Archive for May, 2009
ကံဆိုးမ
ပုံကို google ကယူပါတယ်
ကံဆိုးမ
နေမြင့်ရာအရပ်ကကြည့်လိုက်ပြန်တော့
ရူးသွပ်မှုတွေက ရင့်ရော်နွမ်းခြောက်နေခဲ့။
အထားအသိုမှားခဲ့သော စိတ် များ
အနာအကြားလွဲခဲ့သော အနာဂါတ် များ
တံခါးခပ်စေ့စေ့ သဏ္ဍာန် ပန်းချီကားချပ်အဆန်းများ
အာရုံဟာ တစ်လမ်းတည်းသွားခဲ့လို့မရပြန်ဘူး
ချစ်ခြင်းမေတ္တာ၏ မရဏကျမ်းဆိုလား
အား..ကနဲထပျံသွားတဲ့ကျီးကန်းကြီးက
ခါးသက်သောအငွေ့အသက်များနဲ့
ခပ်အက်အက်ရယ်သွမ်းသွေးသွားသေး..
စိတ်တံခါးချပ်တွေကိုခပ်တင်းတင်းပိတ်ပစ်လိုက်တဲ့အခါ
ကမ္ဘာဟာမှောင်အတိကျ…
ဒါဏ်ရာအနာတရတွေက ပြာကျသွားခဲ့ကြတယ်
တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး
သစ်ပင်လေးတစ်ပင်အမြစ်တွယ်တာကအစ နာကျင်ခဲ့ကြရတာပဲ
ခွဲခွာသွားကြတဲ့အခါ..အရာရာဟာ ကျောက်ဖြစ်သွားမယ့်သက္ကရာဇ်တွေမှာလို့
ဘယ်သူက အာမခံထားခဲ့လို့တုန်း။
တစ်လမ်းတည်းသွားနှင့်ကြပါ
တစ်နေရာမှာတော့ဆုံကောင်းရဲ့
လူမှန်းမသိတော့တဲ့ကံကြမ္မာနဲ့
ငါတို့က ဘာကိုဆက်ဆွေးနွေးလို့ရမတဲ့လဲ
အဝါတွေနည်းနည်းလျှော့ပါ အဖြူရောင်များများပေးပါ
ဒါဏ်ရာတွေက ပတ်ကြားတွေအက်လို့
(မာနဆိုတဲ့ဓါတ်ချို့တဲ့လို့လေ..)
လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…
ရစ်တာစကေးခပ်များများနဲ့
နှလုံးသားရပ်ဝန်းတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုန်
အတောင်မစုံနိုင်သေးတဲ့ မြို့ရိုး
နှင်းစက်တွေကဝေဝင်းဝိုးဝါးလို့…။
ညို့တက်လာသောမျက်ရည်တိမ်ရိပ်များ
လေနှင်ရာလွင့်ပါးသွားနှင့်ကြပါ
မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။
မနော်ဟရီ
Another Virtual World
တကယ်တမ်းကျတော့ ရေဒီယိုလောက ကလည်း ခု အွန်လိုင်းမိတ်ဆွေတွေလို virtual world တစ်ခုပါပဲ။ ၈၈ကျောင်းပိတ်တော့ ကျွန်မတို့ညီအစ်မ စလုပ်တာက စာရေးတယ်။က ဗျာတွေ၊ဝတ္ထုတိုတွေ..။နောက် အဖွားဘေးသွားပြီး ရေဒီယိုနားထောင်တယ်။မေးပါများ စကားရ တို့ ကျေးတမာနဲ့ပေဖူးလွှာတို့..။နောက် မာမီကကျတော့ ဘာသာရေးနားထောင် တယ်။သူနားထောင်တာက အရှေ့ဖျားအသံ။FEBC(Far East Broadcasting Company).
လိုက်နားထောင်ရင်း သီချင်းတောင်းတဲ့ကဏ္ဍတွေမှာ နာမည်တချို့ကိုထပ်ခါတလဲလဲကြား ရတဲ့အပြင် သူတို့ချင်းချင်းလည်းသိပ်ရင်းနှီးသလို သီချင်းတွေတောင်းပေးနေတာကိုကြားရ တယ်။ဒီလူတွေပဲ FEBC,RVA,AIR,မြန်မာ့အသံ(မြန်မာပိုင်း+အင်္ဂလိပ်ပိုင်း)၊ပါကစ္စတန်အသံ နောက်..ရေဒီယိုပီကင်း..အစုံအစုံမှာ ပြန်ပြန်ကြားနေရတော့ စိတ်ဝင်စားလာတယ်။
တစ်နေ့ကျတော့ FEBCက မမနော်ဂေမူး ကလာလည်ပါဆိုတာနဲ့ မမနော်ဂေမူးဆီသွားရင်း သူရှင်းပြမှပဲ ဒီလူတွေအချင်းချင်းဘယ်လိုသိတယ်ဆိုတာသိရတော့တယ်။အဲဒီထိ RVA ကို မသိသေးပါဘူး။မမနော်ဂေမူး ကျေးဇူးနဲ့ နမ္မတူက စောနန်းစံလွင်၊မျိုးခိုင်စံလွင် ဆိုတဲ့အမြွှာ ညီအစ်မကိုစသိခဲ့တယ်။(လုံးဝမတူသောအမြွာပါ..တစ်ယောက်ကဖြူ.တစ်ယောက်ကညို တဲ့အပြင် တစ်ယောက်က ခေတ်ဆန်ဆန် တစ်ယောက်က မြန်မာအကျီ င်္မချွတ်တမ်းဝတ်.နဲ့ အဲလိုထူးခြားသော အမြွာ)
နောက် စောနန်း ကျေးဇူးနဲ့ အန်တီခက်ဝေလတ်၊မမခင်လင်းအေး၊မသင်းဇေယျာလင်း တို့ပါ သိခဲ့ရတဲ့အပြင် RVA နဲ့လည်းအဆက်အသွယ်ရခဲ့တယ်။FEBC က ဧဝံဂလိလုပ်တဲ့အဖွဲ့အ စည်းတစ်ခုပါ။Baptists တွေပါ။RVA ကလည်းသူတို့လိုပါပဲ။ဒါပေမယ့်သူတို့က Roman Catholic တွေပါ။ဒါပေမယ့် သောတရှင်အများစုကတော့ ဗုဒ္ဓဘာသာတွေများပါတယ်။ဝါဝါ အပါအဝင်.. ဂျူတို့ညီအစ်မတွေရောပေါ့။(ဂျူများဆို သူ့ profile မှာဖြည့်ပုံက Strong Buddhist တဲ့.. ..ဒါက စကားချပ်)
နှစ်လေးဆယ်သက်တမ်းရှိသွားပြီဖြစ်တဲ့ RVA
နောက်ပိုင်းမှာ RVA က မမမာလာ မမခင်မေထွေး တို့နဲ့လည်းစာတွေအပြန်အလှန်ရေးဖြစ် ကြတယ်။သူတို့ကို ကျွန်မ ချီးကျူးတာက တစ်နိုင်ငံလုံးက စာတွေကို လုံးဝအကြွေးမထားပဲ သေချာစာပြန်ပေးတာပါပဲ။သိပ်အံ့သြစရာကောင်းတယ်။ဒီကလူတွေကလည်း သူတို့ကိုချစ် ကြတယ်။သူတို့လိုချင်တဲ့ မြန်မာငရုတ်သီးမှုန့်တွေ၊နနွင်းမှုန့်တွေ၊မဆလာတွေကို ပလတ်စ တစ်အိတ်ထဲထည့်၊စာထူထူထဲထိုးထည့်လို့ ပို့ကြတယ်။ဟိုကလည်း နည်းနည်းချင်းစီစုထား ပြီးချက်စားတယ်။အဲလိုချစ်ခဲ့ကြတာ(ဒေါ်မေခ တို့တော့မပါပါဘူး။ဒေါ်ဂျူပါတယ်။ဝါဝါပါလား မသိ..မပါလောက်ဘူးထင်တာပဲ..)
နောက်ပိုင်းကျတော့ RVAကဖွင့်ထားတဲ့ကလောင်မိတ်ဆက်ကဏ္ဍမှာ ကိုယ့် ကိုယ်ရေးရာဇ ဝင်လေးပေးလိုက်ရင် သူတို့ကဖတ်ပြ မိတ်ဆက်ပေးတယ်၊အမည်၊အသက်၊ဝါသနာ၊နေရပ် လိပ်စာပေါ့။ပြီးရင် မွေးနေ့ရောက်တိုင်းတစ်ယောက်ချင်းစီရဲ့မွေးနေ့တွေမှာ သီချင်းတစ်ပုဒ် နဲ့နှုတ်ဆက်တတ်ပါတယ်။(ဒါကတော့ ဒီနေ့ထိပါပဲ။နှစ်စဉ် ဒီဇင်ဘာ ၁၄ ရက်မနက်တိုင်းနား ထောင်မယ်ဆိုရင် ကြားနိုင်ပါတယ်။)အဲဒီကနေ တိုးပွားလာတဲ့မိတ်ဆွေတွေက အများကြီး ပါ..ဂျူတို့ညီအစ်မလို တကယ့်ညီအစ်မ ရင်းချာလိုခင်မင်ခဲ့တဲ့သူတွေလည်းအများကြီးပါပဲ။ခု ဝါဝါနဲ့ပြန်တွေ့ချိန်မှာ ရင်းနှီးသွားတယ်ဆိုတာကလည်း အဲဒီသံယောဇဉ်တွေပဲပေါ့။
ကျွန်မ ဒီကိုထွက်မလာခင်တစ်လလောက်ကပဲ မမမာလာရန်ကုန်ရောက်လာလို့ တွေ့ဆုံပွဲ တစ်ခုလုပ်တော့ သွားဖြစ်လိုက်သေးတယ်။ဒီနောက်ပိုင်းလူတွေကိုတော့ ကျွန်မ မသိတော့ ပါဘူး။(၁၉၉၃ လောက်တည်းက ရေဒီယိုဆိုတာ ဘာမှန်းသိပ်မသိတော့တာပါ။)..ဒါပေမယ့် သေချာတာက ရေဒီယိုက အချစ်ဦးမို့ အရေးအကြောင်းဆို မပစ်ပယ်နိုင်ပါဘူး။နာဂစ်တုန်း ကလည်းရေမီးမရှိတဲ့ကမ္ဘာကြီးထဲမှာ ဓါတ်ခဲရေဒီယိုလေးတစ်လုံးနဲ့နှစ်ပါးသွားခဲ့ရတာလေ။ဒါ ကလည်းမေ့လို့မရတဲ့ကိစ္စတစ်ခုပါပဲ။
ကျွန်မ အဲဒီလောကကိုနောက်ခံထားတဲ့ လုံးချင်းတစ်အုပ်ရေးဖြစ်ပါတယ်။ သောကြာကြယ် ကတဲ့ရထား .. တဲ့။အဲဒီထဲက အဓိက ဇာတ်ကောင်တွေကလွဲရင် သူနာပြုဆရာမလေး ဂျာ မိုင် ကအစ အားလုံးက ဒီလောကထဲကတကယ့်သက်ရှိတွေပါ။အဲဒီစာအုပ်ကို မြန်မာကျူး ပစ်က သူငယ်ချင်းတင်မင်းထက်တို့အုပ်စုက အီးဘွတ်လုပ်ထားတာမို့ သူတို့ဆီမှာ သွားပြီး ဒေါင်းလို့ရပါတယ်။

ဒီလောကလေးက တကယ့်ကို စိတ်ဓါတ်ရေးရာအရ မြှင့်တင်အားပေးနိုင်ခဲ့တဲ့ကမ္ဘာလေး တစ်ခုပါ။ကျွန်မကိုယ်တိုင် ကိုယ်တစ်ပိုင်းသေနေတဲ့ မျက်စိမမြင်တဲ့ မမ Olive နဲ့လည်းသိခဲ့ ရတယ်။မမOlive ဟာ မျက်စိသာမမြင်တာ ပညာတတ်ဘွဲ့ရမို့ သူကစာတွေကိုစမ်းပြီးကိုယ် တိုင်ရေးပါတယ်။လိုင်းညီအောင် စာရွက်ကိုခေါက်ပြီးအရာလေးတွေကိုစမ်းရေးတာပါ။
အမှန်က..မမOlive..ကို..ကျွန်မငယ်ငယ်တည်းကသိပါတယ်။ကျွန်မအဖေပုသိမ်ကောလိပ်မှာတာဝန်ကျတုန်းက..သူ့အစ်မက..အဖေ့တပည့်တစ်ယောက်မို့သူတို့အိမ်လည်းဝင်ထွက် နေခဲ့ဖူးတယ်။နောက်မှသူမျက်စိကွယ်သွားတယ်၊ကိုယ်တစ်ခြမ်းသေသွားတယ်၊အဲဒီ၁၉၉၅တစ် ဝိုက်မှာသူဆုံးသွားပါတယ်(အတိအကျတော့မမှတ်မိတော့ဘူး)
သူ့လိုပဲ နောက်ထပ် ခန္ဓာကိုယ်တစ်ပိုင်းသေနေတဲ့လူတစ်ယောက်လည်းသိခဲ့ဖူးတယ်။ကို ဇေယျာမင်း တဲ့။သူကတော့ စာကိုမှောက်ရက်ကိုယ်တိုင်ရေးပါတယ်တဲ့။ဒီလောက်ကြားထဲ ကပဲသူ့အိမ် ကြည့်မြင်တိုင်မီးထဲပါသွားသေးတယ်။ ကျွန်မလူကိုယ်တိုင်တော့ သူ့ကိုမတွေ့ ဖူးလိုက်ပါဘူး။သူ့လက်ရေးလေးတွေက ညီပြီးသပ်သပ်ရပ်ရ့ပ်ရှိလှတာတော့မှတ်မိနေတယ်
နောက်တစ်ယောက်ကတော့ အောက်ပိုင်းသေနေပေမယ့် ဒိနေ့ထိ တက်ကြွလန်းဆန်းနေ ဆဲလူတစ်ယောက်ပါ။ကျုတ်ကျုတ်ကြည်မြင့် လို့ခေါ်ပါတယ်။ကျွန်မ မမမာလာနဲ့သွားတွေ့ တုန်းကတောင်သူနဲ့တွေ့ခဲ့သေးတယ်။ Wheel Chair တစ်ခုနဲ့ သူ့အိမ်ကလည်းသူ့ကိုပံ့ပိုး ပေးနိုင်တာကိုး။သူ့ကို ပထမဆုံးဘီးတပ်ကုလားထိုင်ပေးခဲ့တာက RVA ပါ။၁၉၉၃ဝန်းကျင် က တွေ့ဆုံပွဲတစ်ခုမှာပေးခဲ့တာကိုမှတ်မိနေတယ်။
အဓိက က တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့် စာလုံးလေးတွေကနေ ရနေတဲ့ ခင်မင်မှုတွေသံယောဇဉ်တွေကြောင့် အားငယ်အထီးကျန်နေတဲ့သူတွေပြန်လည် သက်ဝင် လှုပ်ရှားလာကြတယ်။ရေဒီယိုကနေတဆင့် စဉ်ဆက်မပြတ်ကြားနေရတဲ့ ကိုယ့်ကိုစေတဲ့ တေးတွေကြောင့် သူတို့ဘဝတွေနွေးထွေးလာတယ်။သံယောဇဉ်ဆိုတာက အနေနီးမှဖြစ် စေနိုင်တာမျိုးချည်းပဲမှမဟုတ်တာ။တကယ်တမ်း အချိန်မပေးနိုင် တော့ဘူးဆိုပေမယ့် ဒီက တွေ့ကြုံခဲ့တဲ့ တကယ်ရရှိလိုက်တဲ့ မိတ်ဆွေကောင်းတွေကိုတော့ ကျွန်မဒီနေ့ထိတန်ဖိုး ထားပါတယ်။ရာထောင်ချီတဲ့ pen pals တွေထဲမှာ ကျွန်မတွေ့ဆုံဖူးခဲ့တဲ့သူတွေလည်း တော်တော်များပါတယ်။Julian July Moe တို့ညီအစ်မလို၊ဝတ်ရည်နဲ့မသင်းဇေယျာလင်းတို့ လိုလူတွေပါ။နောက် မတော်လိုက်ရသောယောင်းမ(ကျွန်မ ကမောင်ပေးရမှာပါ..)သဇင်..
