

ငါတို့တွေလည်း ဗုန်းဗုန်းလဲကျ

မိုးလှိုင်ညနဲ့ကိုဖြိုးဆိုတဲ့

လူ့မရိုးမသားနှစ်ကောင့်အသုဘကို

ဘယ်သူတွေလိုက်ခဲ့ကြမှာတုန်း

ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ပါတယ်

ကိုယ့်နဖူးကိုယ် သိုက်တူးရဲခဲ့ပါတယ်

ရာစုနှစ်ကို ရိုက်စစ်လိုက်တော့
မဖြစ်ညစ်ကျယ်တွေက သိပ်ကိုများလွန်းနေတယ်

မဖြစ်ညစ်ကျယ်တွေထဲကမှ

အဖြစ်ရှိအောင်မှောင်ခဲ့ဖူးတယ်

ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် ရောင်ခဲ့ဖူးတယ်

အဲဒီလိုနဲ့ပဲ

မှောင်လိုက် ရောင်လိုက်နဲ့

အဲဒီလူတွေကို ငါတို့ မပစ်ရက်နိုင်ခဲ့ပြန်ဘူး

ချစ်တတ်ခဲ့လွန်းတော့

အသားမှဆေးမှင်ထိုးသလို

အရိုးကိုပန်းပုထုသလို

စုဆောင်းခဲ့မိတဲ့ အနုပညာနဲ့ ဘ၀က

နာနာကျင်ကျင်လှတယ်

ငါတို့ရဲ့ အသေခံပြဇာတ်ကြီးလည်း

ကန့်လန့်ကာချသင့်ပေါ့

နောက်ဆုံးတော့

ဒဏ်ရာတွေကျန်ခဲ့တဲ့

ခံတပ်ဟောင်းတစ်ခုလို

တိတ်ဆိတ်အေးစက်လို့

ငါတို့ဟာ ကိုယ့်ဈာပနကိုယ်တော့

သရဏဂုံတင်ပေးနိုင်ခဲ့တယ်

ကိုဖြိုး/မိုးလှိုင်ည

Read More 1 Comment | | Image edit post

သေချင်းဇိုးရောဂါ

ဘယ်ကလာပြီး ၉၆ ပါးရမှာတုန်း
လူ့ကမ္ဘာလူ့လောကက သိပ်အကုသိုလ်များကြတယ်
အသစ်အသစ်တိုးလာတဲ့ အကုသိုလ်ဆိုးတွေကို
ဒဏ်ခတ်ဖို့ လှံချက်ကြမ်းကြမ်းတွေ ပစ်ခတ်ပစ်လိုက်တယ်

နာမည်ကျော်ရောဂါဆိုးတစ်ခုနဲ့ပဲ
လူတွေ ကျဆုံးသွားခဲ့ရတယ်
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်
သူများမကောင်းများများပြော
ကိုယ်ကောင်းကြောင်းများများပြော
မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးတဲ့ဗျာ

သောက်ရှက်ကနည်းကြတယ်
မျက်ခွက်ဆိုးတွေကို မျက်နှာဖုံးတပ်ပေးဖို့
ဗိုင်းရပ်စ်ပိုးတွေ ပြေးလာပြီ

