“ဒီကမ္ဘာမှာ မင်းလေး တစ်ယောက်ထဲ … အရာရာဟာ အချစ်လေးတစ်ယောက်ထဲ … မျှော်လင့်ခြင်းနေ့တွေ ကုန်ဆုံးခဲ့ရင် …”
Ph ring tone သံလေးက အဆက်မပြတ်ပင် အော်မြည်နေသည်။ မီးဖိုခန်းရောက်နေရာမှ ကြားလိုက်ရသော မျှော်လင့်နေခဲ့သည့် ring tone သံလေးကြောင့် ပြောမပြတတ်အောင်ပင် ဝမ်းသာသွားသည်။ ဖုန်း screen တွင် ပေါ်နေသော ကျွန်မအလွန်တစ်ရာချစ်မြတ်နိုးရသော မောင့်ပုံရိပ်လေးက ကျွန်မအတွက် ခွန်အားတွေဖြစ်စေသည်။
“ဟယ်လို …”
“ချစ် … ကြာလိုက်တာ။ ဘယ်သွားနေတာလဲ။ မောင်ခေါ်နေတာကြာလှပြီ။ ဘာတွေလုပ်နေလဲ ပြောစမ်း”
ထုံးစံအတိုင်း ခပ်ဆိုးဆိုးလေသံနှင့် စိတ်ဆိုးသယောင်ဆောင်နေသော မောင့်ကို ကျွန်မချော့ရပေဦးမည်။
“ဘယ်မှမသွားပါဘူးမောင်ရဲ့ … ဒီရက်ပိုင်း ထမင်းစားပျက်နေလို့ ကြက်စွပ်ပြုတ်လေး လုပ်နေတာမောင်ရ
သက်တန့်လည်း ဖုန်းသံကြားကြားခြင်းပြေးလာတာပါကွယ်… စိတ်ဆိုးနဲ့နော်”
“ဟင် … ချစ်နေမကောင်းဘူးလား ဟုတ်လား။ ဘာဖြစ်တာလည်း ချစ်ကိုပြောသားပဲ မောင်မရှိတုန်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဆိုတာကို မောင်စိတ်ပူအောင်မလုပ်ပါနဲ့ကွာ။ ခုရော ဘယ်လိုနေသေးလဲ”
စိုးရိမ်တကြီး မေးနေသော မောင့်လေသံကို နားထောင်ရင်း ချစ်လိုက်တာမောင်ရယ်ဟု စိတ်ထဲမှရေရွတ်ကာ မောင့်အားပို၍ ယုံကြည်ကိုးစားလာမိသည်။ မောင့်စကားအဆုံး မောင့်ကိုအသိပေးရန် စကားစလိုက်သည်။
“ခုတော့ သက်သာပါပြီမောင်ရဲ့… မောင် …. မောင့်ကိုပြောစရာရှိတယ်”
“ပြောလေ … အော်နေဦး မောင်အရင်ပြောမယ်.. ချစ်ကို အရမ်းလွမ်းတာပဲကွာ … စာမေးပွဲရှိတော့ ချစ်ကို အွန်လိုင်းမလာခိုင်းထားတာ နောင်တရနေတယ်။ ချစ်ကို မတွေ့ရရင် မနေတတ်ဘူး။ ချစ်ရှိရင်လည်း စာကျက်ဖြစ်မှာမဟုတ်ဘူး။ မောင်သိတယ် … ချစ်နဲ့ပဲစကားပြောနေမိမှာ”
“အင်းပါမောင်ရယ်… သက်တန့်လဲ လာချင်တာပေါ့။ မောင်က မလာရဘူးဆိုလို့လေ… သက်တန့်လည်းမောင့်ကိုလွမ်းတယ် ပြောစရာတွေလည်း များကြီးပဲ ..”
“ဟုတ်လား … ပြောပါဦးကွ”
“မောင် …. ဟိုလေ……”
တုန့်ဆိုင်းသွားသောစကားသံအဆုံး မောင်သည်စိတ်မရှည်စွာဖြင့်
“ပြောလေချစ်ရ … ဖုန်းကဒ်က ကုန်တော့မှာ အရေးမကြီးဘူးဆိုရင်တော့ နောက်မှပြောတော့”
“ဟိုလေ … သက်တန့် ဟိုဟာမလာတာ ၂ လကျော်နေပြီ … အဲ့ဒါ သက်တန့် စိတ်ပူလို့”
“ဘာ … ဟာ မဖြစ်နိုင်တာ။ သက်တန့်ကို မောင်ကိုယ်တိုင် ဆေးလိုက်ထိုးပေးထားတာပဲ။ မဖြစ်နိုင်ဘူး။ စိတ်ပူမနေပါနဲ့ နှစ်လအတိလားချစ်။ သေချာအောင် pregnancy test kit ဝယ်စစ်ကြည့်ပါလား။ ဆေးဆိုင်တွေမှာ ဝယ်ရင်ရပါတယ်။ မောင်ကတော့ မဖြစ်နိုင်ဘူးထင်တယ်”
“ဟာ … မောင်ကလည်း ချစ်ကဘယ်လိုမျက်နှာနဲ့သွားဝယ်ရမှာလဲ အဲ့ဒါကြီးကို ချစ်ကမိန်းကလေးလေ …။ ပြီးတော့ တစ်ခါမှလည်း ဝယ်ဖူးတာမဟုတ်ဘူး သက်တန့်သွားမဝယ်ရဲဘူးမောင်။”
“ချစ်ကလည်းကွာ … လိမ်မာပါတယ်။ မောင်ရှိရင်တော့ မောင်ဝယ်ပေးတာပေါ့ ခုမောင်လည်းဒီပြန်ရောက်နေတာ ဘယ်လိုဝယ်ပေးနိုင်မှာလဲ။ စောစောစီးစီးစမ်းကြည့်ပြီး သိရတော့ ချစ်ရောမောင်ရော စိတ်အေးရတာပေါ့”
“အို … မောင်က ဘာပူရလို့လဲ။ ခုချစ်က အကုန်ပူရမှာ။ အဲ့ဒါသွားဝယ်ရင် လည်းမျက်နှာက ပူရမယ်။ တစ်ကယ်ဖြစ်လာရင် ဗိုက်ကပူရမယ်။ မောင်သာ ပြန်မလာရင် အိုး ပူစရာတွေများကြီး”
“ဒါဆို … မောင်ဝယ်ပြီး DHL နဲ့ပို့လိုက်မယ် အိုကေနော် ဘာမှမပူနဲ့ စိတ်အေးအေးထား အကုန်မောင်တာဝန်ယူတယ်.. ဘာမှတော့မဖြစ်လောက်ပါဘူး ဆေးသေချာထိုးထားတာပဲ”
မောင့်အားပေးစကားက ပူလောင်နေသောရင်ကို တစ်ဝက်လောက်ထိ အေးချမ်းစေနိုင်ခဲ့သည်။ မောင်သည် ကျမကို တစ်ကယ်ပင် နှစ်သက်မြတ်နိုးသူပါလား။
“ဟုတ် … မောင်။ ဆောရီးပါမောင်ရယ်။ မောင့်စာမေးပွဲရှိနေတဲ့ကြားထဲ သက်တန့် ကစိတ်ပူအောင်လုပ်မိတာ။ သက်တန့်လဲ ဘာလုပ်လို့လုပ်ရမှန်း တစ်ကယ်မသိလို့ပါ။”
“ရပါတယ်ကွာ … သက်တန့်သာ နေကောင်းအောင်နေ။ မောင်တို့ အကောင်းဆုံးရင်ဆိုင်ကြမယ်လေနော်…။ မောင့်စကားကိုတော့ ကလေးလေးက နားထောင်ပေးပါနော်။ ခုမောင်ဖုန်းချတော့မယ်။ ဘယ်မှမသွားနဲ့ အိမ်မှာပဲနေ။ မောင့်ကို miss call ပေး။ ညအိပ်ခါနီးရင် နှစ်ခါပေး။ မနက်နိုးတာနဲ့ miss call ပေးနော်။ မှာတာတွေမမေ့နဲ့နော်…။ ဟုတ်ဆိုပြီးလဲ လုပ်ချင်ရာလုပ်မနေနဲ့။ ချစ်ကိုအရမ်းချစ်တယ် သိလား”
“ဟုတ်ကဲ့ မောင်… သက်တန့်နားထောင်မယ်နော်။ မောင့်ကိုလည်း အရမ်းချစ်တယ်။ တာ့တာ နော်မောင်”
တစ်ဖက်မှ ဖုန်းချသွားသည့်တိုင် ဖုန်းကိုကိုင်ထားရင်း နှုတ်ခမ်းတွေက ပြုံးရောင်သမ်းနေသည်။ အကောင်းဆုံးရင်ဆိုင်ကြမယ်တဲ့။ ချစ်တယ်မောင်ရယ်။ ကြည်နူးမှုက ကြာရှည်မခံပါ။ ရင်ထဲမှ လှိုက်လှိုက်တက်လာသော ပျို့ချင်အန်ချင်သည့်ဝေဒနာကြောင့် နောက်ဖေးရေစင်ရှိရာသို့ပြေးရသည်။ ယခုတစ်လော အလကားနေရင်း ပျို့ချင်၊ အန်ချင်နေသည်။ ဘာမှ စားလို့မရ။ ဟင်းအနံ့တွေရလျှင် အစားအသောက်အနံ့တွေရလျှင်ပင် အန်ချင်နေသည်။ အန်လျှင်လည်း အလွန်ပင်ပန်းသည်။ ရှိသမျှ ကလီဆာတွေပါ ပြန်ထွက်လာသည်ထင်ရအောင် ဝေဒနာက ဆိုးရွားလှသည်။ ဒီတစ်လအတွင်း လူက ကိုယ်အလေးချိန် တော်တော်ပင် ကျသွားသည်။ မောင့်ကိုပြောလျှင် မောင်ကတော့ ဆူမှာကျိန်းသေသည်။