(အမေက သူ့ကိုသိပ်ချစ်တာပါ..:P )..နန်းလောင်လှိုင်း..ငယ်ငယ် စသဖြင့်..ကျွန်မ ဒီနေ့ထိ အဆက်အသွယ်ရှိနေဆဲလူတွေလည်းရှိပါတယ်။
အမှန်က ကျွန်မက သောကြာကြယ်ကတဲ့ရထား ကိုရေးပြီးကတည်းက တာဝန်ကျေပြီ ထပ် မရေးတော့ဘူးလို့ စဉ်းစားထားတာပါ။မနေ့ကတော့ဝါဝါ့ပို့စ်ကိုဖတ် ပြီး ရေးချင်သွားတာနဲ့ ဒါလေးကိုထပ်ရေးဖြစ်လိုက်ပါတယ်။
စိတ်ဝင်စားတယ်ဆိုတဲ့ မောင်ဖိုးစိန်နဲ့တကွ (မန္တလာဇော်ဇွီဇွမ်းလည်း စိတ်ဝင်စားပုံရတယ်) စိတ်ဝင်စားသူများကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခင်စွာ
မနော်ဟရီ
Idea Magazine June Issue

သုခမိန်လှိုင်၊မင်းခိုက်စိုးစန်၊ငြိဏ်းဝေ၊နေဆူးသစ်၊တည်ရ၊စိုးနောင်(မုံရွာ)၊ပိုင်သစ်နွယ်၊ဇာဏီဇော်
(အိမ်မဲ)ကေသီဟ၊ညီမင်းညို တို့၏ကဗျာများ…ပိုင် ၏ကဗျာရှည်(your idea)..ဖိုးဏီရဲ့အက်ဆေး၊
လင်္ကာရည်ကျော်၊မင်းခိုက်စိုးစန် နီကိုရဲတို့၏ ဝတ္ထုများ…
ဒီတစ်လတော့ ဓါတ်ပုံတွေတင်သင့်မတင်သင့်စဉ်းစားနေပါတယ်။
ဘာလို့လဲဆိုတော့ ခပ်တည်တည်နဲ့အ ကုန်ကူးယူသွားပြီး ခေါင်းစဉ်ပြောင်းလို့
ကိုယ်ပိုင်လုပ်ပစ်လိုက်တဲ့ ဒီနေရာ ကြောင့်ပါ။ ကျွန်မတို့အားထုတ်မှုနဲ့ သူတို့ရဲ့
ကူးယူမှု က တန်တယ်ထင်ရင်တောင် နည်းနည်းတော့ ဘယ်ကယူကြောင်း
အသိပေးသင့်သ လို magazine ကိုလည်း အကြောင်းကြားသင့်တယ် နာမည်လေးဖော်ပြပေးသင့်တယ်ထင်တာပဲ …။ဒါကလည်း ကျွန်မရဲ့အတွေးပါ။
နိုင်ငံခြားပြန် ဆိုလား
နိုင်ငံခြားပြန် … တဲ့။ ဝါဝါပြောသလိုပါပဲ။နိုင်ငံခြားရောက်နေတဲ့သူတွေကို နတ်ပြည်ရောက် နေတဲ့သူတွေသဖွယ် ထင်မှတ်ကြတာ မြန်မာတွေရဲ့ မျက်ကန်းအထင်ကြီးမှုပါပဲ။သူတို့ကို ဘယ်လိုရှင်းရှင်း အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ မရှင်းပဲနဲ့ အထင်ကြီးခံရနည်းလား ဆိုတဲ့သူတွေ များနေလို့ပါပဲ။
အဲလိုပြောလို့ ကျွန်မကို သဘောမတူညီနိုင်တာတွေရှိသလို မုန်းချင်သူတွေလည်းရှိနိုင်ပါ တယ်။ တကယ့်တကယ်ကျ အဲဒါအမှန်ပါပဲ။နိုင်ငံခြားကပြန်လာတယ်ဆိုရင်ကို လူတွေက အထင်ကြီးနေပြီ။သူတို့ ဟိုမှာဘယ်လိုနေထိုင်စားသောက်ခဲ့ကြရတယ် ပင်ပမ်းခဲ့ကြတယ် ဆိုတာကို ပြန်မပြောကြပါဘူး။ကျွန်မအထင်ကတော့ ဖိုးစိန်လို ရိုးသားပြီးအကုန်ပြန်ပြောတဲ့ သူတွေရှားပါလိမ့်မယ်။ခု ဝါဝါ့လိုရောပေါ့..။အမှန်က သူတို့ပို့စ်တွေဖတ်ပြီး ကျွန်မက မရေး ချင်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်မရေးလိုက်ရင် ရှက်စရာတွေဖြစ်ကုန်မှာစိုးလို့ပါ..း).ကျွန် မမှာက သူတို့လို ဘာမှမခက်ခဲခဲ့ဘူးကိုး။
ခက်ခဲခဲ့တာဆိုလို့ မလာချင်လို့ပိန်လိမ်နေတဲ့ စိတ်ကလေးပဲရှိပါတယ်။ ဒါကြောင့်လည်းတစ် မိသားစုလုံး နိုင်ငံခြားရောက်နေတာ နှစ်များစွာကြာတာတောင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တာပါ။နောက်ဆုံးထွက်သွားတဲ့ အမေနဲ့ညီမတောင် ရောက်နေတာ ၁၁နှစ်ကျော် သွားခဲ့ပါပြီ။မောင်လေးက ၁၄နှစ်ထဲမှာ။အဖေဆို ရောက်နေတာ နှစ် ၂၀လောက်တောင် ရှိ တော့မယ်ထင်တယ်။
ဒီကာလတွေကို သူတို့ဘယ်လိုဖြတ်သန်းခဲ့လဲ။ကျွန်မသေချာမသိပေမယ့် သေချာတာက တော့သက်သောင့်သက်သာရှိလိမ့်မယ်မဟုတ်ပါဘူး။ သူစိမ်းတွေမြေမှာလေ။အဖေက ဒီက ဘွဲ့ကိုရထားတယ်ဆိုပေမယ့် သူပထမတစ်ခေါက်လာတုန်းက ကျောင်းသား။နောက်တစ် ခေါက်လာတော့ ဘဝတစ်ခု တည်ထောင်ဖို့လာတာ။မတူတော့ဘူး။သူတို့တွေ တစ်ဆင့်ပြီး တစ်ဆင့် ခက်ခဲကျော်လွှားခဲ့ရမှာပဲ။ အဲဒီအချိန်မှာ ကျွန်မလည်း ရန်ကုန်မှာတစ်ယောက် တည်းကျိုးစားနေခဲ့ရတာပဲလေ။
ဘဝဆိုတာကတော့ ကိုယ်အလေးချိန်တိုးဖို့ ကျဖို့တောင် တစ်ခုခုမရင်းနှီးပဲမရနိုင်တာ သေချာလွန်းတဲ့နေရာပါ။သူတို့ဒီမှာ မိသားစု ဘဝတစ်ခုပြန်လည်တည်ဆောက်နေချိန်မှာ ကျွန်မလည်းတစ်ယောက်တည်း ကိုယ့်မိသားစုလေးတွက်ကိုယ် ပင်ပင်ပမ်းပမ်းတာဝန်ယူခဲ့ ရ ကိုယ့်နာမည်နဲ့ဘဝကို တည်ထောင်ခဲ့ရတာပဲ။ ဒါက ဘယ်သူပေးထားတဲ့တာဝန်လဲ…။ ဘယ်သူမှမပေးပါဘူး။ကိုယ့်တာဝန်ကိုယ်သိတဲ့သူတွေရဲ့ လုပ်ဆောင်မှုတွေပါ။တာဝန်မသိ သူမယူချင်သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။ကိုယ့်အတ္တနဲ့ကိုယ်ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတဲ့သူတွေအများကြီးတွေ့ဖူးသလို ကြုံလည်းကြုံခဲ့ရပါတယ်။ဒါတွေကို တော့မဆိုင်တာမို့ဆက်မပြောတော့ပါဘူး။
တစ်ခုပါပဲ။တခြားနိုင်ငံမှာက လုပ်ရင်လုပ်သလောက်အကျိုးထူးပြိးလူတန်းစေ့နေနိုင်တယ်။ ကျွန်မတို့ဆီမှာကျတော့ မတိုးတက်သေးတဲ့နေရာတစ်ခုဖြစ်တဲ့အပြင် အခြေအနေအရပ်ရပ် ကလည်း ကျွန်မတို့ကိုခက်ခဲပင်ပမ်းစေပါတယ်။(ဒီနေရာမှာ ကြိုပြောရရင် ကျွန်မ နိုင်ငံရေး အခြေအနေကိုသုံးသပ်တင်ပြနေတာမဟုတ်ပါဘူး ကိုယ့်အခြေအနေနဲ့ထင်ဟပ်တဲ့ အခြေ အနေတစ်ခုကိုသာတင်ပြတာပါ ကျန်တာကျွန်မစိတ်မဝင်စားသလို လိုသလို ဆွဲတွေး ကောက်ချက်ချပေးဖို့လည်းမလိုအပ်ပါဘူး။) သွားနေတဲ့လမ်းချင်းတူရင်တောင် ကျွန်မတို့ ဆီကလမ်းတွေက ကြမ်းနေသေးတယ်။ရောက်မှာချင်းတူရင်တောင် ကျွန်မတို့က ပိုအား စိုက်နေကြရသေးတယ်။ ရလာဒ်ကျတော့ရော ………ကျွန်မမှာ ဒီမိဘမောင်နှမတွေသာမရှိ ရင် ဘယ်နိုင်ငံမှ ရောက်ဖူးစရာအကြောင်းမရှိပါဘူး။
ပြောတော့ best seller တဲ့။သေချာတာက ကျွန်မ အကြည်တော် လည်းမဟုတ်လေတော့ အများကြီး ပိုပင်ပမ်းပါတယ်။ဒါက ကိုကိုကြီး(အကြည်တော်)ကိုသက်သာတယ်လို့ ကျွန်မ ဆိုလိုတာမဟုတ်ပါဘူး။ပြောချင်တာက သူတစ်အုပ်စာရတဲ့ပမာဏက ကျွန်မထက်အများ ကြိးများလို့ပါ။(အမြတ်ခွန်ကလိုက်လာရင်တော့ နင့်ထိုက်နဲ့နင့်ကံပေါ့ ကိုကိုကြီးရယ်..:P ) အနုပညာမှာကလည်း ကိုယ်လုပ်ချင်တာချည်းလုပ်လို့သာ ထမင်းစားရစတမ်းဆိုရင်..ဘာ ပြောကောင်းမလဲ။း) သိပ်ပျော်စရာကောင်းမှာ။
အဲဒီတွက် ကိုယ့်ဘာသာကို လုပ်ချင်တာလေးတွေလျှော့နိုင်သလောက်လျှော့( ဒိထက် ပိုမ လျှော့နိုင်တော့တာက အနုပညာမာနဆိုတာထက် ရေးလို့တတ်ကိုမတတ်တော့တာဖြစ်ကြောင်းဝန်ခံပါချင် ပါတယ်.. ဒိထက်တော့ ပိုလျှော့မရေးတတ်တော့ပါဘူး။လူလည်းအောက်ဆုံးတောင်….ရောက်နေသလိုခံစားရတယ်။ မလုပ်ချင်တာလေးတွေကိုလည်း လူမသိအောင် အနုပညာတွေ ခိုးခိုးထည့်ပြီးလုပ်..နဲ့ ဘဝရပ်တည်မှုဆိုတာကြိးကိုလုပ်ခဲ့ရတာပါ။
