ကြာပီ

[Tuesday, September 2, 2008]

Consumer Rights in UK

7 comments

Image
ပြီးခဲ့တဲ့လက ကျွန်မ ကဂျီကဂျောင်များနေလို့ သားဖေဖေက တီဗွီအသေးကနေ အကြီး လဲပေးခဲ့ပါတယ်။ အသေးကို အသိတစ်ယောက်က ၀ယ်သွားပြီး အကြီးကိုတော့ ကျွန်မ အနှစ်နှစ် အလလ ရှာဖွေ စာရင်းပြုစုထားတဲ့ အွန်လိုင်းကနေပဲ ဈေးအသက်သာဆုံးနဲ့ စိတ်အချဆုံး ဖြစ်မယ်ထင်တဲ့ Dixons Online ကနေ ၀ယ်ခဲ့ပါတယ်။ Dixons ဆိုတာ PC World တို့ Currys တို့နဲ့ ကုမ္ပဏီ တစ်ခုထဲပါပဲ။

အွန်လိုင်းကနေ၀ယ်တာဆိုတော့ သားဖေဖေက သူလုပ်နေကြအတိုင်း နောက်ဆုံး ပိုက်ဆံပေးတဲ့ စာမျက်နှာနဲ့ ကွန်ဖန်မေးရှင်းစာမျက်နှာ စတာတွေကို ပရင့်ထုတ်ထားပါတယ်။ ဈေးက အပြင်ကထက်စာရင် အတော်သက်သာနေတာမို့ ၂၈ရက် စောင့်ရမယ်ဆိုသော်လည်းပဲ ကျိတ်မှိတ်ပြီး ၀ယ်လိုက်ပါတယ်။

ပြဿနာက စပါပြီ။ ၂၈ရက်လည်း ရောက်မလာ။ အီးမေးလ်ပို့လည်း စောင့်ပါအုန်းနဲ့။ ၃၀ရက်ရောက်တော့ customer service ကို ဖုန်းဆက်ပါတယ်။ (သိတဲ့အတိုင်း ဒီက customer service ရဲ့ ဖုန်းနံပါတ်တွေ တော်တော်များများက ပိုက်ပိုက်ပေးရပါတယ်။) သူတို့က အရောင်းဌာနကို လွှဲပေးပါတယ်။ အရောင်းဌာနကနေ ပစ္စည်းတွေ အိမ်လိုက်ပို့တဲ့ဌာနကို လွှဲပေးပြန်ပါတယ်။ အဲလို အဆင့်ဆင့် လွှဲပေးပြီးတဲ့နောက်မှာ အဖြေက ပစ္စည်းလက်ကျန်မရှိလို့ စက်ရုံကနေ မှာထားဆဲပါတဲ့။ အဲဒါနဲ့ ဒါဆိုရင် နင်တို့ ဘာလို့ ပိုက်ဆံပေးကတည်းက ပစ္စည်း မရှိဘူးဆိုတာ သေချာမရေးထားတာလဲ။ ငါတို့ဆီက ပိုက်ဆံကြတော့ တစ်လလုံးလုံး ယူထားပြီးတော့ စသဖြင့် တတ်သမျှ မှတ်သမျှ နဲ့ ရန်တွေ့ကြည့်တော့လည်း ဆောရီးပါဆိုတာကလွဲလို့ ဘာမှ ပြန်မလာပါဘူး။ နောက်တစ်ခုက ကျွန်မက အားနေတဲ့ လူဆိုတော့ နေ့တိုင်း Dixons မှာ ဈေးနှုန်းအတက် အကျကို သွားသွားကြည့်နေတော့ တီဗွီဈေးက ပေါင် ၂၀လောက် ကျသွားတာတွေ့ပါတယ်။ အဲဒါနဲ့ ဖုန်းထပ်ဆက်ပြန်တော့ အရောင်းသမားနဲ့ တွေ့ရပြန်ပါတယ်။ တီဗွီက မင်းတို့ ရောင်းတာ ပေါင် ၂၀ တောင် ဈေးကျသွားပြီ။ ငါ့တီဗွီတော့ မရသေးဘူး။ မင်းတို့ ပစ္စည်းလက်ကျန်မရှိဘူးဆိုရင် ဘာလို့ရောင်းနေတာလဲ။ ငါ့ကို ပေါင် ၂၀တော့ ပြန်အမ်းသင့်ပါတယ် လို့ ဆိုတော့ ခင်ဗျားစဉ်းစားကြည့်ပါ... ခင်ဗျားသာဈေးရောင်းရင် အရင်ဈေးတင်ပြီး ရောင်းတဲ့ ပစ္စည်းကို အခု ဈေးကျသွားလို့ ပိုက်ဆံ ပြန်အမ်းမလားတဲ့။ အဲဒါနဲ့ ငါ့ပစ္စည်းက မရောက်သေးဘူးလေလို့ မင်းတို့လက်ထဲမှာပဲ ဈေးကျသွားတာကို စသည်ဖြင့် ပြောပါသော်လည်း အရောင်းသမားကုလားက စကားပြော မောက်မာလာတာနဲ့ ဟုတ်ပြီ။ ငါမင်း အသံကို သွင်းထားတယ်။ (တကယ်တော့ မသွင်းထားပါဘူး)မင်းနာမယ်လည်း မှတ်ထားတယ်။ consumer rights ကို တိုင်မယ် ဆိုတော့မှ ကုလားက ရှုးရှုးရှဲရှဲ ဖြစ်သွားပြီး ဖုန်းချသွားပါတယ်။ အဲဒါနဲ့ Consumer Rights Web Site ကို ရှာပြီးတော့ ပုံစံတွေ ဘာတွေ ဖြည့်ပါတယ်။ ကိုယ့်မှာရှိတဲ့ အထောက်အထားနဲ့ အီးမေးလ်ကော စာတိုက်ကနေကော ပို့လိုက်တာ နောက်တစ်ရက်မှာ ဖုန်းဆက်လာပါတယ်။ ပိုက်ဆံ ၂၀ လည်း ပြန်အမ်းပါမယ်။ ပစ္စည်းလည်း အမြန်ဆုံးပို့လိုက်ပါမယ် စတဲ့ အော်ဖာ တွေ လာပါတော့တယ်။