ကျောင်းမတက်သည်မှာလည်း တစ်ပတ်လောက်ရှိတော့မည်။ မူပျက်နေသော သူမအား အကြောင်းသိသူငယ်ချင်းများက သို့လောသို့လောမေးနေကြသည့် မေးခွန်းတွေ သူမရင်မဆိုင်ချင်တော့ပါ။ အကယ်၍ သူမတွေးထားသည့်အတိုင်း ဖြစ်လာခဲ့ပါမူ …. အို မောင်ရှိနေတာပဲ။ အားငယ်စရာလည်းမလိုဘူး။ ကြောက်နေစရာလည်းမလိုဘူး။ မောင် ကျမဘက်တွင် အမြဲရပ်တည်နေမည်ဟု ယုံကြည်သည်။ တစ်ကယ်တော့ ကျမတို့ရည်ရွယ်ပြီးသားလမ်းကို စောစီးစွာ၊ မပြည့်စုံစွာ လျောက်ရမည်တစ်ခုပဲ။ မောင်နှင့်ကျမသည် အွန်လိုင်းပေါ်တွင် ချစ်သူဖြစ်ခဲ့ကြသည်။ မောင်သည် ကျမကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပင် ချစ်သည်။ ကျမတို့တွေ လက်ထပ်ဖို့အထိပင် ရည်ရွယ်ခဲ့ကြသည်။ ကျမတို့ချစ်သူသက်တမ်း တစ်နှစ်အကြာတွင် မောင် ရန်ကုန်သို့ ပြန်လာသည်။ ကျမတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မမြင်ရစဉ်ကလည်းချစ်သည်။ ယခု တွေ့ကြတော့လည်း ပို၍ချစ်သည်။ တစ်ယောက်နှင့်တစ်ယောက် မထိန်းချုပ်နိုင်လောက်အောင်ပင် ချစ်ခဲ့ကြသည်။ ကျမတို့ မှားယွင်းခဲ့ခြင်းမဟုတ်ပါ။ ကျမတို့ နယ်ကျွံခဲ့ခြင်းမဟုတ်ပါ။ နှစ်ဦးသဘောတူ အမှန်တရားများကို မထိန်းချုပ်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုနေရာသို့ နှစ်ယောက်တွဲကာ လျောက်လှမ်းခဲ့ကြခြင်းသာဖြစ်သည်။
ဘာမျှ မပြင်ဆင်ထားသေးပဲ ယခုလို ရုတ်တရက် ကိစ္စပေါ်၍လက်ထပ်လျှင် မောင့်ပညာရေးနှင့် ကျမပညာရေး အနည်းငယ်ရပ်တန့်သွားရုံသာရှိမည်။ ကျန်တာတွေကတော့ ကျမ ရင်ဆိုင်ရန်အသင့်ပင်။ မောင့်ကို လက်ထပ်ပြီးတာနှင့် ဟိုကိုပြန်ကျောင်းတက်စေကာ ကျမသည်လည်း ကျမတို့ရင်သွေးလေးကို လွယ်ရင်းကျောင်းပြန်တက်မည်။ အတွေးများနှင့် ဖြောင့်သောလမ်းတစ်ခုကို ပန်းအနည်းငယ်ပင် ခင်းထားလိုက်သေးသည်။ မောင်သာ ကျမအနားတွင်ရှိလျှင် အရာရာ ရင်ဆိုင်ရန်အသင့်ပင်။ ဖေဖေနှင့်မေမေကလည်း မောင့်ကိုတွေ့ဖူးပြီး သဘောတူပြီးသားပင်။ ယခုလိုကိစ္စတွင် အဆူခံ အလွန်ဆုံးအရိုက်ခံရရုံပင်။ အကယ်၍ မောင်သာ တာဝန်မယူခဲ့ရင်ကော။ အို … ဒါလုံးဝမဖြစ်နိုင်ဆုံးကိစ္စပဲ။ မောင်ဘယ်တော့မှ အဲ့လိုလုပ်မှာမဟုတ်ဘူး။ မောင့်လို တာဝန်သိတတ်လွန်းတဲ့။ ကြင်နာတတ်လွန်းတဲ့။ ဂရုစိုက်တတ်လွန်းတဲ့ ယောကျာ်းတစ်ယောက်က ဒီလိုလုပ်မှာမဟုတ်ပါဘူးလေ။ ကျမမောင့်ကို လုံးဝကို ယုံကြည်ပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နံရံပေါ်တွင်ကပ်ထားသော ဆေးပညာဆိုင်ရာ ပုံများ၊စာများကို ကြည့်နေရင်း…
“လှုပ်ရှားလိုက်တိုင်းမောလား”
စမ်းသပ်နေရင်းမှ မေးသော ဆရာဝန်မလေးအမေးကို ခေါင်းလေးညိတ်ရုံမျှ အဖြေပေးလိုက်သည်။
“ရာသီကော မှန်လား … အိမ်ထောင်ရှိလား”
“ဟင့်အင်း”
“ဘယ်လောက်ကြာပြီလဲ.. ခုလိုအစာမဝင်ဘဲ အန်နေတာ။ ရာသီမမှန်တာကော ဘယ်လောက်ကြာပြီလဲ”
“၂လကျော်ပြီ”
“အိမ်ထောင်မရှိတာသေချာပါတယ်နော်..”
ဆရာဝန်မလေး မေးခွန်းနှင့်အကြည့်တို့ကို ရင်မဆိုင်ရဲစွာ မျက်နှာလွှဲ၍ခေါင်းငြိမ့်လိုက်သည်။
“အခုလောလောဆယ် အားဆေးတွေပေးလိုက်မယ်… မနက်တစ်လုံး ညတစ်လုံးသောက်ကြည့်။ ပြီးတော့ ဆီးစစ်ရမယ်။ ရော့ … ဒါလေးသုံးတတ်လား။”
ဒုတ်ချောင်းအသေးစားလေးတွင် အပြာတစ်ရစ်၊ အနီတစ်ရစ် ခြယ်ထားသော အရာလေးအားပြပြီး မေးသော မေးခွန်းအား ခေါင်းခါပြီး အဖြေပြန်ပေးလိုက်သည်။ ကျမအမူအရာကြည့်ပြီး ခပ်မဲ့မဲ့ဖြစ်သွားသော ဆရာဝန်မလေးမျက်နှာအား မမြင်ချင်ပါလျက်နှင့် မြင်လိုက်ရသည်။
“မနက်စောစောသွားတဲ့ဆီးကို ခံထားပြီး ဒီအချောင်းလေးကို ထည့်လိုက်၊ အမှတ်လေးက အနီထိတက်လာရင် ကိုယ်ဝန်မရှိလို့ပ။ အဲ့ နှစ်ရောင်စလုံး တက်လာရင်တော့ ရှိတယ်။”
လက်ထဲဘယ်လိုရောက်လာမှန်းမသိ ရောက်လာသော ပစ္စည်းလေးအာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း လေးကန်နေသောခြေလှမ်းတို့ဖြင့် ဆေးခန်းထဲမှ ထွက်လာမိသည်။ ဘာရယ်ကြောင့်မသိ ယခုတစ်လော စိတ်တွေလေးလံလွန်းလှသည်။ ဆေးခန်းမှထွက်ထွက်ချင်းပင် မောင့်ထံမှဖုန်းဝင်လာသည်။
“ချစ် … မောင်စိတ်ပူနေတာ။ အခြေအနေဘာထူးသေးလဲ”
“သက်တန့် ဆီးစစ်ရမယ်တဲ့မောင်”
“ဟားးးးးး … ဘယ်လိုဖြစ်လာရတာလဲကွာ သေချာ တားဆီးထားရဲ့သားနဲ့၊ အဲ့ဒါချစ်ကြောင့် … အလကားနေ ကလေးလိုချင်တယ်ဆိုပြီးလျောက်ပြောနေလို့ … ”
မောင့်စိတ်ပျက်လက်ပျက်ပြောသံအဆုံးတွင် ကျမဝမ်းနည်းအားငယ်စွာငိုရှိုက်မိသည်။
“သက်တန့်လည်း ဘယ်ဖြစ်ချင်ပါ့မလဲမောင်ရဲ့ ခုဟာ ဘယ်လိုဖြစ်မှန်း သက်တန့်လည်းနားမလည်နိုင်ဘူး… ဘာဖြစ်ဖြစ်ကွယ် တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေတင်နေမယ့်အစား သက်တန့်တို့ အကောင်းဆုံးနည်းလည်းတစ်ခုကြိုးစားကြရအောင်လေ။ သက်တန့်ကတော့ ဒီလိုစဉ်းစားထားတယ်။ မောင်ခဏလောက်ဖြစ်ဖြစ်ပြန်လာခဲ့လိုက်လေ … သက်တန့်တို့ လက်ထပ်ပြီး မောင်ပြန်သွားပေါ့။ သက်တန့် ကဒီမှာပဲနေခဲ့မယ်။ မောင် ကျောင်းပြီးလို့ ဟိုမှာအခြေကျတော့မှပဲ သက်တန့်တို့လိုက်လာမယ်လေ။ မောင့် ပညာရေးကို သက်တန့် ….”