ပထမဆုံးနိုင်ငံခြားစထွက်ဖြစ်တော့ မလေးနဲ့စင်ကာပူ နှစ်နိုင်ငံပါ။ ကျွန်မအဖေ ပို့တာဖြစ်ပါ တယ်။သူကိုယ်တိုင် မြန်မာပြည်ထိလာခေါ်တာပါ။ five stars hotels ကြီးတွေပေါ်ကနေ မဆင်းတမ်း taxi ပေါ်က မဆင်းတမ်း သွားခဲ့ရတဲ့ ပထမဆုံးခရီးပါပဲ။အဖေ့ရည်ရွယ်ချက် ကတော့ သူများတိုင်းပြည်တွေသိပ်တိုးတက်တာ မြင်ရင် ကျွန်မ မြန်မြန်ထွက်လာချင်မလား ရယ်ပေါ့..။ခက်တာက မလေးလေဆိပ်ကအထွက် KL အဝင်မှာတင် ကျွန်မကို မေးမိတဲ့မေး ခွန်းတစ်ခုနဲ့တင် တော်တော်မှားသွားကြောင်း ရိပ်စားမိသွားလောက်ပါတယ်။မေးလိုက်တာ က..ကဲ နင့်တိုင်းပြည်နဲ့ဘာကွာလဲ တဲ့။ဖြေလိုက်တာက ဟင့်အင်း ဘာမှမကွာပါဘူး ဒီမှာ လည်းလူတွေလှုပ်ရှားရုန်းကန်နေကြတယ် ဟိုမှာလည်းလူတွေလှုပ်ရှားရုန်းကန်နေကြ တယ် တူတူပါပဲ..တဲ့ ။ကဲ ဘယ်လောက်သတ်ချင်စရာကောင်းလဲ။ကျွန်မက အဲလို သူတို့ အ ဆိုအရ ဘယ်ထဲမှာပျော်တဲ့လောက် ဆိုလား ..အဟား..(ဖြစ်သေးပါဘူး ရယ်နည်းကတော့ ကိုယ်ပိုင်တစ်ခုရှာဦးမှပါ..)..
အဲဒီမှာ စတွေ့တာက နိုင်ငံခြားပြန်ဘဝ အစစ်ပါ။ လူကနိုင်ငံခြားသွားတယ်ဆိုတော့ပြန်လာ ရင်လက်ဆောင်ဝယ်ခဲ့ ဆိုတဲ့သူက ၉၉%..။သွားမှာက J.K Rolling မဟုတ်ဘူး။မနော်ဟရီ ဆိုတာ သူတို့မေ့သွားပုံရတယ်။လက်ဆောင်တဲ့…..။ကိုယ့်ပိုက်ဆံတစ်ပြားမှမပါတဲ့ခရီး သုံး ဖို့ပိုက်ဆံတောင် အိမ်ကထုတ်ပေးလိုက်သေးတယ်။မောင်တွေညီမတွေအစ်မတွေက..။ဒါ တောင်မှ လက်ဆောင်လည်းဆိုရော မြန်မာပြည်က Best Seller မြွေကိုက်တော့တာပဲ။ မြန်မာငွေ နဲ့ ဒေါ်လာနဲ့လဲရမယ့်ကိစ္စလေ။အမျိုးတွေကတင် နည်းနည်းနောနောလား။ ရုံးမှာ ကလည်း အနည်းဆုံး ဆယ်ယောက်၊ဆရာသမားနဲ့သူ့မိသားစု၊သူငယ်ချင်းအနီးကပ်ပေါင်း တာတွေကတင် လက်နှစ်ဖက်စာနီးပါး။ဘုရားဘုရား…။တစ်ယောက်ကိုငါးကျပ်တန်ပစ္စည်း တစ်ခုဝယ်သွားရင်တောင်မှ အဲဒီလူအုပ်နဲ့ဆို အနည်းဆုံးအယောက်သုံးဆယ်အထက်မှာ။ လူလည်းတွက်ရချက်ရ ရှာရဖွေရနဲ့ခေါင်းကိုက်သွားပါတယ်။သူများတွေက နိုင်ငံခြားသွားရ တယ်ဆိုတာက ပိုက်ဆံသွားရှာတာ ။မနော်ဟရီကျတော့ ပိုက်ဆံသွားသုံးတာ။ခရီးစားရိတ် မပါပဲ အိတ်ထဲကစိုက်ရတဲ့ ပိုက်ဆံနဲ့တင် နှစ်လလောက် ချွေချွေတာတာသုံးရတဲ့ဘဝတွေ ရောက်ကုန်တယ်။
နောက် အခေါက်တွေကျတော့ ခရီးသွားတော့မယ်ဆိုကတည်းက ပိုက်ဆံကြိုစုရတော့တာ ပဲ။လက်ဆောင်ဝယ်ဖို့လေ..။
ခုတစ်ခေါက်ကတော့ တော်တော်အခြေအနေဆိုးပါတယ်။
သိတဲ့အတိုင်း သားကျောင်းစားရိတ်နဲ့ စားတဲ့စားရိတ်နဲ့ သွားလာစားရိတ်ကတင် ရန်ကုန်မှာ တော်တော် စားရိတ်ကြီးပါတယ်။ကားဆီက တစ်လကို ဂါလံခြောက်ဆယ်ရတယ်။တစ်ဂါလံ ကို ၂၅၀၀..ဆိုတော့ဆီတစ်ခါထုတ်ရင် မျက်ရည်တောင်ကျချင်ပါတယ်။သုံးရက်တစ်ခါ တစ် သောင်းခွဲ ထွက်နေတာကိုး။တစ်လကို ဘယ်လောက်လဲဆိုတာတွက်သာကြည့်ကြပါတော့။ လူစားရတဲ့စားရိတ်က မစားပဲလှည့်ပြန်လာလို့ရတယ်။ကလေးကျောင်းသွားဖို့က ကားဆီမ ရှိပဲသွားလို့မရဘူး။အကြောင်းမူကား ကျွန်မတို့နေထိုင်ရာဖက်ကို ကျောင်းကားမဝင်လို့ပါ။ ကိုယ်ကတော့ စိတ်မထင်ရင် ဘတ်စကားပေါ်လည်းကောက်တက်သွားတာပဲ။ဆိုက်ကား လည်းစီးတာပဲ။အငှားဆိုလည်းအိုကေလို့..။သားတော်မောင်ကျ မဖြစ်ဘူးလေ။ကိုယ်တိုင် ကြိုပို့မနေနိုင်တာနဲ့တင် စိတ်ချရတဲ့ ဒရိုင်ဘာနဲ့ မိတ်နဲ့လွှတ်ထားရတာကိုး။
ဒီတော့ ဘယ်မှာလာပြီး ပိုက်ဆံကိုများမျာစားစားစုမိမှာတဲ့လဲ။ဒီတစ်ခါကျမှပဲ မလာမဖြစ်ဆို တော့ကာ ဘယ်သူကမှလည်းလေယာဉ်လက်မှတ်ဖိုးက အစထုတ်မပေးဘူး။သနားစရာ…။ လေယာဉ်လက်မှတ်ဖိုးရယ် ထွေလီကာလီတွေရယ်နဲ့ (ရိုက်စစ်တာမဟုတ်လို့ အတိုချုံးပြော ပြလိုက်တဲ့ ထွေလီကာလီကိုလိုသလိုသာတွေးကြပါ..)လူလည်းတော်တော်ထိသွားတယ်။ဒီ ကြားထဲ သွားတော့မှာမို့ ရစရာရှိတဲ့စာမူခလေးလိုချင်ပါတယ်လို့ အကြောင်းကြားတာလည်း ထွက်သာလာရော တစ်ဝက်ပြည့်အောင်မရခဲ့ရှာဘူး။
ဒီတော့ သိပ်လွမ်းတာပဲ ဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ မြန်မာပြည်က သူငယ်ချင်းတွေကို မလာနိုင်သေးဘူး။လောလောဆယ် တစ်ပြားမှမကုန်တဲ့အရပ်မှာနေလိုက်ဦးမယ်။မဟုတ်လို့ ကတော့ ပြန်သွားတာနဲ့ သားကျောင်းစားရိတ်က အရင်လာမှာ။ကုန်ထားတဲ့လေယာဉ်လက် မှတ်ဖိုးက သားရန်ကုန်မှာတစ်နှစ်စာကျောင်းတက်လို့ရတယ်လေ။ဒီတော့ ဒိက သူတို့သိပ် ကောင်းပါတယ်ဆိုတဲ့ကျောင်းမှာ ပိုက်ဆံကုန်သက်သာအောင်နေလိုက်ဦးပေါ့..။စားတာ သောက်တာနဲ့ အမြင်မတော်လို့ ဝယ်ဆင်ရတဲ့အဝတ်အစားဖိနပ်တွေကအစလည်း ကိုယ် ကုန်တာမှမဟုတ်တာ။ဒီရောက်ကတည်းက ကုန်တာဆိုလို့ သားကျောင်းက တစ်ပတ်တစ် ခါလောက် ဘာမှန်းမသိတောင်းနေတဲ့အရာတွေရယ်၊မုန့်ဘိုးရယ် laptop တစ်လုံးဝယ်တာ ရယ် ထုံးစံအတိုင်းလူကြုံရှိလို့ လက်ဆောင်ဝယ်ပို့ပေးရတာရယ် ကလွဲရင် ဘာမှကိုမကုန် သေးပါဘူး။မကုန်လို့လည်း အထင်မကြီးပါနဲ့။ ဝင်ငွေကလည်းနည်းသွားပါတယ်။ဖြစ်ပုံက စားစရာကရှိနေတော့ ဒီရောက်တည်းကလုံးချင်းရေးနေတာ ခုထိ တစ်အုပ်ပြီးဖို့သုံးကြောင်း လိုကနေ မတက်ပါဘူး။..း) ဒီလကုန်တော့ အပြီးသပ်မှာပါ။ဘာလို့လဲဆိုတော့ ကျွန်မ အပြိး ထွက်သွားတယ်လို့ သတင်းတွေရေး ပျော်နေကြတဲ့သူတွေ သိပ်အပျော်လွန်သွားမှာစိုးလို့ပါ အဲလိုလည်း စိတ်ကလေးက ပုပ်သေးတယ်..း)
ဝါဝါရေးခိုင်းတာနဲ့ကတော့ ထပ်တူမကျလောက်ဘူး။သေချာတာကတော့ မြန်မာပြည်ကို ပြန်ချင်တာအရမ်းပါပဲ။ပြန်သွားတာနဲ့ နေ့ရောညရော အလုပ်တွေပင်ပမ်းတော့မယ် ဆိုတာ လည်းသိပါရရဲ့။မရေးချင်တဲ့လုံးချင်းတွေကို ကော်ဖီဆိုင်တစ်ဆိုင်မှာကိုယ့်ကိုယ်ကို အကျဉ်း ချပြီးပြန်ရေးရတော့မယ်ဆိုတာလည်းသိပါရဲ့။အင်တာနက် ၂၄နာရီရတဲ့နေရာမှာ ကမ္ဘာအနှံ့ ကသူငယ်ချင်းတွေ ဘလောခ့်ကာတွေနဲ့ စီဘုံးထဲပဲဖြစ်ဖြစ် တွေ့ကြပြောကြနှုတ်ဆက်နေရ တဲ့ဘဝလေးကိုဆုံးရှုံးသွားမယ်ဆိုတာလည်းသိပါရဲ့..။ရှိစုမဲ့စုဝင်ငွေလေးနဲ့ ပြည်တော်ပြန် လက်ဆောင်တွေဝယ်သွားရမယ်ဆိုတာလည်း သိပါရဲ့။Best seller ဆိုတာ အချိန်အခါနဲ့ ရာသီနဲ့ဖူးပွင့်တတ်တဲ့ ပန်းမှန်းလည်းသိပါရဲ့ နဲ့ ပြန်ချင်နေတာကတော့ ဘယ်လိုမှ မတတ် နိုင်ပါဘူး။ဘာပဲဖြစ်ဖြစ် ကျွန်မချစ်တဲ့နေရာလေးမှာ ကျွန်မကိုထမင်းကျွေးထားခဲ့တဲ ကျေးဇူး ရှင်ပရိသတ်တွေရှိနေသေးတယ်။သူတို့ဆီကျွန်မပြန်ရဦးမယ်။တာဝန်ဆိုတာသိတတ်တဲ့သူအတွက်ပဲလေ.