ပြောချင်တာက ဒီမှာ ဈေးဝယ်မယ်ဆိုရင် လက်ခံစာရွက်တွေကို သိမ်းထားပါ။ အကျိုးမယုတ်ပါဘူး။ ပစ္စည်းနဲ့ ပတ်သတ်လို့ ကိုယ့်ဘက်က နစ်နာနေတယ် ထင်ရင် Consumer Rights မှာ ရှာပါ။ (ကိုယ့်ဖက်က ခိုင်လုံတဲ့ အထောက်အထားတော့ ရှိရပါမယ်။) ဘီလ်တွေကို ဖုန်းနဲ့ အွန်လိုင်းတွေက ပေးမယ်ဆိုရင် Refrence No. & Name တောင်းထားပါ။ ဖြစ်နိုင်ရင် အချိန် နေ့ရက် အတိအကျ မှတ်ထားပါ။ (အဲလိုတွေ မမှတ်ထားမိလို့ ခံခဲ့ ရတဲ့ အကြောင်းတွေ နောက်မှ ရေးပါအုန်းမယ်။)

များသောအားဖြင့် ဒီနိုင်ငံမှာ ဈေးဝယ်ရင် ၂၈ရက်အတွင်း ပြန်လဲ ငွေပြန်အမ်းခွင့် ရှိပါတယ်။( ချွင်းချက်ပစ္စည်းတွေ ဆိုရင် အရောင်းစာရေးတွေက ပြန်လဲလို့ မရကြောင်း ပြောပြပါတယ်။) နောက် လျှပ်စစ်ပစ္စည်းတွေဆိုရင် ပျက်သွားရင် ၁နှစ်အတွင်း ပြန်လဲ ပေးပါတယ်။

[Monday, April 21, 2008]

ဂန္တ၀င် မြန်မာသီချင်းများ

49 comments

မြန်မာသီချင်းဟောင်းတွေ တော်တော်စုံတဲ့ လင့်ပါ။ နေးတစ်မြန်မာဖိုရမ်က ကိုဗိုက်ကလေးပေးထားတာပါ။

ဒေါ်ကြည်ကြည်ဌေးရဲ့ ပန်းပန်လျက်ပဲ က စလို့
ဝင်းဦး၊ သုမောင်တို့အထိ သီချင်းဟောင်းတွေ ပါဝင်ပါတယ်။