ကိုဖြိုး
Read More 1 Comment | | Image edit post

ကွန်တော်နှင့် ကင်မရာမျက်လုံး၏ တစ်ညတာ

ဒီတစ်ည ဘယ်လိုကုန်သွားတယ်ဆိုတာ ကျွန်တော် မသိလိုက်ဘူး။
အကြိမ်ကြိမ် ဖြုတ်လိုက်တပ်လိုက် လုပ်နေရင်းကပဲ စက္ကန့်တွေ မိနစ်တွေ ကုန်ဆုံးသွားခဲ့တယ်။
ဇင်ကိုလတ်ရဲ့ ကျွန်တော်လွတ်ကျခဲ့တဲ့ ကင်မရာမျက်လုံးကြီးနဲ့ လုံးလည်ချာလည်လိုက်ရင်း အဆုံးမတော့ ထွင်သူက ထွင်နိုင်ရင် ပြင်သူကလည်း ပြင်နိုင်ရမယ်ဆိုတဲ့ ကျွန်တော့်ခံယူချက်အတိုင်း အောင်မြင်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ တစ်ညတာကို စိုးမိုးသွားသူကတော့ ....
Imageဒီငတိပေါ့ဗျာ ...
Focus ချိန်လိုက်တိုင်း အန်အန်ချလာတဲ့ မှန်ဘီလူးကြီးကို စွဲစွဲမြဲမြဲနဲ့ လည်လည်ဝယ်ဝယ်ရှိစေဖို့ ကြိုးပမ်းအားထုတ်လိုက်ရတဲ့ အမှတ်တရလေးပေါ့။
လူတစ်ယောက်ရဲ့ အမြင်အာရုံလို ဖော်ပြပေးနိုင်တဲ့ 50 mm လန်းစ်လေးကို ဒီလိုစခွာပါတယ် နွှာပါတယ်။
အရင်ဆုံး နံပါတ် ၆ နဲ့ ၇ ကို ဖြုတ်လိုက်ပါတယ်။
ပြီးတော့ နံပါတ် ၅ ကို ကလော်ထုတ်ပါတယ်။ သူက နှစ်ဖက်တိပ်နဲ့ ကပ်ထားတာပါ။ သူ့ကိုဖြုတ်တဲ့နေရာမှာ Camera Mount နဲ့ ဝေးတဲ့ဘက်ကို မြှောက်ဖြုတ်ရပါတယ်။ AF/MF Switch အထိန်းကျိုးမှာစိုးလို့ပါ။
နောက် အဲအောက်ခြေမှာရှိတဲ့ ၀က်အူတစ်လုံးကို ဖြုတ်ပါတယ်။ အဲဝက်အူအောက်က ကလစ်ကလေးကို ကလော်ထုတ်ပါတယ်။
ပြီးသွားရင် အသာအယာဆွဲထုတ်ပါတယ်။ မှန်ဘီလူးရဲ့ ဆားကစ် နဲ့ Camera Mount ဆားကစ်ကို ဆက်ထားတဲ့ ကြိုးပြားပါးပါးလေး ပြတ်သွားမှာစိုးလို့ပါ။
ပြီးတဲ့အခါ နံပါတ် ၃ ဖြစ်တဲ့ Lens Mount Cap ကို ကလစ်တွေ ကလော်ပြီး ဖြေးဖြေးချင်းဖြုတ်ပါတယ်။ ကလစ်တွေကျိုးကုန်ရင် ရင်ပါကျိုးရမှာပါ။ Camera Mount ဆားကစ်အထိုင်မှာ ၀က်အူ ၂ လုံးပါပါတယ်။ အဲဒါလေးကို ဖြုတ်ပြီး ဖြေးဖြေးချင်းဆွဲထုတ်လိုက်ရင် နံပါတ် ၁ နဲ့ ၂ ဟာ အလိုလို ကွာသွားမှာဖြစ်ပါတယ်။
အခုဖြစ်စဉ်မှာ အဓိကအကျဆုံး ပြဿနာကောင်က နံပါတ် ၄ ဖြစ်ပါတယ်။ အဲဒီ သံကွင်းလေး ၂ ကွင်းကွာသွားတဲ့အတွက် လန်းစ်ဟာ လန်းစ်အိမ်ထဲကနေ ခုန်ခုန်ထွက်နေတာဖြစ်ပါတယ်။
အဲဒီသံကွင်းလေး နှစ်ကွင်းကို သူ့ရဲ့ လမ်းကြောင်းမှန်အောင် စူပါဂလူးလို့ခေါ်တဲ့ ဆင်ကော်နဲ့ သေချာစွာကပ်ပေးပါတယ်။ ကော်ခြောက်ပြီး မြဲသွားတဲ့အခါ သံကွင်းရဲ့ အတွင်းအပြင် နှစ်နေရာစလုံးကို ကော်ပတ်စားပေးရပါတယ်။ ကော်ပတ်မစားရင် ကော်တွေထစ်နေတဲ့အတွက် လန်းစ်က လည်မှာ မဟုတ်ပါဘူး။
သံကွင်းလေးတွေ စွဲသွားမြဲသွားတဲ့အခါမှာ သူ့လမ်းကြောင်းအတိုင်း နံပါတ် ၁ လန်းစ်အိမ်ထဲမှာ အထိုင်ပြန်ချပေးရပါတယ်။ ကလစ်ကလေး မြဲသွားပြီဆိုရင် အဆင်ပြေပြီပေါ့။ ပြီးတဲ့အခါမှာ ဖြုတ်ခဲ့တုန်းက အဆင့်တွေအတိုင်း ပြောင်းပြန်ပြန်တပ်ပေးရပါတယ်။
ဒီနေရာမှာ တစ်ခုသတိပြုရမှာက AF/MF Switch ပါပဲ။ နံပါတ် ၂ က ခလုတ်နဲ့ ကိုက်ညီမှုရှိရပါမယ်။
အထိုင်အားလုံးချပြီးလို့ နံပါတ် ၅ ခလုတ်အိမ်အောက်က ၀က်အူလေးကို ပြန်တပ်မယ်ဆိုရင်လည်း အတွင်းက ပင်နယံတွေရဲ့ အထိုင်အတိုင်း သေချာချိန်ပေးရဦးမှာပါ။ အားလုံးတပ်ပြီးသွားပြီဆိုရင် လန်းစ်ရဲ့ မှန်သားတွေကို အ၀တ်စနဲ့ သေချာပွတ်ပြီး စမ်းရိုက်ကြည့်လို့ရပါပြီ။