“နေဦးသက်တန့် … အဲ့ဒါတွေနောက်ထားး သေချာအောင် အရင်စစ်ကြည့်ဦး မောင်တို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားကြတာပေါ့”
ကျမပင်စကားမဆုံးသေး မောင်ဖြတ်ပြောလာသည့်စကားကြောင့် ဘာရယ်ကြောင့်မှန်းမသိ ပို၍ ဝမ်းနည်းအားငယ်မိသည်။ ဒီရက်ပိုင်းဘာလို့ဒီလောက်တောင် စိတ်တွေပျော့ညံ့နေတာပါလိမ့်နော်။ ရင်ထဲမှ သေချာနေသည့်အရာတစ်ခုကိုလည်း မောင့် အားဖွင့်မပြောခဲ့မိပါ။
လက်ထဲတွင်ကိုင်ထားသော အရာလေးအား သေချာစွာကြည့်ရင်း သူမအားအင်တွေ ယုတ်လျော့လာသလို ခံစားလာမိသည်။ မသေချာခင်အချိန်လေးကတော့ ဒီလိုသာဖြစ်ခဲ့ရင်ဆိုသည့်အတွေးတွေနှင့် အရာရာရင်ဆိုင်ရန် သတ္တိတွေရှိခဲ့သလောက် တစ်ကယ်တမ်းလက်တွေ့ သေချာလာသောအခါတွင်မူ ကျမချောက်နက်ကြီးတစ်ခုအတွင်းသို့ တွယ်ရာမဲ့ပြုတ်ကျနေသလိုပင်။ ယခုရက်ပိုင်း အားငယ်နေပါသည်ဆိုမှ မောင်နှင့် စကားပြောရသည်မှာလည်း မည်သို့မှ အဆင်မပြေပါ။ လက်ထဲတွင်ရှိနေသော အရာလေးအား ဘောင်းဘီအိတ်ကပ်ထဲအသာထည့်ရင်း မောင့်ထံသို့ miss call ပေးလိုက်သည်။ miss call ပေးပြီး ချက်ချင်းပင် မောင်ဖုန်းပြန်ခေါ်ပါသည်။
“သက်သန့် ဘယ်လိုနေလဲ။ စိတ်မပူရဘူးမို့လား။ မောင်ဘုရားစာရွတ်နေတာ။”
မောင့်ရဲ့ စိုးရိမ်တကြီးစကားသံတွေက ယခင်ကချိုမြိန်သလောက် ယခုအခါမှာတော့ ကျမအတွက် ခါးသက်နေသလိုပင်။ မောင် ဘာကိုစိုးရိမ်တာလဲ။ မောင် ဘာကို စိတ်ပူတာလဲ။ ဘာအတွက် လဲဆိုသည့် အမှန်တရားများကို ကျမရှာဖွေမနေချင်တော့ပါ။
“နှစ်ရစ်ပေါ်တယ်မောင်။ သက်တန့်မှာ …. …. ကိုယ်ဝန်ရှိနေပြီ”
“ဟာကွာ …. ဒုန်း”
မောင့်ရဲ့ မကျေမနပ်ရေရွတ်သံအဆုံးမှာ တစ်ခုခုကို မောင်ဒေါသတကြီး ထိုးလိုက်သည်လား ပစ်ပေါက်လိုက်သည်လားမသေချာသည့် အသံကျယ်တစ်ခုထွက်လာသည်။ မောင့်တုန့်ပြန်မှုအတွက် ကျမတိတ်ဆိတ်စွာငိုရှိုက်မိသည်။ ကျမကရော ဘာအတွက်ဝမ်းနည်းနေမိပါသနည်း။ မောင့်ဘက်မှ အတန်ကြာတိတ်ဆိတ်သွားသည်။ ခပ်ပြင်းပြင်းအသက်ရှူသံမှလွဲ၍ ဘာတစ်ခုမှ မကြားရ။ ခဏအကြာ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီး …
“ချစ် … ဖျက်ချလိုက်နော်”
အနားသို့ကပ်ကာ အနုမြူဗုံးထောင်သောင်းမက ကျရောက်ပေါက်ကွဲလိုက်သလိုပင်။ မောင့်စကားသံကို အံ့သြထိတ်လန့်လွန်းသဖြင့် အသက်ရှူဖို့ပင်မေ့နေသည်။ နာကျင်လွန်း ဆို့နစ်ကြေကွဲရလွန်းသောကြောင့် သတိလက်လွတ်ဖြစ်ကာ ကိုင်ထားသော ဖုန်းပင်ပြုတ်ကျသွားခဲ့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒီကမ္ဘာမှာ မင်းလေးတစ်ယောက်ထဲ … အရာရာဟာချစ်လေးတစ်ယောက်ထဲ … ပျော်ရွှင်ခြင်းနေ့တွေ .. ကုန်ဆုံးခဲ့ရင် အရာရာဟာအလွမ်းများနဲ့ပြည့်နှက်နေ … စွန့်လွှတ်နိုင်ပါတယ် မင်းလေးသဘောပဲ ကိုယ်ဘယ်လိုဖြစ်သွားမလဲ သိဖို့မလိုတော့ဘူး …..”
“ဒီကမ္ဘာမှာ …”
မည်မျှကြာအောင် အော်မြည်နေသည်မသိ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေရာမှ ဖုန်းကိုတုန်ရင်စွာ လှမ်းကိုင်လိုက်သည်။ ဖြစ်နိုင်လျှင် ယခုချိန်တွင် မောင့်ဆီမှ ဘာစကားမှမကြားချင်ပါ…။ တစ်နေရာရာတွင် တိတ်ဆိတ်စွာငြိမ်သက်နေရင်း လက်ရှိအနေအထားကို ရင်ဆိုင်လိုက်ချင်သည်။
“ဟယ်လို … သက်တန့် မောင်ပြောပြတာသေချာနားထောင်ကွ။ မောင်တို့အခုချိန် လက်ထပ်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလေ။ ကလေးတစ်ယောက်ယူဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး။ မောင် ခုချိန်ပြန်လာရရင် မောင်ပီအာ လျောက်ဖို့ခတ်သွားလိမ့်မယ်။ ပြီး ကျောင်းတောင်မပြီးသေးဘဲ မိန်းမယူတယ်ဆို အိမ်ကမောင့်ကို စွန့်ပစ်ကြလိမ့်မယ်။ မေမေ့စိတ်ကိုမောင်သိတယ်။ မောင်တို့နှစ်ယောက်လုံး ခွေးဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် အကုန်လုံးကောင်းဖို့ ဖျက်ချလိုက်ပါနော်။ ကလေးက နောက်ထပ်ယူလည်း ရတာပဲကိုနော်”
“အဲ့ဒါ … မောင်ပြောခဲ့တဲ့ အကောင်းဆုံးနည်းလမ်းလား မောင်။ ကလေးမှာ ဘာအပြစ်မှမရှိ ဘာမှတောင်မသိလိုက်ရခင် ပျက်စီးရမယ်ဆိုတာ တရားပါ့မလားမောင်။ သက်တန့်တို့နှစ်ယောက်ရဲ့ သာယာခဲ့မှုအတွက် ရလာတဲ့ ဒီကလေးရဲ့ကံကြမ္မာကို သက်တန့်တို့က အပြစ်ပုံချပြီး လွတ်လမ်းရှာရမှာ မောင်လိပ်ပြာသန့်တယ်တဲ့လား။ သက်တန့်လုံးဝဖျက်မချနိုင်ဘူးမောင်။”
“ချစ် … ချစ်ပြောသလို မောင်တို့လက်ထပ်ပြီး မောင်ကပြန်လာ ချစ်တစ်ယောက်ထဲ ဒီကလေးကို ပြုစုဖို့ကလွယ်တယ်ထင်လို့လား။ ကလေးတစ်ယောက်တာဝန်ဆိုတာ သက်တန့်ထင်သလောက် မလွယ်ဘူးကွ။ မလွယ်တာထက်ကွာ အားလုံးဒုက္ခရောက်ကုန်မှာ။ မောင်ကော၊ သက်တန့်ကော မွေးလာမယ့်ကလေးကော ။ ပြီးတော့ အများကြီးသက်တန့်။ တစ်ကယ်လို့ဖျက်ချလိုက်ရင် သူ့အတွက်ပဲ စိတ်မကောင်းဖြစ်ရမှာ။ မောင်တို့အားလုံးအတွက် သူအနစ်နာခံတယ်လို့ပဲ သဘောထားလိုက်ပါသက်တန့်ရာ”
ရက်စက်လိုက်တာ။
“မောင် … ဒါ မောင်နဲ့ သက်တန့်တို့ရဲ့သွေးပါ။ မောင်ဘာလို့အဲ့လောက်တောင်ရက်စက်ရတာလဲ။ သက်တန့်ကိုချစ်တယ်ဆို။ သက်တန့်တောင် မောင့်အတွက်အကုန် စွန့်လွှတ်ရဲသေးတာ မောင်ကဘာလို့ ….. သူ့ မှာ … ဘာ .. အ.. ပြစ်မှ. .. မရှိ …ပါဘူး …မောင်ရယ်…”
စကားလုံးတွေကို မနည်းကြိုးစားဖျစ်ညှစ်ပြောနေရသည်။ စကားတစ်ခွန်းပြောတိုင်း သူမသွေးသား၊ အားအင်များကို မမြင်နိုင်သောအရာတစ်ခုက ဆွဲထုတ်ယူငင်နေသလိုပင်။
“အင်းကွာ … မောင် ထပ်စဉ်းစားလိုက်ပါဦးမယ်။ မောင် ကတစ်ဦးတည်းသောသားလေ။ မောင့် အိမ်က မောင့်တစ်ယောက်ထဲကိုပဲ မျှော်လင့်နေတာ။ မောင့်မိဘတွေရဲ့မျှော်လင့်ချက်တွေ မောင်ရိုက်မချိုးချင်ဘူးကွာ”
