-
-
သမိုင်းဝင်ပထဝီစာအုပ်
(နေမျိုး)
သမိုင်းဝင်ပထဝီ စာအုပ်တစ်အုပ်ကို ကျွန်တော်တွေ့ဖူးတယ်။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီး တစ်ယောက်ရဲ့ စာကြည့်ခန်းထဲမှာ တွေ့ခဲ့ဖူးတာပါ။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီးဟာ သူ့ဖခင်ဆီက အမွေဆက်ခံ ထိန်းသိမ်းထားခဲ့တဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သမိုင်းဝင်ပထဝီ စာအုပ်ဟာ စက္ကူတွေက ဝါကျင်ကျင် ဖြစ်နေပေမယ့် စာလုံးတွေကို ထင်ထင်ရှားရှား ဖတ်ရှုလို့ ရနေတုန်းပါပဲ။ ကမ္ဘာမြေကြီး တည်ရှိနေပုံ အစောဆုံး ပုံကြမ်းကိုလဲ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ တွေ့ကြရတယ်။ ဒါကြောင့်ပဲ သူ့ကို သမိုင်းဝင်ပထဝီစာအုပ်အဖြစ် သတ်မှတ်ခဲ့ကြတာပေါ့။ သမိုင်းဝင်ပထဝီစာအုပ်ကို ကူဗလိုင်ခန် လက်ထက်မှာ ပုံနှိပ်ခဲ့တယ်လို့ ဆိုကြတယ်။ တချို့သုတေသီတွေကတော့ မန်ချူးဧကရာဇ် လက်ထက်မှာ ပုံနှိပ်ခဲ့ကြတာလို့ ဆိုကြရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သမိုင်းဝင် ပထဝီစာအုပ်ပါ။ သူ့မှာ တန်ဖိုးကြီးတဲ့ ရှားပါးတဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။ ကုန်းမြေတည်နေပုံနဲ့ ရေပြင်တည်နေပုံကို ရှင်းလင်းဖော်ပြထားပြီး ကုန်းမြေရဲ့ မြေသားနဲ့ ကျောက်လွှာများအကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဒီကနေ့ခေတ် ကမ္ဘာ့မြေပုံထဲက မြင့်မားတဲ့ တောင်တန်းကြီး တစ်ခုကို သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ပင်လယ်ရေအောက် ကြမ်းပြင်အဖြစ် တွေ့ကြရတယ်။ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ကမ္ဘာ့မြေသားပြင်ရဲ့ အလယ်ဗဟိုက အရည်ပျော်နေတဲ့ သတ္တုတွေအကြောင်း ဖော်ပြထားတယ်။ ပေါက်ကွဲပျက်စီးသွားတဲ့ မီးတောင် (၃၂)လုံးနဲ့ မပေါက်ကွဲသေးတဲ့ မီးတောင် (၁)လုံး အကြောင်းကိုလည်း သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ဖတ်ရှုနိုင်တယ်။ ပေါက်ကွဲပြီးစီးသွားတဲ့ မီးတောင်တွေထဲမှာ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ မီးတောင်တွေလဲ ပါသတဲ့။ လုံးဝ မပေါက်ကွဲသေးတဲ့ မီးတောင်(၁)လုံးကတော့ စိတ်ဝင်စားစရာ ကောင်းလှတယ်။ Continue reading →