သေချာတာကတော့..ပြန်သွားလည်း..ဘာပြန်ညာပြန်ဆိုပြီး..ကလောင်နာမည်မပြောင်းဘူးလို့ ကတိအတိအကျပြီးပေး နိုင်တာပါပဲ..း)း)း)
ဝါဝါ ကျေနပ်နိုင်ပါစေ။
ချစ်ခင်စွာ
မနော်ဟရီ
င်္အောက်ခြေမှတ်စု..
Best Seller လို့လူတွေအလွယ်တကူခေါ်သလိုရေးလိုက်ပေမယ့် တကယ်အမှန်က Best-selling author ပါ။
တော်ကြာအမှားလာပြင်ပေးနေမှာစိုးလို့ပါ။
ထို့ကြောင့် မနော်ဟရီဟု ခေါ်သည်
မနေ့က ဖိုးစိန်က စီဘောက်စထဲကနေလာမေးတယ်။ မကြီးနေကောင်းလားတဲ့ ။ကောင်း ပါတယ်..သက်သာပါတယ်ပေါ့..နောက်..အလုပ်သိပ်များနေမယ်ထင်လို့တဲ့ မဟုတ်ရင် tag ချင်တယ်ဆိုတော့ လူကြီးပီပီလူလည်ကျပြီး အကြောင်းအရာကမေးလိုက်သေးတယ်။ အ ကြောင်းအရာသိမှ အင်း အားပါတယ်ရေးပါ့မယ်ပေါ့..။ အဲဒီမတိုင်ခင်တည်းက ဝါဝါက ထူး ထူးဆန်းဆန်း စီဘောက်စထဲကနေ သူပို့စ်အသစ်တင်မယ်ဆိုတာလာကြေညာထားတာ..။ တစ်သက်လုံးဒီလိုပဲတင်နေကျကို ခုကျကာမှ မကြာခင်တင်မယ်တွေဘာတွေလာလုပ်တယ် ဆိုကတည်းက နည်းနည်းရိပ်မိဖို့ကောင်းတာကို နည်းနည်းလေးမှမရိပ်မိပဲ ဖိုးစိန်နဲ့အတူ စောင့်တောင်စောင့်လိုက်သေးတယ်။ တင်ပြီးလို့ သွားဖတ်တော့မှ လားလား ..တော်တော် ကိုဆိုးတာပဲ..နိုင်ဂံဂျားပြန် တဲ့..အတောင်သာပေါက်ပြီးပျံလိုက်ချင်တော့တာပဲ..ဆက်ဖတ် ကြည့်တော့လည်း အသုံးစားရိတ်တွေ စုငွေဆောင်းငွေတွေနဲ့ ဘုရားသခင်ရော မြတ်စွာဘု ရားရော စုံစုံလင်လင်လေးတောင် တ လိုက်မိပါသေးတယ်။အဲလောက်ခက်ခဲမှတော့အချိန် ယူရေးရမှာမို့ နောက်မှပဲရေးတော့မယ်လို့ ပြောရင်းဖိုးစိန်ကို အရင် tag တာမို့အရင်ရေး ပေးလိုက်ပါတယ်။
ဘာလို့ မနော်ဟရီ လို့ခေါ်တာလဲ တဲ့။
ဒါကတော့ အင်တာဗျူးများစွာမှာလည်း မေးတဲ့သူတွေက ဘယ်သူမှမမေးရသေးသလိုထပ် ခါတလဲလဲ မေးခဲ့တာမို့ ကိုယ်ကလည်းခပ်တည်တည်နဲ့ ထပ်ခါတလဲလဲ ဖြေပေးခဲ့ရဖူးပါ တယ်။ခုလည်းထပ်ဖြေလိုက်ပါဦးမယ်။
မနော်ဟရီ ဆိုတဲ့ကလောင်နာမည်လေးကို ရတာ ကျွန်မ ပထမနှစ်ကပါ။ပထမပိုင်း စာတွေ ရေးနေစဉ်မှာတော့ ကလောင်နာမည်က ဇဝေဇဝါပေါ့..။ရေးပဲရေးတာ ဘာကလောင်နဲ့မှန်း လည်းမသိဘူး။ပို့ဖို့လည်းစိတ်မကူးခဲ့ဘူး။စာသင်ကောင်းတဲ့ ဆရာတစ်ယောက်ရဲ့ ရှင်းလင်း ချက်ကနေ ဒီနာမည်လေးကိုရခဲ့ပါတယ်။
ပထမနှစ်မှာ ကျွန်မတို့ကို မြန်မာစာသင်တာက ဆရာဦးအောင်ကျော်မြင့် (လို့ထင်ပါတယ်။ ဦးအောင်ကျော်မင်းလည်းဖြစ်နိုင်ပါတယ် သိပ်မသေချာတော့ပါဘူး အသက်ကရလာပြီကိုး.. 😛 )ပါ။ သူမြန်မာစာသင်ပုံကို ကျွန်မက သဘောကျပါတယ်။ကဗျာတွေကို တစ်ပုဒ်ချင်းသေ ချာရှင်းတယ်။စကားပြေတွေ မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ရေးခဲ့ ..တစ်ပတ်အချိန် ပေးတယ်..သူ့ဆီစာအုပ်တင်ပေါ့။(ကျောင်းတွေပိတ်လိုက်ပြီးပြန်ဖွင့်တော့တခြားဆရာမတစ် ယောက်နဲ့သင်ရတဲ့ခါ ဆရာမက မှတ်စုပေးပြိးကျက်ခိုင်းတာမျိုးဖြစ်သွားပါတယ်။ကျွန်မက သဘောမကျပေမယ့် တော်တော်များများကတော့ သဘောကျကြပါတယ်။ဒါက စကားချပ် ပါ..)
အဲဒီမှာ စာအုပ်တွေပြန်ပေးတဲ့အခါ သူက တစ်ယောက်ချင်းနာမည်ခေါ်..လူကိုသေချာတွေ့ မှစာအုပ်ပြန်ပေးပါတယ်။နောက်ဆုံး စားပွဲပေါ်မှာ တစ်အုပ်တည်း ကျန်ခဲ့တာ ကျွန်မစာအုပ် ပါ။စိတ်ထဲကတော့ တထိတ်ထိတ်ပေါ့..။ဘာများဖြစ်သလဲပေါ့..။နောက်တော့မှ သူက အဲဒီ စာအုပ်ကိုကိုင်ပြီး သူများတွေကိုစာအုပ်ခေါ်ပေးသလို ခုံနံပါတ်မခေါ်ပဲ ..
“ ဒါကတော့ ဘယ်သူ့စာအုပ်လည်းမသိဘူး ရေးထားတာကတော့တော်တော်ကောင်းပါ တယ် ဒါပေမယ့် သေချာတာက သူရေးတာမဖြစ်နိုင်တာပါပဲ..သိပ်ကောင်းနေတော့ တစ်စုံ တစ်ယောက်ရေးပေးတာပဲဖြစ်ရမယ်..”…တဲ့။
ဒီလောက်စိတ်ဆတ်တဲ့သူ ဒေါသက ဘယ်နေတော့မလဲ။ထိုင်ရာက ဆတ်ကနဲထပစ်လိုက် တယ်။ဒီတော့မှ ဆရာလည်း မင်းစာအုပ်လားဆိုပြီး အမ်းတမ်းတမ်းဖြစ်သွားတယ်။ ကျွန်မ စိတ်တိုသွားတာ ဆရာမို့ဘာမှပြန်မပြောတာကိုလည်းသိသွားပုံပဲ။ ချက်ချင်းပြန်ပြောပါရှာ ပါတယ်။
“ တကယ် မင်းရေးတာဆိုရင်တော့ ဂုဏ်ယူပါတယ်..”..တဲ့။နောက် အထဲမှာကျွန်မထည့် ရေးထားတဲ့ “ ပေလေးပင် ရှင်လေးပါး ” ဆိုတာရယ် “ တောင်းကိုမဖောက်တောင်ကို ဖောက်သည် စိန်ကျောက်အသွင် သီလဝံ..”..ဆိုတာရယ်.. “ တောင်ကိုမဖောက်တောင်း ကိုဖောက်သည် စူးဆောက်အသွင်ရဌပင် ”..ဆိုတဲ့ ရှင်မဟာသီလဝံသနဲ့ ရှင်မဟာရဌသာရ တို့ကို စာချိုးထားတဲ့ စာချိုးလေးကို ထည့်ရေးမိတဲ့အမှုပါ။ဒါကို ဘယ်သူကပြောပြတာလဲ တဲ့…ဖြစ်ရပုံကဒါကိုကျွန်မကမသိရတော့ဘူးတဲ့လား။ဘာမှလည်းဟုတ်တာမဟုတ်။တော် တော်များများလည်းသိနေတာပဲ………………………………။သူ့ဘဝမှာမြန်မာစာကို အဲလိုရေး ခဲ့ဖူးတဲ့ကျောင်းသားတွေ့ဖူးပုံမပေါ်ပါဘူး။နောက်တော့ ကျွန်မ တကယ်ရေးမှန်းသိသွားချိန် ကျတော့ သူနဲ့ကျွန်မ အဆင်ပြေသွားပါတယ်။ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးပါလား လို့ မေးတဲ့ ဆရာ့ကို ဂုဏ်ထူးထွက်အောင်လုပ်နိုင်တာဟာ မြန်မာစာထူးချွန်တာလား လို့ ကပ် သီးကပ်သပ်ပြန်မေးခဲ့တဲ့ သူ့တပည့်ကိုလည်းခုလောက်ရှိ သူမေ့လောက်ပါပြီ..။
အဲဒီမှာ သူသင်ခဲ့တဲကဗျာလေးတစ်ပုဒ်ထဲမှာ
မနော်ဟရ ၊လူ့ဘုံကျသို့၊မြင်ကတိမ်းညွတ်၊ဆွတ်ဆွတ်ကျင်ဖွယ်၊ဆင်းနိကာယ်ဖြင့်၊တင့် တယ်ရုပ်သွင်၊ အထွတ်တင်သည်၊ ဖြစ်ကျင့်ကစား…ထွေပြာစွန်းငြိ ၊ပညာရှိတို့ ၊ဘေးတိပြစ် တင် ၊ရောက်မည်ထင်မူ ၊…………..
ဆိုတဲ့အပိုဒ်လေးပါတယ်။မနော်ဟရီဆိုတာ ငွေတောင်ပြည်က လို့ပဲသိထားတဲ့သူ့တပည့် တွေကိုဆရာက သေချာရှင်းပြပါတယ်။
မနော်ဟရီဆိုတာလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့နတ်သမီးတဲ့။အဲဒီမှာပဲချက်ချင်းအတွေးရသွားတာ။လူတွေကို ကျွန်မက အနု ပညာနဲ့ ဆွဲဆောင်ချင်သူလေ။ အဲဒီတစ်ခဏမှာပဲ ရလိုက်တဲ့ ကလောင်နာမည်ပါ။ခုတော့ လူတွေကို ဒီနာမည်ကိုအရင်းပြုပြီး စိတ်ကိုအနုပ ပညာနဲ့ ဆွဲဆောင်နိုင် မဆွဲဆောင်နိုင်တော့မသိပါဘူး..။သေချာတာကတော့ ပြဿနာ တော့တော်တော်များပါတယ်။ 😛 .