ပြောပြီးမောင်ဖုန်းချသွားခဲ့သည်။ တစ်ဦးတည်းသောသားတဲ့လား။ ကျမသည်လည်း ကျမမိဘအတွက် တစ်ဦးတည်းသော သမီးဆိုတာ မောင်မသိဘဲ ပြောခြင်းမဟုတ်ပါ။ ကျမ၏ ဗိုက်ထဲမှ အကောင်အထည် ဖြစ်စပြုနေမည်ဖြစ်သော သွေးသားလေးအား သနားဂရုဏာသက်လွန်း၍ ငိုရှိုက်မိသည်။ ကျမရင်မှဖြစ်သည့် ကျမ၏ရင်သွေးကို လူကြီးတွေ၏ အတ္တတွေအကြား အစတေးခံ မဖြစ်စေရပါ။ ကျမအတက်နိုင်ဆုံးကာကွယ်မည်။ ဘာတွေဖြစ်လာဖြစ်လာ ကျမ ဒီကလေးကို ရအောင်မွေးပါမည်။
မောင်နှင့်ကျမအတွက် လက်ရှိရင်ဆိုင်နေရသော အခြေအနေသည် အက်ကြောင်းတစ်ခုလိုဖြစ်လာခဲ့သည်။ ယခင်က ချစ်လှပါသည်ဆိုသောမောင်သည် စကားလုံးကြမ်းကြမ်းများဖြင့်ပင် ကျမအား သုံးစွဲလာကာ ကျမတို့၏ ရင်သွေးအား ဖျက်ချရန်တိုက်တွန်းပါသည်။ မောင်ဖုန်းဆက်လိုက်တိုင်း ကျမ၏ ခေါင်းမာမှုအတွက် မောင်သည် ဒေါသတကြီးဖုန်းချသွားရလေ့ပြီး၊ ကျမသည်လည်း အမြဲပင်ဝမ်းနည်းတိတ်ဆိတ်စွာ ကျန်ခဲ့ရလေ့ရှိပါသည်။ ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံ ပြောလို့မရတော့ မောင်ကျမအား တော်တော်စိတ်ပျက်လာပုံရပြီး၊ ကျမသည်လည်း တစ်ချိန်က ကျမချစ်ခဲ့သော အလွန်တရာ ချစ်တတ်သည့်၊ အလွန်တရာ တာဝန်ယူစိတ်ရှိသည့်မောင့်နောက်ကွယ်မှ အလွန်ပင်အတ္တကြီးသော၊ မိမိရည်မှန်းချက်ကို မည်သည့်နည်းနှင့်မျှ ကျမအတွက် ပေးဆပ်ချင်စိတ်မရှိသော စိတ်ရိုင်းများကို တွေ့မြင်လာခဲ့ရပါသည်။ ကျမဘာဆက်လုပ်ရပါမည်နည်း။
မောင့်ဆီမှလည်း ဘာအဆက်အသွယ်မှမရ။ miss call တွေပေးနေတာတောင် ဖုန်းပြန်မခေါ်ခဲ့။ စာမေးပွဲဖြေနေလို့နေမှာပါလေဟု စိတ်ကိုဖြေကာ off line ဖြစ်နေသော မောင့်အကောင့်သို့ မတ်ဆေ့ခ်ျတွေ ချန်ခဲ့သည်မှာလည်းအခါခါ။
“မောင် … သက်တန့်ကိုသနားတဲ့အနေနဲ့ တစ်ခုတော့ ကူညီပေးပါမောင်။ အခုအခြေအနေမှာ မောင်မယူနိုင်ဘူးဆိုရင်လည်း သက်တန့် လက်ထပ်စာချုပ်ပို့လိုက်မယ်။ သက်တန့်ကိုလက်မှတ်ထိုးပေးပါ။ သက်တန့်ကလေးအတွက် အဖေရှိရဲ့နဲ့ အဖေမပေါ်တာမျိုးမဖြစ်စေချင်ဘူး။ မောင် သက်တန့်ကို မယူနိုင်ဘူးဆိုရင်တောင် လက်ထပ်စာချုပ်မှလက်မှတ်ထိုးထားပြီး တစ်ခါထဲ ကွာရှင်းစာချုပ်မှာပါ ထိုးလိုက်ပါ။ သက်တန့် ကလေးအတွက် မျက်နှာမငယ်စေချင်ဘူးမောင်။ သက်တန့် တောင်းဆိုတာမဟုတ်ပါဘူး။ တောင်းပန်တာပါမောင်။ စာချုပ်တွေနဲ့ပက်သက်ပြီး မောင့်ကို သက်တန့် ပြဿနာလုံးဝမရှာပါဘူး ကတိပေးတယ်။ မောင့်ပညာရေး၊ မောင့်မိသားစု အားလုံးကို သက်တန့်ဘာမှမဖျက်ဆီးပါဘူး။ သက်တန့်ကို သနားရင် ဖုန်းလေးဆက်ပြီးဖြစ်ဖြစ်အကြောင်းပြန်ပေးပါနော် …”
မေးလ်ပို့ရန် ရိုက်ထားသော စာများကို ပြန်စစ်ရင်း မျက်ရည်တို့ရစ်ဝဲလာသည်။ ယခုချိန်ထိ အဆက်အသွယ်မလုပ်သေးသောမောင့်ကို လုပ်ရက်လိုက်တာဟုပင် နာကျင်၍မရခဲ့ပါ။ မောင့်ကိုချစ်လွန်းသည့်အတွက် မောင့်ဘဝကို ရိုက်မချိုးချင်သည်ကတစ်ဖက်၊ အပြစ်မရှိသော ရင်သွေးလေးအတွက် အဖေမပေါ်ဘဲ မွေးရမည်စိုးသည်ကတစ်ဖက် အားလုံးကြားတွင် အဆင်ပြေဆုံးဖြစ်စေရန် ကျမသာ ပေးဆပ်ရန် စိတ်ကူးထားမိပါသည်။
မေးလ်တွေပို့ မစ်စ်ကောတွေပေးနေတာတောင် ဖုန်းပြန်မခေါ်သည့် ဘာအကြောင်းမှ မပြန်သည့်မောင့်ကို စိတ်မရှည်နိုင်စွာ ယနေ့တော့ ကျမကပင် ဖုန်းကိုင်သည်အထိခေါ်ရန်ဆုံးဖြတ်လိုက်ပါသည်။
“ တူ … တူ … တူ ..တူ ……”
ဖုန်းသံရှည်က အဆက်မပြတ်ထွက်ပေါ်နေသည့်တိုင် တစ်ဖက်မှ တုန့်ပြန်သံ မကြားရပါ။ တစ်ခါခေါ်လိုက်တိုင်း မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်နှင့် …။ မကိုင်သည်ကို သိတိုင်းလည်း စိတ်ဓာတ်တွေက အလဲလဲအပြိုပြို။ မောင်ရေ ဖုန်းကိုင်ပေးပါ။ ကျေးဇူးပြုပြီး ဖုန်းကိုင်ပေးပါ။ နာကျင်စွာ ဆုတောင်းမိသည်။ မျှော်လင့်ချက်သည် ညအမှောင်တွင် လွင့်ပါးသွားသော အနက်ရောင် ကြိုးစတစ်ချောင်းလို။ ပါးပြင်တွင် မျက်ရည်တွေက စီးကျလျက်။
“ဟယ် ..လို”
မထင်မှတ်ချိန်တွင် ကြားလိုက်ရသောအသံကြောင့် ပြောမပြတတ်အောင်ဝမ်းသာသွားသည်။
“မောင်ရေ… မောင် .. သက်တန့်ပါ … သက်တန့် ပို့တဲ့မေးလ်တွေ ဖတ်ပြီးပြီလားမောင် … သက်တန့်ကို သနားပါမောင်ရယ်…. သက်တန့်တောင်းပန်ပါတယ်”
“ပန်း … သက် .. တန့် …”
တစ်လုံးချင်းရေရွက်နေသည့် မောင့်ရဲ့ လေးတွဲ့သော စကားသံကို နားထောင်ရင်း တစ်ခုခုကို စိုးထိတ်လာမိသည်။
“ငါ့ ဘဝကို မင်းဖျက်ဆီးဖို့ ကြိုးစားနေတာ … ခု မင်းခေါင်းမာနေတာနဲ့ ငါ့ဘဝတော့ သွားတော့မယ်။ ငါ့ဆီဖုန်းမဆက်နဲ့ မင်းအသံကိုမကြားချင်ဘူး … မင်း ငါ့ဆီဘယ်တော့မှ ဖုန်းမဆက်နဲ့ အီးးး ..ဟီးးးး…”
အရက်သောက်၍ဖြစ်မည် လေးပင်နေသော မောင့်စကားသံအဆုံး နာကျင်ကြေကွဲစွာ မောင်ငိုတော့ ကျမ ဤနေရာတွင်ပင် လောင်ကျွမ်းပစ်ချင်လောက်အောင် ဖြစ်သွားသည်။ မောင်ရယ် ကျမအတွက် မောင့် အဲ့လောက်တောင်နာကျင်နေရတယ်တဲ့လား။ ကျမက ကျမတို့၏ ရင်သွေးလေးအား မွေးဖို့ဆုံးဖျက်လိုက်ရခြင်းသည် မောင့်ဘဝကို ဖျက်ဆီးရာရောက်သည်တဲ့လား။ လူ့လောကအတွင်းသို့ လူသားလေးတစ်ယောက် မွေးဖွားခြင်းသည် အညွန့်တလူလူတက်နေသော လူသားတစ်ယောက်၏ ဘဝကို ရိုက်ချိုးရာရောက်သတဲ့လား။ ကျမ ဘာလုပ်ရမည်နည်း။
ဓနိမိုးထရံကာ ခနော်နီခနော်နဲ့၊ နေ့အလင်းဘက်တွင်ပင် အလင်းရောင်လုံလောက်စွာရရှိဟန်မတူ မှောင်မိုက်စိုထိုင်းနေပုံရသည့် အိမ်သေးသေးလေးတစ်လုံးရှေ့တွင် ခြေချမိသည်နှင့် ကြောက်ရွံ့တုန်လှုပ်စွာ ဖြင့် လက်ထဲတွင်ကိုင်လာသော ခရီးဆောင်အိတ်လေးအား တင်းကျပ်စွာပွေ့ဖက်ထားလိုက်မိသည်။ ရှေ့ဆက်တိုးရမည်လား၊ နောက်ပြန်လှည့်ကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားရမည်လား ကျမယခုအချိန်ထိ မသေချာသေးပါ။ ကျမ၏ ခြေတစ်လှမ်းတွင် အပြစ်ကင်းစင်ရှာသော လူသားလေးတစ်ယောက်၏ ကံကြမ္မာရှိသည်။ ကျမ၏ ခြေတစ်လှမ်းတွင် ကျမချစ်သောသူများ၏ အနာဂတ်တွေ၊ ဂုဏ်သိက္ခာတွေ၊ အရှက်တရားတွေရှိနေသည်။ တွေဝေနေရင်းမှ လွန်ခဲ့သောတစ်ရက်နှစ်ရက်ဆီက ကြောင်းအရာတွေကို ပြန်တွေးမိသွားသည်။ မှတ်မှတ်ရရပါ … ကျမ၏အခန်းလေးထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာ လဲလျောင်းနေရင်း ဖုန်းမြည်သံကြား၍ ကျမကိုင်လိုက်သည့်အခါ …