ကျွန်မကြိုက်တဲ့ သီချင်းတွေကတော့ ဒီပါအေးမြ၊ မေဓါဝီ၊ မင်္ဂလာဆုတောင်း၊ ပွဲကြိုက်ခင်၊ တိမ်တမန်၊ပြည်တော်ဝင် ...
ဒီအထဲမှာ မပါတဲ့ အောင်ပင်လယ်၊ အပျိုတော်ပို့၊ ကိုအံ့ကြီးသီချင်းနည်းနည်းပါးပါးလည်း စက်ထဲမှာ ရှိပါသေးတယ်။
လိုချင်တဲ့လူရှိရင် ကော်မန့်ထဲမှာ အော်ခဲ့ပါ။ မေးကနေ ပို့ပေးပါမယ်။ သုမောင်ရဲ့ ဆင်ကြီး ဂဠုန်ချီရှိရင် မျှကြပါအုန်း။ ကျွန်မဆီမှာ ရှိတာက ကွာလတီ သိပ်မကောင်းလို့ပါ။

[Thursday, March 27, 2008]

ကြာဇံဟင်းခါး

5 comments

မရေးတာကြာတဲ့ ဘလောက်လေးကို အစားနဲ့ ဖွင့်ပွဲ ပြန်လုပ်လိုက်ပါတယ်။
မနက်နိုးလာလာချင်း ဒီနေ့ ငါဘာလုပ်စရာရှိလဲ အရင်မတွေးပဲ ဘာစားရင်ကောင်းမလဲပြီး လျှောက်မွှေကြည့်တော့ ကြာဇံဝယ်ထားတာလေး ရယ် မှိုခြောက်ပန်းခြောက်ကလေးရယ် ပဲပြားခြောက်ရယ်တွေ့တာနဲ့ ကြက်သားသွားဝယ်ပြီး ကြာဇံဟင်းခါးချက်စားဖို့ ပြင်လိုက်ပါတယ်။

Image

Image

လန်ဒန်က ဗမာများအတွက်တော့ ကြာဇံဟင်းခါးဟာ လူမပင်ပန်းစေတဲ့ မြန်မာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းလည်း နည်းပြီး ချက်ရတာလည်း လွယ်လို့ပါ။

ကဲ အရင်ဆုံး ကြက်တစ်ကောင်ကို ချင်း၊ကြက်သွန်ဖြူ အပြားလိုက်ရိုက်ပြီး ထည့်ပြုတ်လိုက်မယ်။ဆား၊ အချိုမှုန့်ကတော့ နည်းနည်းစီပေါ့။

ပြီးရင် တဖက်က
မှိုခြောက် နည်းနည်းနဲ့ (တရုတ်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်)
ပဲပြားခြောက်ကို ဇလုံတခုထဲမှာ ရေနွေးပူပူနဲ့ စိမ်ထားပါတယ်။
ကြက်သွန်နီ၊ချင်း၊ကြက်သွန်ဖြူ နည်းနည်းစီကို စက်နဲ့မွှေထားပါတယ်။

ကြက်သားနူးလောက်ရင် ဆယ်ထားပြီး အေးတဲ့အခါ အသားတွေ နွှင်ထားပါတယ်။ အရိုးကို ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပါတယ်။
မွှေထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတွေကို ဆီသတ်ပြီး နနွင်း၊ အရောင်တင်ထည့်ပါတယ်။ ဆီပြန်ပြီး မွှေးလာရင် နွှင်ထားတဲ့ ကြက်သားတွေ ထည့်မွှေပါတယ်။ တခါထဲ ဆား၊အချိုမှုန့်၊ယိုးဒယားငံပြာရည်ထည့်ပါတယ်။

မွှေးလာရင် ကြက်ပြုတ်ရည်ထဲကို လုံထားတဲ့ ကြက်သားတွေ ထည့်ပါတယ်။ ပြီးရင်တော့ ရေစိမ်ထားတဲ့ ပဲပြား၊ မှိုခြောက်နဲ့ ပဲကြာဆံထည့်မွှေပေးလိုက်တော့ ကြာဇံဟင်းခါးပူပူလေး ခပ်သောက်လို့ရပါပြီ။ အပေါ့အငန်တော့ လိုသလောက်ထည့်ပေါ့။
အဲ ပုံထဲမှာတော့ ငါးဖယ်တဗူးတွေ့လို့ကြော်ပြီး ပါးပါလှီးထည့်ထားသေးတယ်။