ခုတော့ တော်တော်များများက
မ နော်
မနော် (အသံမတူပါဘူးနော် အပေါ်အသံက လူတစ်ယောက်ကို မတပ်ခေါ်တာနဲ့တူတယ် အောက်က အသံကတော့ မနော်ဟရီကို ရှေ့နှစ်လုံးပဲခေါ်တာနဲ့တူတယ်..)
ခေါ်ကြပါတယ်။
ငယ်သူငယ်ချင်းတွေကတော့ မေခ တဲ့။
မေလိခ ဆိုတဲ့ညီမတစ်ယောက်ရှိပါတယ်။
နောက် ..လူတစ်ယောက်ကတော့ အမှားအယွင်းကင်းအောင် တဲ့
မိုး လို့ခေါ်ပါတယ် ..း) (ဘယ်သူလဲမမေးကြေးနော်..)
သားကလေးနဲ့ ကျွန်မ ဝမ်းမနာသားသမီးတွေကတော့
အမေ
မေမေ
မာမီ
မာမား
Mom ..စသဖြင့်ခေါ်ပါတယ်။
ချစ်သော သူငယ်ချင်းတချို့က မေလေး လို့ခေါ်ပါတယ် ။(ဇင်ဇင်ဇော်မြင့်နဲ့မှားမှာစိုးရတယ်)
ကျောင်းဝင်စာရင်းမှာပေးထားတဲ့နာမည်ကိုခေါ်တဲ့သူကတော့ ခုချိန်မှာတော်တော်ရှားသွား ပါပြီ..။
ဟို…ပြောမနိုင်ဆိုမရတစ်ယောက်ကတော့ ခပ်တည်တည်နဲ့
မခင်မေ..လို့လာလာခေါ်တတ်ပါတယ်။
(ငရဲလည်းမကြောက်..)
ကျွန်မ အစ်ကိုတွေ အစ်မတွေ ခေါ်တဲ့ထူးထူးခြားခြားနာမည် တစ်မျိုးရှိပါသေးတယ်။
ကျွန်မ …တဲ့
ငယ်ငယ်တည်းက ကျွန်မ လို့ပြောရမယ်လို့ ဘကြီးတစ်ယောက်ကသင်လိုက်လို့ ကျွန်မ လို့ လူတိုင်းနဲ့ပြောတတ်တာ အကျင့်ပါသွားလို့ပါ။သူ့ကျတော့လည်း အကြီးတွေကသူတို့နာမည် တွေသူတို့အဖျားဆွတ်ပြီး မီးက မို့က စိုးက နဲ့ပြောတာတွေကို သူနားကြားပြင်းကပ်သွားပုံရ ပါတယ်။ကျွန်မလည်းမွေးလာရော သူ သေချာသင်တော့တာပါပဲ။ရလာဘ်ကတော့ တစ်ချို့ အစ်ကိုတွေက ဒီနေ့ထိ ကျွန်မ လို့ခေါ်တုန်း။
ခု ကလေးတွေတော်တော်များများက
အမ
မမ
မကြီး
…စသဖြင့်ခေါ်ကြတယ်။
ချွင်းချက်အနေနဲ့ မောင် craton ကတော့ အန်တီနော် တဲ့။
ကျားကျား တစ်ယောက်သာ ခပ်တည်တည်နဲ့ မနော် လာလာခေါ်နေတာမို့ အန်တီနော်လို့ ပြောင်းကိုခေါ်ခိုင်းလိုက်ရပါတယ်။
နောက်ထပ် ကျွန်မ မောင်နှစ်ယောက်ကခေါ်တာကတော့
အစ်မတော် တဲ့။
နောက် ချစ်မကြီး လို့ ခေါ်တတ်တဲ့သူတချို့လည်းရှိတယ်။သေချာတယ် ဒါဆို တစ်ခုခုခိုင်း တော့မယ် သို့မဟုတ် တလွဲတစ်ခုခုပါလာတော့မယ် ဆိုတာပဲ..:)
ဖိုးစိန်ကတော့ မကြီးနော် လို့လာလာခေါ်တတ်ပါတယ်။
သက်ပိုင်သူကလည်း မမနော် တဲ့
မ…………လို့ သံရှည်ဆွဲအော်တတ်တာကတော့ မိုးနေ ပါ။
အဓိက ခေါ်ကြတာများတာကတော့ အသံမတူတဲ့ မနော် ဆိုတာပါပဲ။
ကဲ ..မောင်ဖိုးစိန်..ဒီလောက်ဆို ကျေနပ်လောက်ပါရဲ့။
အင်း………ဘယ်သူ့ကိုပြန် tag ရပါ့…….။
စဉ်းစားလိုက်ပါဦးမယ်။း)
မနော်ဟရီ
စ tag ပါတော့မယ်။
(၁) Craton
(၂)Zephyr
(၃)ညီလင်းဆက်
(၄)နိုင်းနိုင်းစနေ
(၅)လွမ်းသုရင်
လောလောဆယ်တော့ ငါးယောက်ပဲ…
ကျွန်မတို့ တစ်နေရာစီမှာနေထိုင်ကြတယ်

ကျွန်မတို့ တစ်နေရာစီမှာနေထိုင်ကြတယ်
တစ်ယောက်က မိုးလင်းလာတဲ့အချိန်မှာ
တစ်ယောက်က အိပ်ရာဝင်တော့မယ်
တစ်ယောက်ကိုသူတို့ခေါ်သွားကြတဲ့ချိန်မှာ
တစ်ယောက်ကကျန်ခဲ့တယ်
တစ်ယောက်က အဝေးမှာနီးနီးနားနားနေထိုင်ပြီး
တစ်ယောက်က အနီးမှာဝေးဝေးနေတယ်
တစ်ယောက်က သာမန်သင်ခန်းစာတစ်ခုကိုရွတ်ဆိုနေချိန်မှာ
တစ်ယောက်က ဟားဗတ်တက္ကသိုလ်ထဲမှာ
တစ်ယောက်က လောကီပညာကိုလေ့လာနေတယ်
တစ်ယောက်က အဌာရသ ၁၉ ရပ်ကိုသင်ပေးလို့
တစ်ယောက်က ရိုးအ မှုကိုနာကျင်ခံစားလို့
တစ်ယောက်က ရွေးချယ်မှုလမ်းအတွက် အသက်ရှုခက်လို့
သူက နေရောင်ခြည်အသစ်ကိုလက်နဲ့ဆေးခြယ်ယူပြီး
သူမက မိုးစက်နှင်းငွေ့ကိုလွှမ်းခြုံဆင်ခြင်တယ်
ကောင်းကင်က တိမ်တွေကိုနေရာရွှေ့ပြီး
ပြာစင်စေခဲ့ချင်သူတွေကတော့ဟိုးအဝေးမှာ
သူတို့က တစ်ယောက်တစ်နေရာစီ
ကျွန်မတို့က တစ်ယောက်တစ်ကွဲစီ
ကျွန်မပို့လိုက်တဲ့ စာအုပ်တွေရောက်လား
သူတို့ဆီက အီးမေလ်းတွေလည်းရောက်မလာခဲ့ဘူး။
သင်တို့ဆီက အငေးများနှင့်
ကျွန်ပ်တို့ဆီက အတွေးများ
သတင်းပြန်မလာကြတော့…
……………………………
ငါ..ဘာတွေတွေးနေမိတာလဲ
သူ..ဘာတွေတွေးနေမိမှာလဲ
ကျွန်မက အတိတ်ကိုမေ့နေခဲ့ပြီ
သူမ..သတိရနေလိမ့်မယ်ထင်တယ်
ကျွန်တော်ကတော့ အနာဂါတ်ကိုမယုံကြည်တော့ဘူး။
ပန်းချီဆရာက တောင်တန်းတွေကိုအစိမ်းရောင်မချယ်ချင်ဘူးတဲ့
(သူက ပန်းတွေကိုပွင့်စေချင်လှပြီ။။)
ပန်းပုဆရာကတော့ စိတ္တဇနာမ်တစ်ခုရဲ့ပုံတူပန်းပုတစ်ခုကိုထုလို့
(သူကတော့ ချစ်ခြင်းမေတ္တာကို ဖမ်းယူဆုပ်ကိုင်ချင်သူ..)
ကဗျာဆရာဆွဲတဲ့ပေါ့ထရိတ်က အမှောင်နည်းနည်းများနေတယ်
ဒီမှာ ဒီဇိုင်းဆရာ ငါ ဒီအရောင်တွေကိုမကြိုက်ဘူး
ပြီးတော့ ရူးသွပ်နေတဲ့စိတ်တွေ…
ငါတို့ဟာ တစ်နေရာစီမှာနေထိုင်နေကြတယ်
သူတို့ဟာ အိပ်မက်တွေကိုအထားအသိုမှားစွာစစ်စီတယ်
ကျွန်တော်တို့ သူများအနာဂါတ်ကို ချောင်းကြည့်ပြင်ဆင်ခွင့်မှမရှိတာ
သူမရဲ့အိတ်ကပ်ထဲက ပေါ့ပေါ့ပါးပါးချစ်ခြင်းများ
သူတို့ ယူဆောင်သွားခဲ့ကြပေါ့။
သူမက နာမကျန်းဖြစ်နေချိန်မှာ
ကျွန်မက ကျန်းမာကြံခိုင်ခြင်းတရားတွေရှာဖွေလို့
ကျွန်တော့်လက်တွေကိုတွဲထားပေးပါ
သူ..ငါ့ဆီ..ဘယ်တော့.ပြန်လာမှာတဲ့လဲ
ပို့သလိုက်သော ချစ်ခြင်း
လမ်းခုလပ်မှာ အန္တရာယ်ကင်းပါစေ…
စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား
ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….။
ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ
တစ်ကမ္ဘာစီ
တစ်နေရာစီ။ ။
မနော်ဟရီ
၁၄။၅။၀၉
တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့

ရှေ့ဖုံး

နောက်ဖုံး

ဒီဝတ္ထုတိုလေးကိုရေးတော့ ကျွန်မ အသက် ၁၈နှစ်ကျော်ပဲရှိဦးမယ်။ခပ်တည်တည်နဲ့
ကျောင်းပြီးသွားတဲ့လူတစ်ယောက်လို ရေးခဲ့တာက ခိုင်ထူးရဲ့ သို့တစ်ရံတစ်ခါဆီ
အကူအညီနဲ့ဖြစ်လိမ့်မယ်လို့ ခုချိန်မှာပြန်တွေးမိတယ်။နောက်တစ်ခုက ကျွန်မငယ်ငယ်
တည်းကနေလာတဲ့ တက္ကသိုလ်ပရဝုဏ်ကြောင့်လည်း ဖြစ်လိမ့်မယ်။၁၉၉၅ကျတော့မှ
ကျွန်မဒီဝတ္ထုလေးကို ကျောင်းမဂ္ဂဇင်းပို့မယ်ဆိုပြီး ပန်းလှေလမ်းခွဲကဗျာတွေနဲ့ရောပြီး
ပြန်ရေးဖြစ်ပါတယ်။
ခု..ဒီဝတ္ထုလေးက ခေတ်တစ်ခေတ်ရဲ့တက္ကသိုလ် ဆိုတဲ့စာအုပ်ထဲမှာ တခြားသူတွေနဲ့
အတူပါလာပါတယ်။ကျွန်မ မှတ်မိသလောက်ကတော့ ကျွန်မပေးလိုက်တုန်းက သုံးပွင့်
ညီညာ ဆိုတဲ့စာအုပ်တိုက်က ကလေးတွေကိုပေးလိုက်တာပါ။ခု ဘယ်လိုကဘယ်လိုဖြစ်
ပြီး စာအုပ်တိုက်မတူတဲ့တံဆိပ်နဲ့ပြန်ထွက်လာတယ်မသိဘူး။အရင်တုန်းက တော့ဒီဆယ်
ယောက်တည်းလည်းမဟုတ်ပါဘူး။ဆရာငြိမ်းကျော်တို့ပါပါတာကို မှတ်မိနေတယ်။ကိုယ်
လည်းဘယ်လိုမှလက်လှမ်းမမီနိုင်တဲ့နေရာရောက်နေလေတော့ မတတ်နိုင်ဘူးပေါ့။
ခု ဒီဝတ္ထုလေးကကို မိုးနေကပဲရိုက်ပို့ပေးပါတယ်။အဖုံးရော သရုပ်ဖော်ပုံရောအကုန်
ကျွန်မမြင်ရအောင် ပို့ပေးရှာတာပါ။သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ အားလုံးကိုပြန်ဝေမျှ
ပေးလိုက်ပါတယ်။ကံ့ကော်တောကိုလွမ်းမယ့်သူများအားလုံးအတွက်ပါ။
တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့
(၁)
ဂစ်တာကြိုးပေါ်တွင် ဖိနှိပ်ဆော့ကစားနေသော သူမ၏လက်ကွက်များက မြန်ဆန်လာသည်။