“ဟယ်လို …”
“ဟယ်လို … သက်တန့်လား … တို့ နွေးနွေးပါ”
ကျမထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ရန်ကုန်တွင်ရှိသော ကျမချစ်သောမောင်၏ အစ်မလတ်ဆိုသူပင်။
“အော် .. ဟုတ် နွေး.. အဲ့ မမနွေး”
မောင်ခေါ်သလို နွေးကျိဟု ခေါ်မိတော့မလိုဖြစ်ပြီးမှ ထိုသို့ခေါ်လျှင် ကြိုက်မှာမဟုတ်ကြောင်း မောင်ပြောထားတာကိုသတိရသွားသဖြင့် မမနွေးဟုခေါ်မိသည်။ မမနွေးသည် တည်ငြိမ်သော လေသံခပ်အေးအေးလေးဖြင့်ပင် ကျမအား စကားဆိုသည်။
“အင်း … တို့ပြောချင်တာလေးရှိလို့၊ ပြောရမှာလည်းအားနာပါတယ်ကွယ်၊ မိန်းခလေးချင်းကိုယ်ချင်းမစာရာရောက်မှာဆိုးလို့၊ တို့မှာလည်း သမီးလေးမွေးထားတာဆိုတော့လေ၊ အဲ … ဒါပေမယ့်လည်း မပြောလို့ကမဖြစ်”
“ဟုတ်ကဲ့ … ပြောပါမမနွေး သက်တန့်နားထောင်နေပါတယ်၊ အားမနာပါနဲ့”
“ဒီလိုကွယ် … တို့မောင်လေး နေမခ နဲ့ သက်တန့်နဲ့ကို ဘယ်လိုမှ သဘောမတူနိုင်ဘူးဆိုတာပါ။ တို့မောင်လေးက အိမ်မှာအငယ်ဆုံးလေ။ တစ်ဦးတည်းသောသားလည်းဖြစ်တယ်။ အဲ့တော့ ပါပါးခေါင်းစီးကို သူယူရမှာဆိုတော့ကာ ဗမာနဲ့ယူလို့မဖြစ်ဘူးလေ။ ယူလိုက်ရင် ပါပါးမျိုးဆက်ပြတ်သွားမှာ။ အဲ့ဒါကို ပါပါးရော မာမားရော လုံးဝလက်ခံမှာမဟုတ်ဘူး။ တို့လည်းလက်မခံနိုင်ဘူး။ အဲ့ဒါ သက်တန့် နားလည်ပေးပါ။ ပြီးတော့ နေမခ လည်း ခုတစ်လော သက်တန့်အတွက် အရမ်းစိတ်ညစ်ရတယ်ပြောတယ်။ နေမခ ကို ခုချိန်စာပဲလုပ်စေချင်တယ်။ အသေးအဖွဲကိစ္စလေးကအစ ဒုက္ခတွေမပေးစေချင်ဘူး။ ပြီးတော့ နေမခစိတ်ကို တို့သိတယ်။ သူက လူတစ်ယောက်ကိုချစ်ရင် ချစ်နေတဲ့အချိန်သာ အရမ်းအသဲအသန်ဖြစ်တာ။ ပြီးတော့လည်း ပြီးသွားရော။ သက်တန့်ရှေ့ဆက်တိုးရင် သက်တန့်ပဲ ပိုထိခိုက်ခံစားရမှာမို့ ခုကထဲက နောက်ဆုတ်စေချင်တယ်”
အသံမထွက်ဘဲ ငိုရှိုက်နေရာမှာ စကားသံအဆုံးတွင် အသံကိုထိန်းလျက် ကျမဆုံးဖြတ်ချက်တစ်ခုကိုလည်း သေချာစွာချမှတ်ပြီး စကားပြန်ပြောလိုက်သည်။
“စိတ်ချပါမမနွေး … သက်တန့်ကြောင့် မမနွေးတို့မိသားစု စိတ်အနှောက်အယှက် မဖြစ်စေရပါဘူး။ သက်တန့်ကတိပေးပါတယ်”
တစ်ဖက်မှ ဖုန်းချသွားအပြီးတွင် ဝမ်းနည်းနာကျင်စွာ ငိုချလိုက်မိသည်။ ဖေဖေနှင့် မေမေအား ဖွင့်ပြောကာ အရာရာကိုရင်ဆိုင်တော့မည်ဟူသော ကျမ၏စိတ်ကူးလေးသည် တစ်စစီပင် လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။ ကျမ ဘယ်လိုအကာအကွယ် ဘယ်အားကိုးနှင့် အရာရာကို မည်သို့မည်ပုံ ရင်ဆိုင်ရပါမည်နည်း။ ကျမချစ်သူ၏ မိသားစုဟူသော ပတ်သက်မှုလေးနှင့်ပင် ထိုမိသားစုအား ကျမအတွက်စိတ်အနှောက်အယှက်မဖြစ်စရန် ကတိပေးလိုက်သောကျမသည် ကျမကိုချစ်သော ကျမအားချစ်သော ကျမမိသားစုလေးအား ကျမအတွက်၊ ကျမတစ်ယောက်ထဲ၏ စိတ်ခံစားချက်သက်သက်နှင့်ပင် ဂုဏ်သိက္ခာညှိုးနွမ်း၊ အရှက်ရစေရန် မည်သို့မည်ပုံ မည်သည့်သတ္တိဖြင့် လုပ်ဝံ့ဖို့ကြိုးစားခဲ့မိပါသနည်း။ ကလေးရယ် မေမေ့ကို ခွင့်လွှတ်ပါ။ မောင်ပြောခဲ့သလိုပင် လူများစွာတို့၏ ဂုဏ်သိက္ခာနှင့် အရှက်အတွက် ……. ကျမဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာချရပေတော့မည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရစ်ဝဲကျလုနီးပါ မျက်ရည်တို့ကို ထိန်းရင်းကျမခြေလှမ်းတွေ ရှေ့သို့လှမ်းလိုက်မိသည်။ နှုတ်ခမ်းသားတွေအား ပြတ်ထွက်မတတ်ကိုက်ထားရင်း ရင်ထဲမှတစ်ဆစ်ဆစ်နာနေသည်။ စိတ်ထဲမှလည်း အကြိမ်ကြိမ်တောင်းပန်နေမိသည်။ ကလေးရယ် မေမေ့ကို ခွင့်လွှတ်ပါ။ မေမေ့ ပတ်ဝန်းကျင်က လူတွေရဲ့အရှက်သိက္ခာတွေနဲ့ အနာဂါတ်တွေကို ရင်းပြီးမွေးလာတဲ့ကလေးဟာ နေမခ လို တာဝန်မသိ အတ္တကြီးတဲ့ လူသားယောကျာ်းလေးတစ်ယောက် ဖြစ်လာမှာကို မေမေကြောက်တယ်။ မေမေ့လို အဖြစ်မျိုးနဲ့ကြုံရပြီး နာကျင်ဝမ်းနည်းရမယ့် မိန်းကလေးတစ်ယောက် ဖြစ်လာမှာလည်း မေမေတွေးကြောက်တယ်။ ကလေးရယ် အားလုံးအတွက် စတေးပေးရတယ်လို့ မှတ်ယူလိုက်ပါကွယ်။ မေမေ့ကို မမုန်းပါနဲ့။
နင်းလိုက်တိုင်း တကျွီကျွီမြည်နေသော စွတ်ဆိုထိုင်းမှိုင်းသည့် ဝါးကြမ်းခင်းပေါ်တွင် ငြိမ်သက်စွာ ထိုင်နေမိသည်။ အပြင်ကကြည့်လျှင် ခြောက်ခြားစရာကောင်းသလောက် အတွင်းပိုင်းတွင်လည်း ကျက်သရေကင်းမဲ့လှသည်။ အိမ်သေးလေးထဲတွင် အခန်းသေးလေးတွေးကန့်ထားပြီး ညစ်ထေးနေသော အဝတ်လိုက်ကာတစ်ခုစီဖြင့် ဝင်ပေါက်များကို ကာရံထားသည်။ အနံ့အသက်များကလည်း ညှီစို့စို့နှင့် ကျမထက်အရင် ရောက်နှင့်နေပုံရသော အဖွားကြီးတစ်ယောက်၊ အသက် ငါးဆယ်ကျော်အရွယ် အဒေါ်ကြီးတစ်ယောက်နှင့် ကျမထက်ပင်ငယ်ပုံရသော ကောင်မလေးတစ်ယောက်။ အားလုံးက စကားတစ်ခွန်းမျှပင်မဆိုဘဲ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
“ဟယ် … ဧည့်သည်တွေတောင်ရောက်နေကြပြီကိုး။”
အသက် လေးဆယ်ကျော်အရွယ် ဆံပင်ဖိုသီဖက်သီမိန်းမကြီးသည် ကလေးတစ်ယောက်ကို ခါးတစ်ခွင်ချီလျက် နောက်နားတွင် ခုနစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က ထမီစဆွဲလျက်ဖြင့် အိမ်ပေါ်တက်လာသော ထိုမိန်းမကြီး၏အသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ထို့နောက် ချီလာသောကလေးအား ကလေးမလေးထံသို့ပေးရင်း လမ်းထိပ်ထွက်ထိန်းရန် မှာကြားနေသည်။ မိန်းမကြီးက ကျမအနားတွင်ကပ်ထိုင်ကာ ကျမအားတရင်းတနှီးဆက်ဆံလာသည်။