စမ်းရိုက်ကြည့်တဲ့အခါမှာ လွတ်ကျထားတဲ့ အရှိန်ကြောင့် မော်တာ ကစားတဲ့အသံ အနည်းငယ်ကြမ်းတာ၊ AF/MF ခလုတ်အရွှေ့အပြောင်းအနည်းငယ် ကြပ်နေတာ ဒီနှစ်ခုကလွဲရင် အကုန်အဆင်ပြေပါတယ်။ Auto Focus (AF) နဲ့ပဲရိုက်ရိုက်၊ Manual Focus (MF) နဲ့ပဲရိုက်ရိုက် ဂျီးဂျီးဂျီးအော်ပြီးတော့ ပုံတွေကို ဖမ်းယူတော့တာပါပဲ။ ရိုက်လိုက်သမျှပုံတွေမှာလည်း ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ်။
ကင်မရာရဲ့ မျက်လုံးတွေအားလုံးဟာ တည်ဆောက်ပုံ ခပ်ဆင်ဆင်တွေချည်းပါပဲ။ ဒါကြောင့် နောင်မိမိရဲ့ လန်းစ်များတစ်ခုခုဖြစ်ခဲ့ပြီဆိုရင် ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။
စိတ်ရှည်ရမယ်။ ညှင်သာမှုရှိရမယ်။ လောမကြီးဘဲ ဖြည်းဖြည်းချင်း ဖြုတ်လိုက်တပ်လိုက်လုပ်သွားမယ် ... ပြဿနာဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိမယ်ဆိုရင် အကောင်းအတိုင်းပြန်ရမှာပါ။
ကျွန်တော်ကတော့ ၀ရန်တီလည်း မရှိ။ ဆားဗစ်စင်တာလည်း ပြန်ပို့လို့မရတာမို့ ကိုယ့်ဟာကိုယ်ပြင်လိုက်ရတာပါ။ အကယ်၍ မိတ်ဆွေတို့မှာ ဆားဗစ်စင်တာပို့ပြီး ပြင်ဆင်နိုင်သေးရင်တော့ မစွန့်စားစေချင်ပါဘူး။ အန္တရာယ်များလို့ပါ။ လန်းစ်တွေကလည်း သိတဲ့အတိုင်းပဲလေ ... ဈေးက သေးတာမှမဟုတ်တာ။
ဒီပို့စ်အတွက် ကျွန်တော့်ကို လွှင့်ပစ်ခါနီး လန်းစ်ကြီးလက်ဆောင်ပေးပြီး လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့တဲ့ ကိုဇင်ကိုလတ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ကိုဖြိုး
Read More 0 comments | | Image edit post
Older Posts

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ▼ 2009 (29)
      • ▼ October (1)
        • ချစ်သည် … သို့သော် …
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ► March (6)
      • ► February (2)
      • ► January (1)
    • ► 2008 (45)
      • ► December (7)
      • ► November (10)
      • ► October (16)
      • ► September (12)

    Followers

    My Blog List

    • Image
      ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      - (အကျဉ်းချုပ်ရေးရန် အတွက်) ဟဲလို ... အားလုံးပဲ မင်္ဂလာပါဗျ။ (ကျန်တာ ဒီနေရာမှာ ရေးတော့ဗျာ...)
      5 months ago
    • Image
      အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      8 years ago
    • Image
      My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • Image
      MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • Image
      ခင်မင်းဇော်
      Image
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Image
      Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • Image
      NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • Image
      Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Image
      Nine Nine SaNay
      -
    • Image
      Moon Thet Pan
      -
    • Image
      မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search



  • Image


    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top
    Advertisement