ဂစ်တာသံကလည်း တဖြည်းဖြည်း ပြင်းထန်လာသည်။ သီချင်းတစ်ပုဒ်၏ အစပိုဒ်ကိုပဲ
ထပ်တလဲလဲ ကြောက်မက်ဖွယ်ကောင်းအောင် တီးခတ်နေတာ ဘယ်လောက်ကြာပြီလဲ။
ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ အဲဒီသီချင်းရဲ့ စာသားတွေက ဘာလို့များ နှုတ်ဖျားထိ
ရောက်မလာခဲ့တာတဲ့လဲ။
လက်ကွက်တွေကို လျှော့ချပစ်လိုက်သည်။ ကြိုးနှင့် လက်အထိအတွေ့သည်
ညင်သာစွာပင် ရပ်တန့်သွားတော့၏။ ဘာတွေများ ဖြစ်နေပြီလဲကွယ်။ ဒါနဲ့များ
အတွေ့အကြုံများလွန်းလို့ သိပ်ခံစားရတော့မှာ မဟုတ်ဘူး … ဆို။ လောကမှာ
ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာ ပင်းပန်းလှပါဘိတော့။ မညာချင်ပါဘူး။ တကယ်ပါ။
သူမ ရင်ထဲမှာ မွန်းသိပ်ပြည့်ကျပ်စွာ ခံစားနေရတာကို သူမ ၀န်ခံပါတော့မည်။
ဟိုး.. အနောက်တောင်ဘက်မှာ မိုးသားတွေ မှိုင်းညို့လာနေပြီ။ အဲဒီလို
အချိန်အခါမျိုးပါပဲ။ သူမတို့ ခွဲခွာခဲ့ကြရတာ။ ခွဲခွာချိန်နှစ်ချိန်လုံး
အချိန် မဟုတ်တော့ပါဘဲ မိုးသားတွေ မှိုင်းညို့နေခဲ့တာ။ အဲဒီမိုးသားတွေဟာ
သူမတို့ရဲ့ ဝေဒနာတွေကို သိုဝှက်ထားရာ ကောင်းကင်ပြင်ကြီးဆီက လာခဲ့တာ
ဖြစ်မှာပေါ့။ ခုလည်း မှိုင်းညို့လာနေဲပန်ပြီ။ ပြီးရင်
ရန်ငြိုးဖွဲ့ရွာသွန်းဦးတော့မယ်။ ဒါပါပဲကွယ်။ မလိုလားမှုတွေကတော့
အနှေးနဲ့အမြန် ရောက်ရှိလာမြဲပါပဲ။
(၂)
အဲဒီနေ့က နံနက်ခင်းဟာ မိုးသားတွေကြောင့် ပိုပြီးအလင်းမဲ့နေတာကို သူမ
သတိထားခဲ့မိသည်။ အဆောင်က ထွက်လာကြတော့ ကားပေါ်မှာ
အော်ဟစ်နောက်ပြောင်သံတွေက ဟန်ဆောင်မှုနဲ့အတူ အသက်မပါစွာ ညံစီနေခဲ့သည်။
ခြောက်အက်အက်ရယ်သံများကလည်း ဖုံးလွှမ်းလို့။ ခါတိုင်းလည်း ဒီခရီး
ဒီလမ်းကို ဒီလူတွေနဲ့ပဲ ဒီနည်းနင်နှင် သူတို့က ပြန်သည်။ သူမတို့က
လိုက်ပို့သည်။
ခုတစ်ကြိမ်ကတော့ ခါတိုင်းနှင့်မတူ။ နောက်ဆုံးဟူသော အသိက ရှိနေခဲ့ပြီ။
တစ်ရထားတည်း စီးကြမှာပင်။ လမ်းတစ်လျှောက်မှာ ဘူတာတွေက မြောက်များစွာ
ရှိနေတာကို သူမတို့ မေ့ထားလို့ မရဘူး မဟုတ်လား။
ဝေဒနာဆိုသည် ကူးစက်လွယ်မှန်း သိတော့ အားလုံးက လျှို့ဝှက်စွာ
သိမ်းဆည်းရင်း ကြိုးပမ်းရယူထားသည့် အပြုံး အရယ်များနှင့် ဘူတာသို့
ရောက်ခဲ့ကြသည်။ ပစ္စည်းများကို တင်ရင်းချရင်း အတောမသတ်နိုင်အောင်
နောက်ပြောင်နေကြသေးသည်။ အပြုံးအရယ် နည်းသော ချစ်သူသည်ပင် သူမကို
ကြည်ရွှင်စွာ ရယ်မောပြနေခဲ့သေးသည် မဟုတ်ပါလား။
ဘုရားသခင် ဒီရယ်မောဆူညံသံတွေကကော မကြာခင် ကွယ်ပျောက်သွားတော့မှာလား။
ဒါတွေကို တကယ်ပဲ ချန်ထားခဲ့လို့ရလား။ ဒါဆိုရင် တိတ်ဆိတ်နေမယ့်
အဆောင်အခန်းက ဆီမဲ့ပတ္တာတွေရဲ့ တံခါးဖွင့်သံကို မုန်းတီးစွာ
ရင်ဆိုင်ရဦးတော့မှာပေါ့။
“၀ံပုလွေလာဆင်ရေ ဒီတစ်ခါတော့ ကျွန်မတို့ အလှည့်ပေါ့”ဟု ရင်ထဲမှ
တိတ်တဆိတ် ညည်းညူမိသည်။ တကယ်ပါပဲ။ ဟိုးလွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကျော်က
ခွဲခွာမှုမျိုး၊ ခု သူမ တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ထပ်မံရောက်ရှိလာပြီဆိုရင် အတွ့အကြုံရင့်စွာ နှစ်သိမ့်ဦးတော့မှာလား မသိ”
ဟိုး…… ငယ်စဉ်ကစလို့ အဲဒီဘူတာရုံကလေးဆီကို ဒီလိုအချိန်ဆို သူမ
ဖခင်နှင့်အတူ ရောက်လာနေကျ။ ဖခင်၏လက်ကို ဆုပ်ကိုင်ထားရင်း
ဖခင်သံယောဇဉ်ကြီးသည့် သူ့တပည့်တွေ၏ အပြန်ခရီးကို သူမ ငေးမောခဲ့ဖူးသည်။
နှစ်များစွာ ကြုံတွေ့ခဲ့ရတော့ သူမအလှည့်ဆိုတာကို တွေးတတ်လာ၊
စိုးရွံ့တတ်လာခဲ့သည်။
ခုတော့လည်း တိတ်ဆိတ်စွာ ကြုံတွေ့နေရပြီကော။
ငယ်စဉ်က ဖတ်ခဲ့ရဖူးသည့် မဂ္ဂဇင်းထဲမှ ၀တ္ထုတိုလေးတစ်ပုဒ်ကို သတိရမိသည်။
ဖခင်၏ တပည့်တစ်ဦး ရေးသားခဲ့တာမို့ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။
ကျောင်းပိတ်၍ အိမ်ပြန်ချိန်အကြောင်းကို အနုစိတ်ဖွဲ့ထားခြင်းဖြစ်၏။ ခု
သူ့ကို စာပေလောကမှတစ်ချို့က “၀ံပုလွေလာဆင်”ဟု အမည်ပေးထားသည်။
ဝံပုလွေလာဆင်ရေ စာတွေရေးပါဦး။
“ဘာတွေ တွေးနေတာလဲ”
ငြိမ်သက်နေသော သူမကို ချစ်သူက လက်ဖျားများကို ဆုပ်ကိုင်ရင်း မေးလာ၏။
လက်ဖျားနှစ်ခုလုံး အေးစက်နေခဲ့ကြသည်။
“၀ံပုလွေကြီးရဲ့ ၀တ္ထုတိုလေးကို သတိရမိလို့ပါ”
ချစ်သူက ပြုံး၏။ သူမတို့ အပြုံးတွေ ပီပြင်ပါရဲ့လား။
“သစ္စာဆိုတာ ရင်ထဲမှာ ရှိနေသရွေ့ တို့တွေ ဝေးမသွားပါဘူး” ဟု ချစ်သူ
ပြောခဲ့ဖူးသော စကားကို သတိရမိတော့ေ၀၀ါးစပြုလာသော အမြင်အာရုံက
ပြန်လည်ကြည်လင်လာသည်။
လသာသောည၊ ကုန်ဆုံးရသို့
အလှအိပ်မက်၊ မိုးသောက်ပျက်သို့
တစ်သက်တစ်ကမ္ဘာ၊ မဟုတ်ပါသော
ပညာသင်ဆုံး၊ နှစ်နိဂုံးဝယ်
ချစ်ထုံးမပြေ၊ နှောင်ရစ်ခွေလည်း
တစ်မြေတစ်ရွာ၊ ခွဲ၍ခွာအံ့
မကြာခဏ၊ ဖြစ်ကောင်းစွလည်း
ဘ၀လုံးပင်၊ စိတ်၌ ထင်သည်
ရင်မှာ အလွမ်းယူသွားမည် ။ ။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကဗျာလေးတစ်ပိုဒ် ဖြစ်သည်။ ထိုကဗျာလေးကိုပင်
ရင်ထဲမှာ ရွတ်ဆိုရင်း ရထားထွက်မည့်အချိန်ကို ကြိုးမိန့်တစ်ခုလို
စောင့်စားနေမိတော့သည်။
သူက ကျန်နေခဲ့ရမယ့်သူပါ။ ခွဲခွာသွားရမယ့် ချစ်သူကရော။ သူမတို့အားလုံး
တဖြည်းဖြည်းနှင့် နာရီလက်တံတွေနှင့် ရန်ဖြစ်စ ပြုလာသည်။ မောင်မောင်၏
နောက်ပြောင်သံများပင် တိတ်ဆိတ်သွား သလိုပါပဲ။
အနာဂတ်သန္ဓေလောင်းက
ငါတို့ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ် လှမ်းပြောနေတယ်။
သူမွေးဖွားလာတဲ့အခါ
ငါတို့ဟာ တစ်နေရာစီ
သံစဉ်မညီနိုင်တော့တဲ့ ဂီတတွေနဲ့
ကြေကွဲနေကြရမယ်တဲ့
ခြိမ်းခြောက်ခဲ့သေးတယ်။
မနီးမဝေးက
ရှုပ်ထွေးလှတဲ့ မြစ်လက်တက်များစွာ
အဲဒါ ငါတို့ လမ်းခွဲပါ … တဲ့
လှောင်ရယ်နေတခဲ့တယ်။
ပျက်ကြွေသွားတဲ့
ငါတို့ရဲ့ နုပျိုခြင်းနဲ့
ကံ့ကော်နာရီတွေဟာ
အနာဂတ်သန္ဓေသားအတွက် “အသက်”ဆိုပဲ
ခပ်ရဲရဲစားသုံးနေတယ်။
သူငယ်ချင်းတို့ရေ
စိန်ခေါ်နေခဲ့ကြပြီ
ဘယ်လိုယုံကြည်ချက်တွေနဲ့
ငါတို့ အနိုင်ယူခဲ့ကြမလဲ
တည်မြဲသေချာတဲ့လမ်းကတော့
ငါတို့ကို စောင့်ကြိုနေခဲ့
မငိုတတ်ဖို့ဘဲ လိုပါတယ်
ဘယ်သောအခါမှ မရှုံးခဲ့ကြသလိုမျိုးပေါ့။ ။
ခွဲခွာချိန်ကဗျာတစ်ပုဒ်ကို သတိရနေမိစဉ်မှာပဲ၊ ရထားဥသြသံက ရှိုက်ငင်စွာ
ထွက်ပေါ်လာသည်။ သံဇကာခြားထားသော်လည်း မျက်ဝန်းမှ မျက်ရည်များ
ဝေ့၀ဲတ်လာသည်ကို ချစ်သူရော၊ သူငယ်ချင်းများပါ တွေ့မြင်သွားမှာမလွဲ။
သို့သော် ဘယ်သောအခါမှ မရှုံးကြသလိုမျိုး၊ သူမတို့ မငိုကြဖို့
ကြိုးစားရပါဦးမည်။
ဘ၀အတွက် အခြေခိုင်ဖို့ ကြိုးစာ့းရင်း ပြည့်စုံသည့် တစ်နေ့ကျ
လက်တွဲဖော်အဖြစ် ခရီးဆက်ကြရမည့် ချစ်သူကို ခွဲခွာခြင်းထက် ပျော်စရာကာလ၊
ပျော်စရာမြေနှင့် ချစ်သူငယ်ချင်းများကို ခွဲခွာရခြင်းက ရင်ကို ပို၍
ထိခိုက်စေလေသည်။
ရထားဥသြသံကြောင့် အားလုံး ပြန်လည်အသက်ဝင်လာကာ အော်ဟစ် နှုတ်ဆက်ကြသည်။