“သမီး … အဖော်မပါဘူးလား၊ မပါလည်း ဘာမှမပူနဲ့နော် … ဒီမှာပဲ အားလုံးပြီးတဲ့ထိနေဖို့ပြောထားတယ်မို့လား။ အစ်မက သူနာပြုလုပ်ဖူးတယ်လေ။ စိတ်ချရပါတယ်။ တော်တော်များများ အစ်မဆီပဲလာကြတာ။ တစ်ချို့မွေးလည်း အစ်မနဲ့မွေးတာလေ။ ခုနက ကလေးတွေတွေ့လား။ အဲ့ဒါ အဒေါ်တို့ကလေးတွေမဟုတ်ဘူး။ လာမွေးကြတယ်တစ်ချို့က မွေးပြီး ထားခဲ့လို့ အဒေါ်တို့က ဆက်မွေးထားရတာ။”
အာပေါင်အာရင်းသန်သန် ပြောပြနေသော အဒေါ်ကြီး၏စကားများကို ကျမအံ့အားသင့်စွာနားထောင်နေမိသည်။ ပြောနေရင်းမှ ကျမထက်အရင်ရောက်နှင့်နေသော သုံးယောက်အား နှုတ်ဆက်နေသည်။
“အရီးလေး … နှင်းပွင့်ဟာ မကျသေးဘူးလား။ အခုနဲ့ဆို သုံးခေါက်ရှိနေပြီမဟုတ်လား။”
“အေးကွယ် … လူယုတ်မာသွေးမို့ထင်တယ် တယ်ပြီးမကျချင်ပါဘူး။ ခမျာလည်း တစ်ငိုငိုတစ်ရီရီနဲ့ နာလို့ထင်ပါ့။ စိတ်ဆင်းရဲပါတယ်အေ”
အဖွားအို၏ ခြောက်ကပ်ကပ်ဖြေသံအဆုံးတွင် ခဏမျှတိတ်ဆိတ်သွားသည်။
“အဲ့ဒါ အခုအခန်းထဲမယ် အစ်မလုပ်ပေးနေတဲ့ လူနာရဲ့ အဖွားလေ။ ရည်းစားထားပြီး ဟိုက ဗိုက်တစ်လုံးနဲ့ပစ်ခဲ့တာ။ ယူခိုင်းလဲမယူလို့ဒီရောက်လာတာ။ လကတော်တော်ရင့်နေတော့ ကလေးကတော်တော်နဲ့မကျဘူးထင်တယ်။ ဒါမျိုးက စောစောလာတာပိုကောင်းတယ်။ သမီးရော ဘယ်နှစ်လရှိပြီလဲ”
ကျမအလန့်တကြားခေါင်းခါမိသည်။ ဘုရား၊ဘုရား မောင့်လိုလူက မောင့်တစ်ယောက်ထဲမှမဟုတ်ပါလား။ အဒေါ်ကြီးက အလိုက်ကန်းဆိုးမသိစွာ စကားဆက်သည်။
“ဟိုဘက်ကသားအမိလေ … အမေက ရပ်ကွက်ထဲမှာ အဝတ်လှည့်လျော်တယ်။ သမီးလေးက မျက်စိလည်းမမြင်ဘူး။ စကားလည်းမပြောတတ်ရှာဘူးလေ။ အဲ့ဒါကို ဘယ်လူယုတ်မာက ဘယ်ချိန်ကစော်ကားသွားမှန်းမသိပါဘူး။ ခမျာ စကားလည်းမပြောတတ်တော့ နှစ်လရောက်လို့ အော့နေအန်နေမှသိတာ”
နှလုံးသွေးများဒိန်းကနဲ တိုးဆောင့်ပြီး အသွေးတွေအသားတွေ ပြောင်းပြန်စီးဆင်းနေသလိုခံစားလိုက်ရသည်။ ဒီလောက်ယုတ်မာတဲ့သူလည်း ရှိသေးသလားဟု တွေးမိပြီး ဘယ်လိုမိခင်ကများ သည်လိုယုတ်မာတဲ့သားတွေ မွေးဖွားခဲ့မယ်လို့ ကြိုတွေးမိခဲ့ပါမလဲနော်။ ငြိမ်သက်စွာထိုင်နေသော လောကကြီး၏အပြင်ဘက်တွင် ရောက်နေသည့်ပုံမျိုးနှင့် မိန်းကလေးငယ်အားကြည့်ရင် စိတ်ထိခိုက်စွာ ခံစားရသည်။ အော် … ယောကျာ်းတစ်ယောက်ရဲ့ စိတ်ဆိုးစိတ်ယုတ်တွေဟာ အဆင့်အတန်းတွေ၊ ပတ်ဝန်းကျင်တွေ၊ မိဘမျိုးရိုးတွေ ဘယ်လောက်နိမ့်နိမ့် ဘယ်လောက်မြင့်မြင့် ထွက်ပေါ်လာတတ်ကြတာပါလား။ နေ့စဉ် ကမ္ဘာပေါ်တွင်မွေးဖွားလာသော ကလေးများအနက် ယုတ်မာရိုးဆိုင်းလာမည့် ဆိုးရွားသည့် နတ်ဆိုးလေးများက ဘယ်နှစ်ယောက်ပါနေမည်နည်း။ လူသားတစ်ယောက်အား ကိုးလလွယ်ဆယ်လဖွား အသက်လုမွေးထားရပြီး မိမိမွေးသောသားသည် လောကကြီးအားအကျိုးမပြု ဆိုးကြိုးများပေးစွမ်းသောသူဖြစ်ကြောင်း သိရလျှင် မည့်သို့ခံစားရမည်နည်း။
အတွေးနှင့်ငြိမ်သက်နေရင်းမှ သတဝင်လာသောအချိန်တွင် ကျမဘေးတွင် မည်သူမျှရှိမနေတော့ပါ။ ကျမ၏ဘေးတွင် စကားတွေဖောင်ဖွဲ့ခဲ့သည် အမျိုးသမီးကြီးသည် အခန်းငယ်တစ်ခုအတွင်းမှထွက်လာပြီးကျမအား …
“သမီး … ဆီးသွားထားလိုက်နော် … ဆီးအိတ်ခံနေရင် စမ်းလို့မရဘူး၊ ဆီးသွားပြီးရင် ဒီအခန်းထဲဝင်လာနော် ထမီလဲရင်လဲလိုက်” ဟု ပြောရင်း ရေအိမ်ရှိရာဘက်သို့ ကျမအား ညွှန်ပြပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မီးရောင်ခပ်မှိန်မှိန်ထွန်းထားသော အခန်းထဲတွင် အသင့်အနေအထားနှင့်လဲလျောင်းနေရင်း တွယ်ယာမဲ့လက်အစုံက မေမေ့ကို တမ်းတမိသည်။ အူအသည်းတို့ကို အရှင်လတ်လတ် ဆွဲဆုတ်ကုတ်ချနေသည့် နာကျင်မှုအား မျက်ရည်ပိုးပိုးပေါက်ပေါက်ကြားမှအံကြိတ်ခံရင်း လက်တွေက ကြမ်းပြင်တွင်ခင်းထားသော စောင်ပါးလေးအား အားကိုးတစ်ကြီး ဆုပ်ကိုင်မိသည်။ မေမေရေ …. နာကျင်လွန်းသောကြောင့် အသံထွက်တမ်းတမိသည်။
“ပြီးတော့မယ်သမီး … စမ်းလို့မိနေပြီ … ခနပဲသီးခံလိုက်နော် … သုံးလဆိုတော့ အသားတုံးလေးဖြစ်နေပြီ။ နောက်နေ့တွေ ဒါကျသွားရင် ကလေးမွေးသလိုနာနေဦးမှာ … ခုက ခနသီးခံလိုက်နော်။”
တိုးသွားလိုက် ကျယ်လာလိုက်နှင့် လက်သည်အဖွားကြီး၏အသံအား သတိလက်လွတ်ဖြစ်မသွားခင် ကြားလိုက်ရသည်။ နာကျင်မှုက ငရဲတစ်ခုလိုပင်။ ခဏသာကြာလိုက်ပေမယ့် ကျမအတွက်က အလွန်ပင်နာကျင်ခတ်ခဲသော ခရီးရှည်ကြီးတစ်ခု ဖြတ်သန်းလိုက်ရသလိုပင်။ ကိစ္စများပြီးသွားသောအခါ နာကျင်မှုက လျော့မသွားပါ။ ဝမ်းထဲမှအောင့်တောင့်တောင့်နှင့် ရေအိမ်သွားချင်သလိုလို ဘာလိုလိုဖြစ်နေသည်။ လူက လှုပ်ပင်မလှုပ်ချင်တော့။ လက်သည်၏ ညီမဖြစ်သူ စကားများသော မိန်းမကြီး၏ ဆန်ပြုတ်တစ်ခွက်ကို ကျိတ်မှိတ်သောက်ရင်း အနံ့အသက်တို့ဆိုးရွားပြင်းထန်သော အခန်းလေးထဲမှနေ၍ နွေးထွေးသော ကျမ၏အခန်းနှင့် ချိုသာသောမေမေ့အသံ မေမေ့ရင်ငွေ့ကို လွမ်းဆွတ်နေမိသည်။
ဒီအချိန်ဆို မေမေသည် ကျမအား သူငယ်ချင်းများနှင့် ဘုရားဖူးထွက်ကာ ပျော်နေပြီဟုထင်တော့မည်။ ဖုန်းအားမေ့ချင်ယောင်ဆောင်ပြီး ထားခဲ့တာသိလျှင် ဖေဖေကတော့ စိတ်တွေပူတော့မည်။ မေမေနဲ့ဖေဖေ သမီးကိုခွင့်လွှတ်ပါ။ သမီးအမြန်ဆုံး ပြန်လာပါ့မယ်။ သမီးအပြစ်တွေအတွက် ဖေဖေနဲ့ မေမေဆီမှာ သမီးပြန်ပေးဆပ်ပါ့မယ်။ နာကျင်မှုက အချိန်ကြာလာသည်နှင့်အမျှ သက်သာမလာဘဲ တိုး၍သာလာနေသည်။ ဝမ်းဗိုက်အတွင်းမှ နေ၍ ကလီဆာတွေအားလုံးအား တစ်စုံတစ်ယောက်က ဆုတ်ဆွဲဖျစ်ညှစ်နေသည့်အတိုင်းပင်။ နာလှချည်ရဲ့။ တလူးလူးတလှိမ့်လှိမ့်ဖြင့် နာကျင်မှုကို ရင်ဆိုင်နေရသည်။ အဆမတန်နာကျင်လွန်း၍ အော်ဟစ်မိသည့်အခါ အဒေါ်ကြီးမှလာ၍ ကျမ၏လက်များအားဆုပ်ကိုင်လျက် ဘုရားစာကို သွင်သွင်ရွတ်ရင်းအားပေးရှာသည်။ မေမေသာဆို ဘယ်လောက်ကောင်းလိုက်မလဲနော်။ အနည်းငယ်သက်သာသလိုရှိ၍ မှေးခနဲအိပ်ပျော်သွားသည့်အခါတွင်လည်း အိပ်မက်ဆိုးများက နှိပ်စက်လှသည်။
အိပ်မက်ထဲတွင် ကျမသည် ဝါဂွမ်းဖက်လေးတွေလို နူးညံ့အိစက်နေသော ပါးဖောင်းဖောင်းလေတွေပိုင်ဆိုင်သည့် နီထွေးနေသော နှုတ်ခမ်းလေးတွေနှင့် အပစ်ကင်းစင်စွာ အိပ်ပျော်နေသော ကလေးတစ်ယောက်အား တယုတယချီပိုးထားသည်။ ထိုကလေးအား ချစ်မြတ်နိုးစွာ နမ်းရှိုက်မည်အပြုတွင် ကလေးငယ်မှ နီထွေးနေသော သွေးခဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျမသည်လည်း တစ်ကိုယ်လုံး သွေးရောင်ခြုံလွှမ်းသွားသည်။ ထိုကြောက်စရာကောင်းသောအိပ်မက်များမှ နာကျင်စွာနိုးထလာတိုင်း အတိုင်းမသိနာကျင်မှုကို ထပ်မံခံစားရသည်။ နောက်နေ့များတွင် ကျမအား နာကျင်နေသည့်ကြားမှ လမ်းလျှောက်ခိုင်းသည်။ သူတို့အဆိုတော့ ကလေးကျအောင်တဲ့။ လျောက်နေရင် တစ်ချက်တစ်ချက် ကျမထံမှ စီးကျလာသောသွေးများကို ကျမကိုယ်တိုင် မြင်ရသည်။ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲခြင်းက တစ်စက္ကန့်လေးသော်မှ ယုတ်လျော့မသွားပါ။
ငြိမ်သက်စွာ လဲလျောင်းနေလျှင်တော် တမျှင်းမျှင်းနှင့် နာကျင်မှုက နှိပ်စက်နေသည်။ သူတို့ပြောသည့်အတိုင်းဆိုလျှင် ကလေးမွေးလျှင်လည်း ထိုသို့ပင်နာကျင်ရသည်တဲ့။ မှန်ထဲမှ ကျမကိုယ်ကျမကြည့်ကာ ထိတ်လန့်မိသည်။ နှုတ်ခမ်းတို့ကဖြူဖျော့လျက် ဆံပင်တွေက ဖိုသီဘက်သီနှင့် မေမေသာကျမပုံကိုမြင်လျှင် အတော်ပင်ခံစားရပေမည်။ မေမေရေ အသက်စွန့်ပြီး သမီးတစ်ယောက်မွေးခဲ့တာ လူတစ်ယောက်ရဲ့အစော်ကားခံဖို့လား၊ ဒီလိုလူမဆန်တဲ့အရာတွေလုပ်ဖို့လား၊ သမီးကိုခွင့်လွှတ်ပါမေမေ။ ဝေဒနာပြင်းထန်လာလျှင် အခန်းကျဉ်းလေးထဲတွင် အထီးကျန်စွာ ဝေဒနာကိုအံတုလျက် အနည်းငယ်သက်သာလျှင် လမ်းလေးလျှောက်လိုက် အိမ်ရှေ့တွင်ထိုင်လိုက်နှင့် သုံးရက်ကြာ ကျော်ဖြတ်လာရသည်။ အိမ်ရှေ့ခန်းထိုင်နေချိန်တွင် လက်သည်ညီအစ်မမွေးထားသည်ဆိုသော ကလေးများနှင့် စကားစမြည်ပြောဖြစ်သည်။ ကလေးတွေကတော့ အပစ်ကင်းလိုက်လေခြင်း။ ကလေးတွေမြင်လျှင် ကျမ၏ ဖြစ်တည်ခွင့်ပင်မရလိုက်ရှာသော ကလေးလေးအတွက် ဝမ်းနည်းပူဆွေးမိသည်။ လူနှစ်ယောက်ချစ်ခြင်းအစွန်းတစ်ဖက်တွင် နောက်ထပ်လူသားလေးတစ်ဦး ဖြစ်တည်လာတတ်ပြီး အခြားအစွန်းတစ်ဖက်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခြင်းဟူသော ဖြစ်ရပ်တွေကလည်း ဒွန်တွဲနေတတ်ကြလေသည်။
မိမိရင်မှဖြစ်သော သွေးနှင့်သားနှင့်တည်ဆောက်ထားသည် ဤလူသားကလေးငယ်များအား အသက်ရှင်သန်ရန်ပင် မိမိအသက်နှင့်ရင်း၍ လူ့လောကထဲသို့ရောက်အောင် မွေးဖွားပြီးမှပင် ဘာလို့စွန့်ပစ်ခဲ့ကြသနည်း။ စွန့်ပစ်ခံရခြင်း ဒဏ်ရာ၊ မပြည့်မစုံကြီးပြင်းလာရခြင်း ဒဏ်ရာများနှင့် လူ့လောကအလည်တွင် သူတကာနှင့်မတူအောင် နာကျင်ခံစားစေလျက် ရှင်သန်နေစေခြင်းသည် သူတို့အား ဆိုးရွားသော ကြိမ်စာတိုက်ခြင်းပင်ဖြစ်သည်။ ယောကျာ်းလေးနှင့် မိန်းကလေးတစ်ယောက် ချစ်ကြခြင်းသည် အထူးအဆန်းမဟုတ်။ တစ်ယောက်နှစ်တစ်ယောက် အခန့်မသင့်၍ စွန့်ခွာပစ်ခြင်းသည်လည်း အထူးအဆန်းမဟုတ်ပေ။
သို့သော် ကျမလို ယခုလိုအခြေအနေထိရောက်ရှိပြီးမှ စွန့်ခွာပြေးခြင်းမျိုးသည်ကား တာဝန်မဲ့သော လူမဆန်သော ယုတ်မာရိုင်းစိုင်းသော လုပ်ရက်မျိုးဖြစ်သည်။ ထို့ထက်ပို၍ အပြစ်မဲ့သော ကလေးတစ်ယောက်အား ညစ်နွမ်းသောကံကြမ္မာဖြင့်ရှင်သန်ကြီးပြင်းစေခြင်းသည် ပို၍ပင် လူမဆန်ခြင်းပင်။ ကလေးရယ် မေမေ့ကို ခွင့်မလွှတ်ပါနဲ့တော့။ ကလေးကံကြမ္မာကို မေမေဆုံးဖြတ်လိုက်တာ မှားပါတယ်။ ဒါပေမယ့် ကလေးသာညစ်နွမ်းတဲ့ လူ့လောကထဲကို မျက်နှာငယ်နဲ့ရောက်လာရရင် ကလေးတစ်ယောက်ထဲတင်မဟုတ်ပါဘူး အားလုံးနာကျင်ခံစားကြရမှာပါ။ မေမေလုပ်ခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေအတွက် ကလေးကို အမျှပေးပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ရှင်သန်ခြင်းမျိုးနဲ့ မြင့်မြတ်ရိုးသားတဲ့ ပတ်ဝန်းကျင်မှာသာ ကလေးလူဖြစ်ပါစေ။ ကလေးအတွက် မေမေဆုတောင်းပေးပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ခုခုမှားယွင်းနေပြီဟု သိလိုက်ရချိန်တွင် မလှုပ်ရှားနိုင်လောက်အောင်ပင် တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေသည်။ ယနေ့လည်း ခါတိုင်းလိုပင် လမ်းအနည်းငယ်လျှောက်နေရာမှ ဗိုက်ထဲမှ အလွန်တရာအောင့်လာသည်။ နေရာတွင်ပင် ဗိုက်ကိုနှိပ်နေရင်းလဲကျသွားသည့်အခါ ကျမခြေထောက်ကြားတွင်တွေ့လိုက်ရသည်က သွေးခဲ့များနှင့် ကျစီးနေသော နီရဲစွန်းထင်းနေသည့် သွေးများ။ အရာရာသည် မှောင်တစ်လှည့်လင်းတစ်လှည့်။ သို့သော် ကျမမနာကျင်တော့ပေ။ တစ်ချက်တစ်ချက် ကျမမြင်ကွင်းတွင် မေမေ့ကိုမြင်ရသည်။ စိုးရိမ်တကြီး ကြေကွဲဝမ်းနည်းစွာရှိနေသည့်မျက်နှာနှင့် မေမေ။ မျက်နှာကြီးနီမြန်းလျက် ကြေကွဲနာကျင်မှုကို မြိုသိပ်နေရသည့်ပုံနှင့် ကျမ၏ ချစ်လှစွာသောဖေဖေ။ လက်အုပ်ချီမိုး၍တောင်းပန်ရန် လက်အစုံကို ကြိုးစား၍လှုပ်ရှားလိုက်သည်။ အို … ကျမလက်တွေ လေးလံလွန်းလှပါတကား။ လက်နှစ်စုံ ထိလုချိန်တွင် မေမေ့ထံမှ နာကျင်စွာငိုကြွေးသံကို ကြားလိုက်ရသည်။ မငိုပါနဲ့မေမေ။ အရာရာအားလုံးသည် တဖြည်းဖြည်း မှောင်မိုက်သွားသည်။ ကလေးတစ်ယောက်ငိုကြွေးသံကို ကျမကြားနေရသည်။ သား …. သား ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်နှစ်ကြာပြီးနောက် ….