ချစ်သူက ဆုပ်ကိုင်ထား၍ ပူနွေးခဲ့ရသော လက်များ ပြန်လည်အေးစက်ရတော့မည်။
ခဏပဲဖြစ်မှာပါနော်။ ဒါပေမယ့် စည်းလုံးတဲ့ တို့မောင်နှမတွေရဲ့ လက်တွေကတော့
ဘယ်တော့များမှ ပြန်ဆက်မိတော့မှာလဲ။
ယုံကြည်ထားလို့မရတဲ့ အနာဂတ်
မချစ်မြတ်ချင်ပေမယ့်
မျှော်လင့်ချက်တချို့နဲ့ ဦးမော့ရင်း
ကြည်ပြာလွင်ပြင်ထဲက သက်တံ
ရောင်စဉ်ဖြန့်လာမယ့် နေ့ရက်တွေ
ကောင်းကင်ကို မော့ကြည့်ခိုက်
ဆုံလိုက်ဦးမလားရယ်ပေါ့။
ချစ်သူပေးထားသော ကဗျာစာရွက်ကလေးကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း လက်ပြ
နှုတ်ဆက်ဖို့ မေ့လျော့နေခဲ့မိသည်။ လှုပ်ယမ်းပြနေသော လက်များ၏
ပြန်လည်တွဲမဆက် နိုင်သောအဖြစ်ကို ရထားကြီးက သိများနေလေလားမသိ။
အိနြေ္ဒကြီးစွာဖြင့် ကျောခိုင်းသွားသည်။
“ပြန်ရအောင်လေ”ဟု သတိတရလာခေါ်သော မောင်မောင်နှင့်ပိုင်ဦးကို
ကျေးဇူးတင်စွာ ကြည့်မိသည်။ ခပ်လှမ်းလှမ်းမှာတော့ လက်ယပ်ခေါ်နေသော
လင်းတို့ညီအစ်မကို တွေ့ရသည်။ တစ်ကားတည်းစီးကာ အဆောင်အတူပြန်ကြဦးမည်။
ပြီးရင် လင်းတို့က ညနေ သင်္ဘောဆိပ် ဆင်းကြမည်။
ညရောက်ရင်တော့ အဆောင်မှာ အဆောင်မှူးရယ်၊ ဟောလ်ကျူတာတွေရယ်၊
ကျောင်းသူတစ်ချို့နှင့် ဂစ်တာတစ်လက်သာ အဖော်ရှိတော့သည်။
မတွေးချင်ပါဘူးကွယ်။
ကားလေးက အဓိပတိလမ်းမပေါ် ရောက်လာသည်။ ပိုင်ဦးက-
“အင်းဝ ဘုရားသွားဖူးဖို့ လိုက်ခဲ့ကြပါလား”
“ကောင်းသားပဲ”
သူမတို့ မငြင်းဘဲလိုက်သွားကြသည်။ အင်းဝဆောင်ရောက်တော့ အင်းဝဆောင်လည်း
တိတ်ဆိတ်ခြောက်သွေ့စပြုနေပြီ။ အင်းဝ ဘုရားကို နောက်ဆုံးအနေနှင့
ဦးခိုက်မိကြတော့ ချစ်သူနှင့်အတူ ပထမဆုံး ရောက်ခဲ့ဖူးတာကို သတိရမိသည်။
သူငယ်ချင်းများနှင့်လည်း လှည်းတန်းဈေးအထိ ပန်းများသွားဝယ်ကာ
ကပ်လှူခဲ့ကြဖူးသည်။ ခုတော့ နေရစ်တော့ အင်းဝရေ။
အဆောင်သို့ အပြန်လမ်းကလည်း ခြောက်သွေ့တိတ်ဆိတ်နေသည်။ ပျော်ရွှင်ရယ်မောကာ
ကျောင်းသွားနေကြသော ဆရာမများ၏ သားသမီးများ ဖြစ်ဟန်တူသည့် ကလေးငယ်မျာကို
တွေ့ရသည်။ ဟင့်အင်း သူမသာဆို အဲဒီလို ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။
တက္ကသိုလ်နယ်မြေ၏ ခြောက်သွေ့မှုသည် သူမ၏ ခြောက်သွေ့မှုဟု ငယ်စဉ်ကတည်းက
ခံစားနေခဲ့ဖူးသည်ပဲ။ ဒါကြောင့်ပဲ သူမဖခင် ရန်ကုန်တက္ကသိုလ်မှ
ခွဲခွာသွားသည့်တိုင် သူမက ဖက်တွယ်ကျန်ရစ်ခဲ့တာ မဟုတ်လား။
ထိုနေ့တစ်နေ့လုံး မိုးက အုံ့တစ်လှည့်၊ နေသာတစ်လှည့်၊ ညနေ
သင်္ဘောဆင်းချိန်ကျတော့ မိုးတွေက မနက်ကလိုပဲ အုံ့ဆိုင်းလာပြန်သည်။
“ကောင်းကင်ကြီးက မဲ့တဲ့တဲ့”နြဲ့ဟု “လင်း”ကပင် မချိတရိ ဆိုခဲ့သေးသည်။
သင်္ဘောဆိပ်မှာတော့ မနက်ကလို သင်္ဘောထွက်သည်ထိ မနေမိ။ မကြာခင်ပန်းလှေများစွာ
လမ်းခွဲထွက်ခွာသွားမှာကို သူမ ထပ်မကြည့်ရဲပါ။ အဆောင်ဝင်ချိန်အမီ ပြန်ရင်း
တိတ်ဆိတ်ခြင်းနှင့် ရင်ဆိုင်ရတော့မည်ကို ချောက်ချားစွာ တွေးနေမိသည်။
တိတ်ဆိတ်နေတဲ့ နေ့ရက်တံခါး
ငါ့နှလုံးသားထဲမှာ ဖွင့်ဟတုန်ခါနေခဲ့ပြီ။
ယုံကြည်လိုက်ချစ်သူတို့ရေ
အရည်ပျော်ကျနေခဲ့ကြတဲ့
ငါတို့ရဲ့ ခံနိုင်ရည်အားများ
သွက်လက်စွာ စီးဆင်းသွားကြ
ဦးတည်ရာအရပ်ဟာ
လေဖိအားနည်းရပ်ဝန်းတစ်ခုပါပဲ။
ဟုတ်ပါရဲ့။ သူမရဲ့ ပတ်ဝန်ကျင်ကသာ တိတ်ဆိတ်နေတာ။ ရင်ထဲမှာတော့
မုန်တိုင်းတွေ အစပျိုးနေခဲ့ပြီလေ။ သူမတစ်ယောက်တည်း အခန်းအောင်းကာ
ဂစ်တာတစ်လက်နှင့် ရူးသွပ်နေခဲ့သည်။ အစရှိပြီး အဆုံးမရှိသော
တေးသွားများကို တီးခတ်ရင်း၊ သီဆိုရင်း။ အသံပျောက်သွားရင်း၊
ပြန်အားယူရင်း။တစ်ယောက်တည်း လှုပ်ခတ်နေခဲ့သည်။ ဖြေသိမ့်ရာကတော့
“ဝေးကွာခြင်းက တို့အတွင်းမှာ”ပဲပေါ့။
ယုံကြည်မှုတွေနဲ့ ကုစား
ဝေးကွာသွားခဲ့ကြလည်း
ခိုင်မြဲမြဲ … ခိုင်မြဲ
တွဲလက်တွေမဖြုတ်စတမ်း
လက်တစ်ကမ်းမှာ
ငါတို့ပြန်ဆုံကြမယ်လို့ မျှော်လင့်
ပင့်သက်သံကိုယ်စား
သံစဉ်များစွာ ဖန်တီး
(လက်ရှိတင်္ဒဂကို) မေ့ပျောက်ပြီး နေချင်တယ်။
ဒါတွေဟာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့တာပေမယ့် အိပ်မက်တစ်ခုလို
မေ့ပျောက်ပစ်လိုက်လို့ မဖြစ်နိုင်တာ ပိုသေချာလာတဲ့အချိန်မှာ သူမဟာ
မျက်ရည်တွေနဲ့ေ၀၀ါးနေခဲ့ပါပြီ။ သံစဉ်တွေလည်း ဖန်တီးနိုင်စွမ်းမရှိတော့။
အိပ်စက်ခြင်းကလည်း ဒီနေ့ညအဖို့ ကင်းဝေးနေခဲ့ဦးမှာပါပဲ။
မနက်လင်းတော့ သူမက ပို့ဆောင်သူမဟုတ်တော့။ နှုတ်ဆက်သူဖြစ်သွားရပြီ။
မရမ်းကုန်းဘက်က အဒေါ်ဖြစ်သူ အိမ်အရောက် မောင်နှမ၀မ်းကွဲတွေက သူမကို
နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့က သူမရောက်လာ၍ ပျော်ရွှင်နေကြသလောက်
သူမကတော့ စိတ်အနာရထားသူပီပီ၊ ဒဏ်ရာရ ကြောင်တစ်ကောင်လို
ချောင်တစ်ချောင်မှာ သီးသန့်နေချင်မိ၍ အခန်းအောင်းနေမိပြန်သည်။
(၃)
ထိုနေ့ညကတော့ အိပ်ဆေးအကူအညီဖြင့် အိပ်စက်ခွင့်ရခဲ့သည်။ နောက်တစ်နေ့ကျတော့
သူတို့မောင်နှမတွေ ပဲခူးသွားကြသည်။ သူမက မလိုက်ဖို့ ငြင်းဆိုတော့
အလိုက်သိစွာ ထားခဲ့ကြသည်။ အားလုံးထွက်ခွာသွားတော့ သူမဂစ်တာဆွဲကာ ခြံထဲရှိ
ပိတောက်ပင်ရင်းဆီလာထိုင်နေမိသည်။
လုပ်ချင်တာလုပ်လို့ရအောင် စာရွက်တစ်ထပ်နှင့် ဘောလ်ပင်ရောခဲတံပါ
ယူလာခဲ့သည်။ အလကားပါပဲ။ ကဗျာဆိုတာလည်း အတွေးထဲရောက်မလာ။ ခဲတံနှင့်
စာရွက်လည်း မိတ်မဆက်ဖြစ်ဘဲ ဂစ်တာတစ်လက်နှင့်သာ အချိန်ကုန်ခဲ့သည်။
အတွေးတွေ ၀င်လာတော့ ဂစ်တာလည်း သူမရင်ခွင်မှာ အိပ်မောကျလို့။
ခွဲခွာချိန် မြင်ကွင်းနှင့်အတူ ဟိုးတစ်ချိန်က ပျော်ရွှင်ခဲ့ချိန်များကို
ဒွန်တွဲမြင်ယောင်လာတော့ နေသာသောနေ့နင့် မိုးသည်းထန်စွာ ရွာသောနေ့တွေကို
ဖော်စွမ်းသော ပန်းချီကားတွေကို ဆွဲချင်မိသည်။ ပြီးရင်တော့
မိုးစဲသွားသည့်နောက် ပေါ်ထွက်လာတတ်သည့် သက်တံပုံ
ပန်းချီကားလေးတစ်ချပ်ပေါ့။
သူမ စိတ်တွေ ပြန်လည် နိုးထလာသည်။
ဆယ့်နှစ်ကြိုးတပ် ဂစ်တာလေးကို ဖိနှိပ်ကစားလိုက်တော့ ဂစ်တာလေးလည်း
အိပ်မောကျရာမှာ နိုးထလာရတော့သည်။ စောစောက တီးနေခဲ့သော အင်ထရိုပိုဒ်ကိုပဲ
ပြန်တီးဖြစ်သည်။ ဒီတစ်ခါတော့ ခြောက်သွေ့နေသော နှုတ်ခမ်းများ
စွတ်စိုလှုပ်ရှားလာကြသည်။ “တစ်ပွေတည်း”တဲ့။
ရင်ခုန်သံတွေတိုးတိတ်သွားပြီပဲ … စကားသံတွေ မသဲကွဲ
တို့ နှစ်ယောက်လည်း …
သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ရှိနေဆဲ ဥသြသံရယ်
ရထားအထွက် မျက်နှာလွှဲ
ကံဆိုတာ ပြောရခက်တယ်အသည်း ပြန်မဆုံနိုင်သရွေ့တော့
တို့တစ်ပွေတည်း …
အဆင်မပြေခင်လေးတော့ ဝေးမှာပဲ အတူနေတာ အချစ်ရဲ့
နိဗ္ဗာန်ပဲ … နေပူမှာ မိုးမသည်းနဲ့လေ စဉ်းလဲခြင်းရဲ့ အမျက်ဒဏ်လေး
ဆုံးရှုံးမှုအတွက် အသက်ကိုစတေး ချစ်လျက်နဲ့ တစ်ဖက် အခက်တစ်ရာအရေး…
ပြန်လည်ကာတိုင်ပင်နေဆဲ
လမ်းခွဲဖို့ ရထားရှိုက်သံဆွဲ …
“သို့ တစ်ရံတစ်ခါဆီ” ၏ အစပိုဒ် (သို့မဟုတ်) တစ်ပွေတည်း။