နွေတွင်ရွက်ဝါတွေမြေခ၍ ရွက်သစ်ဖူးတွေဝေကြသည်။ ကုန်ဆုံးသွားခဲ့သော နွေညနေခင်းတစ်ခုအတွက် တသသငိုကြွေးသူမရှိခဲ့။ အားလုံး ပုံမှန်ပင် ရွေ့ရွေ့တိုက်စားပြောင်းလဲလျက်။ မိုးရော ဆောင်းရောအတူတူပင်။ မည်သူမျှ စွန့်ပစ်ဆုတ်ဖြဲလိုက်သော ပြက္ခဒိန်တစ်ခုအတွက် ဝမ်းပန်းတနည်းမဖြစ်ခဲ့ကြ။ ပန်းတွေလှပစွာဖူးဖွင့်ကြသည်။ အချိန်တန်လျှင် လှပစွာပင် နွမ်းခြောက်ပဲ့ကြွေသွားကြသည်။ ဖူးစပွင်စပန်းလေးတစ်ပွင့် လက်သရမ်းတတ်သည့် လူတစ်ယောက်ကြောင့် အချိန်မတန်မီ ကျိုးကြေပျက်စီးသွားခဲ့ခြင်းအတွက် မည်သူမှ အပြစ်မဆို။ ဇာတ်ကားထဲမှ မင်းသမီးလေးတစ်ယောက် လှပသော၊အရောင်အသွေးစုံလင်သော ပန်းလေးတစ်ပွင့်အားခူး၍ ပွင့်ချက်များကို တစ်စစီခြွေချနေသည့် ရိုမန့်ဆန်သောပြကွက်တစ်ခုတွင် မည်သူကမှ ပန်းကလေးနေရာဝင်၍ နာကျင်ခံစားပေးမည့်သူ မရှိကြ။ အားလုံးက ဖာသိဖာသာ မသိမသာပင် ပုံမှန်လည်ပတ်ကျော်ဖြတ်သွားကြသည်။ အရာအားလုံး .. ကျမတို့ လူသားများအားလုံး ….
အမှိုက်သရိုက်တို့ကင်းစင်နေပြီး ရွှေရောင်၊ သာသနာရောင်၊ သင်္ကန်းရောင်တို့ဖြင့် ဖုံးလွှမ်းနေသော ကြီးကျယ်ခမ်းနားသည့်ဘုန်းကြီးကျောင်းတစ်ခုအတွင်းတွင် ကားကြီးကားငယ်အသွယ်သွယ်တို့ဖြင့် လှပစွာ၊ ခမ်းနားစွာ ဝတ်စားလာကြသောလူအချို့ဖြင့် စည်ကားနေသည်။ လူတွေကြည့်ရသည်မှာလည်း အပြုံးကိုယ်စီဖြင့်။ အဝတ်အစားအရောင်တို့နှင့်အပြိုင် မျက်နှာပေါ်မှအပြုံးများက တလတ်လတ်တောက်ပလျက်။ ခဏအကြာတွင် လှပစွာတန်ဆာဆင်ထားသည့် ကားအကောင်းစားကြီးတစ်စင်းထိုးဆိုက်လာသည်။ ကားတခါးဖြတ်ကနဲပွင့်သွားပြီး မြန်မာသတို့သားဝတ်စုံဖြင့် ကျက်သရေရှိစွာ ချောမောနုနယ်နေသည့် ကောင်လေးတစ်ယောက်ဆင်းလာပြီး သူ့နောက်တွင်လည်း အလွန်လှပချစ်စဖွယ်ကောင်းသည့် မြန်မာဝတ်စုံဝတ် နတ်သမီးလေးအလားထင်မှတ်မှားလောက်သည့် သတို့သမီးလေးဆင်းလာသည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးကြည်နူးမှုများဖြင့် ကြည့်လျက်လက်ချင်းယှက်တွဲကာ ဘုန်းကြီးကျောင်းခန်းမကျယ်ကြီးအတွင်းသို့ လှမ်းဝင်သွားကြသည်။
လာရောက်ချီးမြှင့်ကြသော လူအများကလည်း လှပနုနယ်လိုက်ဖက်လွန်းသည့် ဤမင်္ဂလာမောင်နှံအား အားကျချီးမွမ်းသည့်အကြည့်တို့ဖြင့် ငေးမောပျော်ရွှင်နေကြသည်။ ခန်းမကြီး၏ ထိပ်ဆုံးဖက်တွင် ဖိတ်လတ်နေသောကတ္တီပါစကြီးပေါ်၌ ဖောင်းကြွစွာ လှပတည်ရှိနေသော စာလုံးအချို့ …
“မောင်နေမခ နှင့် မလရိပ်ချို တို့၏ မင်္ဂလာဦး ဆွမ်းကြွေးအလှူ”
ကျောင်းတိုက်ကြီး၏ တစ်နေရာတွင် ယောဂီဝတ်အဘိုးအိုတစ်ယောက် စင်္ကြံလျောက်ရင်း တစ်နေ့ထဲတွင်ကြုံခဲ့ရသော အလှူပြုသူအလှူရှင်များ၏ ရည်ရွယ်ချက်များအားနှိုင်းယှဉ်လျက် လောကြီး၏ မမြဲသောအနိစ္စသဘောတရားများကို ဆင်ခြင်သုံးသပ်ကာ သံဝေဂတရားပွားများလျက်ရှိ၏။ အကယ်၍များ … အကယ်၍များပေါ့လေ…. ကျောင်းတိုက်ခန်းမဆောင်အတွင်းရှိ မင်္ဂလာမောင်သတို့သားလေးသော်လည်းကောင်း သတို့သားလေး၏ သက်ဆိုင်ရာဆွေမျိုးမောင်နှမ မိသားစုလေးအတွင်းမှ တစ်ယောက်ယောက်သော်လည်းကောင်း ကျောင်းတိုက်အတွင်း တစ်နေရာတွင် တစ်ဝက်တစ်ပျက် စာအချို့နှင့် ငြိမ်သက်စွာထောင်မတ်နေသည့် ဝှိုက်ဘုတ်လေးမှ စာသားများအား ဖတ်ရှုမိခဲ့ပါလျှင် ….
“ကွယ်လွန်သူ မပန်းသက်တန့် အသက် (၁၉) နှစ်အား ရည်စူး၍ တစ်နှစ်ပြည့် အရုဏ်ဆွမ်းကပ်လှူခြင်း”
ကျမတို့နေ့စဉ်လှုပ်ရှားရုန်းကန်နေကြသော ကျမတို့လူသားအများ၏ ပတ်ဝန်းကျင်တွင် လူသားတွေတစ်ဦးနှင့်တစ်ဦး ချစ်ကြသည်။ ချစ်ပြီးလျှင် အလွယ်တကူ စွန့်ပစ်ကြသည်။ ချစ်သည်ပစ်သည် သံသရာတွင် အလွယ်တကူ ကျင်လည်ရင်း တစ်စတစ်စ လူတစ်ယောက်၏ဘဝ အထူးသဖြင့် မိန်းကလေးတစ်ယောက်၏ဘဝအား သွယ်ဝိုက်စွာ နင်းခြေဖျက်ဆီး သတ်ဖြတ်ခြင်းအမှုကိုအကြင်နာကင်းမဲ့စွာ ပြုလုပ်ရင်း လောကအလှကို ဖျက်ဆီးနေလျက်နေကြပေသည်။ ပန်းတစ်ပွင့်ပျက်ဆီးကြေမွခံရခြင်းသည် ပန်းဥယျာဉ်ကြီးတစ်ခုအတွက် မထူးခြားပေမယ့် ပန်းပွင့်လေးကိုယ်တိုင်အတွက်တော့ သူ့ဘဝသူ့အခွင့်အရေးကို ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရခြင်းပင်ဖြစ်ပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အလွမ်းစက်တင်ဘာ
အောက်တိုဘာ ၃