ရထားရှိုက်သံကို ခုပင် ကြားယောင်လာတော့သလို။ လက်ကွက်ပြောင်းကာ
ခပ်သွက်သွက်ကလေး တီးခတ်လိုက်တော့ “သို့ တစ်ရံတစ်ခါဆီ” ထဲ
စီးမျောသွားတော့သည်။
မှောင်ချိန်မတန်ခင် လင်းတဲ့နေ့တွေ တောင်ခြေတစ်နေရာ
ဘုရားမြတ်ရှေ့မှာ … သူရယ်ကိုယ်ရယ် .. နှစ်ဦးသားတောင်းဆုခြွေ
ကိုယ်စီ … လက်ထဲပန်းမြတ်သစ္စာ … သူလေယူငင်ပေါင်း၍ အတူစုစည်း
ရင်ပြင်တော်မှ ပန်းအိုးထဲကို ပြန်လည်ဆုံအောင် အမှတ်တရနဲ့လေ …
သူမတို့ သူငယ်ချင်းတစ်စုနှင့် ချစ်သူတို့သူငယ်ချင်းများ စုပေါင်းကာ
ရွှေတိဂုံရင်ပြင်ပေါ်သို့ ပန်းအိုးထဲ အတူပန်းစိုက်လှူခဲ့တာကို သတိရမိသည်။
ဒါဟာ တကယ်တမ်း ပြန်ဆုံနိုင်ကြဖို့အတွက် သေချာခဲ့မယ်ဆိုရင်ဖြင့် ကမ္ဘာပေါ်က
ပန်းတွေ ဘယ်တော့မှ နွမ်းခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
ပြန်ချိန်တန်လို့ ခွဲရတော့ကွယ်၊ ဝေဒနာတွေရယ် အတိုင်းအဆမသိအောင်
ဒီလူတစ်စုံကို ထွေးပွေ့ထားရက်တယ်၊ အလာရယ်၊ အပြန်ရယ် ရှိရစမြဲမို့
ဖြေနိုင်စရာကို တမ်းတမမြင်သော်လည်း အိုလေ … မေရယ် ရထားစထွက်ပြီ
တုန်ရီနေတဲ့ လက်တစ်ဖက်ထုတ်ကာ အ၀ါရောင်စာလွှာလှမ်းပေးလှမ်းရင်းယူ
ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ …
“အလာရယ်၊ အပြန်ရယ် ရှိစမြဲ”ဆိုတဲ့ လောကဓမ္မတာကြောင့်သာ
သူမတို့ခွဲခွာကြရတာပါ။ ဆုံတွေ့ခဲ့ကြရတာပါလို့ ဖြေသိမ့်ရဦးမှာပေါ့။
ငိုသံသဲ့သဲ့ တစ်ချက်က ဘယ်သူ့ဆီကလာတာလဲ။ သူမရဲ့ ညာဘက်ရင်ခွင်ဆီကလား။
ကြင်နာသူရယ် စိတ်ချပါရစေ စာလွှာမှာ သူမှာရေးတဲ့စကားကြောင့်လေ မြေပြင်ကို
ရန်ငြိုးဖွဲ့မိုးတွေ ဘယ်အချိန်ဘယ်ထိ သည်းမလဲမသိခင် ခိုလှုံရာကို
တွေးသိမိသည်နောက် ရောင်စဉ်ခုနစ်ဖြာ သက်တံမင်းကို
မျှော်ရည်ယုံကြည်တောင့်တဖူးတဲ့ တစ်ရံတစ်ခါဆီကို သတိရမိပါရဲ့ …
ဘာပဲဖြစ်ဖြစ် မြေပြင်ကို ရန်ငြိုးဖွဲ့ရွာမယ့်မိုးတွေ
သည်းထန်ချိန်ပြီးရင်တော့ နေသာတဲ့နေ့တစ်နေ့ကို ပြန်ရဦးမှာပါ။
သူမနဲ့ချစ်သူတို့အတွက် သက်သက်ပေါ့။ ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့
တွေ့ဆုံဖို့ရာကတော့ မိုးရွာပြီးတိုင်း သက်တံကို မြင်ရတတ်တာ မဟုတ်တဲ့အတွက်
ကြုံကြိုက်တိုက်ဆိုင်စွာ မြင်တွေ့ရမယ့် နေ့ရက်တွေကိုပဲ
စောင့်မျှော်ရပေဦးတော့မည်။
စောစောက အုံ့ဆိုင်းနေသော မိုးတွေ သည်းထန်စွာနှင့် အသံမြည်ဟည်းကာ
ရွာချာလာပြီ။ ပိတောက်ပင်ခြေရင်းကို အတားအဆီးမဲ့စွာ ၀င်ရောက်လာသော
မိုးရေစက်တွေကို ခံယူရင်း မျက်ရည်စက်တွေနှင့် ရောနှောစေ လိုက်တော့သည်။
ကျေးဇူးတင်ပါသည် မိုး။
သူမကတော့ “သို့ တစ်ရံတစ်ခါဆီ” နောက်ဆုံးပိုဒ်ကို ပြန်ကြော့ရန် ဂစ်တာကို
ဆက်လက် တီးခတ်ရင်း မိုးသည်းထဲမှာ နှစ်လိုစွာ ဆက်ထိုင်နေမိတော့သည်။
မနော်ဟရီ
ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း
၁၉၉၆-၉၇ ခုနှစ်။
မဖွဲ့ဖြစ်သေးတဲ့…ကဗျာ

ကလျာမဂ္ဂဇင်းကို အန်တီကလျာကိုယ်တိုင်စာမူတောင်းတဲ့အချိန်ကျမှ ကျွန်မ ဝတ္ထုတိုလေး သုံးပုဒ် (တစ်နှစ်တစ်ပုဒ်နှုန်းနဲ့)ပေးဖြစ်ခဲ့တယ်။အရင်ကတော့ ဦးနေမျိုးအေး ကနေပဲပေး ဖြစ်တာကိုး။ပထမပေးဖြစ်တဲ့ တစ်ပုဒ်နာမည်ကလည်း “မဖွဲ့သီဖြစ်သေးတဲ့ ..ဈာပန”..တဲ့။ ဒုတိယတစ်ပုဒ်က ဒါပါ။အန်တီကတောင် မဖွဲ့သီရတာတွေများနေတယ်သမီး တဲ့နောက် သေးတယ်။နောက်တစ်နေ့မှ အန်တီက ဖုန်းဆက်ပြီး ဒီစာမူလေးဖတ်ရင်း သူ့ရင်ထဲ မကောင်းရတဲ့အကြောင်းလှမ်းပြောပါတယ်။ကျွန်မကိုယ်တိုင်လည်း စိတ်ထဲမကောင်းပါဘူး။ တကယ်တော့ သားသမီးဆိုတာ မိဘအားလုံးအတွက် မဖွဲ့သီဖြစ်သေးတဲ့ကဗျာတစ်ပုဒ်ပါပဲ ဘာလို့လဲဆိုတာ့ အရာအားလုံးထက်ပိုပြီးနက်ရှိုင်းနင့်သီးတဲ့အတွက် ဖော်ညွှန်းစရာ စကား လုံးမရှိလို့ပါ။ ၂၀၀၆ခုနှစ် အဦးပိုင်း(လ မမှတ်မိတော့)က ကလျာမဂ္ဂဇင်းမှာ ပါသွားခဲ့တဲ့စာမူ ပါ။ ခု ဒီစာမူကို အမေတိုင်း သားသမီးတိုင်းအတွက် ရည်ညွှန်းပါတယ်။ ( ဒီကနေ့ မွေးနေ့ကျရောက်တဲ့ ကလေးတစ်ယောက်ရဲ့မေမေနဲ့သူမသားအတွက်လည်း ရည်ညွှန်းပါတယ်..သူတို့သားအမိ အတွက် ရည်ရွယ်ခံစားပြီး ကျွန်မ ကဗျာလေးတစ်ပုဒ်လည်းရေးဖြစ်ခဲ့တယ် အလွမ်းရာသီ…တဲ့..)
အလွမ်းရာသီ
ကလေးလေးတစ်ယောက်
ပြတင်းတစ်ပေါက်စာကောင်းကင်ထဲ
တိမ်တွေဝေ့ပျံလာတာကိုငေးမောနေ
မေမေများပြန်ပါလာမလား..ပေါ့။
တိမ်တွေကရွာချလိုက်တဲ့ခါ
မိုးစက်တွေဟာကျွန်တော်ပေါ့
မေမေ့စမ်းချောင်းလေးထဲ
ခပ်ကွေးကွေးဝပ်ဆင်းပုန်းအောင်းနေလိုက်မယ်။
နွေအခါ..
မေမေ မပါမှန်းသိတော့မှ
ကျွန်တော်အငွေ့အဖြစ်နဲ့ပျံ
အမှန်တရားကိုရင်ဆိုင်လိုက်ရဦးမှာပေါ့။
မမြင်ရတဲ့တစ်နေရာကိုငေးရင်း
တစ်ကိုယ်စာငလျင်များစွာနဲ့
ကျွန်တော်လှုပ်ခတ်နေခဲ့ပေါ့
လွမ်းတယ်.မေမေ…
ကျွန်တော့်ကိုစွတ်စိုစေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ..။
လူတွေသိပ်လွမ်းလာရင်
ဘာလုပ်တတ်ကြလဲမေမေ
အဲဒီပညာရပ်တွေဘယ်သူ့ဆီသွားသင်လိုက်ရမလဲ
မေမေလည်းတတ်မြောက်သွားပုံမပေါ်ဘူး
ခုနေခါမှာတော့
မေမေ့ရဲ့သစ်ပင်လေ်းကျွန်တော်လေ
မေမေ့ချစ်ခြင်းမေတ္တာတစ်ခုစာ
ရှင်သန်မြင့်မားလို့..
ဒါပေမယ့်
ကျွန်တော့်အသီးအပွင့်တွေကို
ဘယ်သူဆွတ်ခူးပေးမှာတဲ့လဲ..။
တစ်နေ့တော့
ရေခိုးရေငွေ့ကလေးကျွန်တော်
မေမေရှိရာကောင်းကင်တော်ဆီ
ခရီးထွက်လာခဲ့မှာပေါ့
ခုနေခါမှာတော့
အလွမ်းတွေနဲ့ငွေ့ရည်ဖွဲ့လို့
လေးလံလွမ်းဆွတ်နေခဲ့ပါတယ်မေမေ…။ ။
မနော်ဟရီ
မဖွဲ့ဖြစ်သေးတဲ့…ကဗျာ
Side A
ဒီနေ့ဟာ..မေမေမုန်းတဲ့ ရက်သတ္တပတ်ရဲ့စတုတ္ထမြောက်နေ့တစ်နေ့ပဲ။ရှေ့လာမယ့်တနင်္လာ နေ့ကတော့ မေမေ့မွေးနေ့။သားတို့ အခန်းက နာရီလေးကိုကြည့်လိုက်တော့ ည ကိုးနာရီခွဲ နေပြီ။သားဘေးနားမှာ နေနေပေမယ့် မေမေက မအိပ်သေးဘူး။သားလည်း ခါတိုင်းဆို ဒီအ ချိန်အိပ်ပျော်နေပြီ။ဒီညတော့ နေ့လည်ကမေမေမေးခဲ့တဲ့စကားလေးတစ်ခွန်းကြောင့် စဉ်း စားနေလိုက်တာ အိပ်လို့ကိုမပျော်တော့ဘူး။မေမေက မေးတယ်လေ။
“သား..မေ့ကို မေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမှာလဲ..”…တဲ့။
သားဆီက ဘာမှမရနိုင်တာ မေမေသိရက်နဲ့မေးတာမို့ မေမေ့မှာ အကြောင်းတစ်ခုတော့ရှိရ မှာပေါ့။ပြီးတော့ မေမေလိုချင်တာ ဘာဖြစ်နိုင်မလဲလို့စဉ်းစားနေမိတယ်။သားကို အဲဒီလိုမေး တုန်းက မေမေ့မျက်နှာက ပြုံးနေတယ်။သားအရမ်းသဘောကျတတ်တဲ့ သားတစ်ယောက် တည်းကိုပဲပြုံးပြတတ်တယ်လို့ထင်တဲ့ အပြုံးမျိုးနဲ့လေ။
မေမေက လူမှုရေးအရ အမြဲတမ်း ပြုံးရယ်နေတတ်တဲ့သူပါ။ဒါပေမယ့် အဲဒီလိုအပြုံးမျိုးကို တော့ သားတွေ့ရခဲပါတယ်။မေမေပြောခဲ့ဖူးသလိုပဲ “လူတွေဟာ သူတို့နဲ့ထိုက်တန်တာကို ပဲရတတ်တယ် ” ဆိုတာကြောင့် များလား။ဒါပေမယ့် အဲဒီလို အသက်မပါတဲ့အပြုံးတွေကို ဖန်တီးနေရတဲ့မေမေ့ကို ကြည့်ရတာပင်ပမ်းသလိုပဲ။
မေမေ့ကိုလှမ်းကြည့်လိုက်တော့ စာအုပ်တွေတစ်ထပ်ကြီးကို တစ်အုပ်ပြီးတစ်အုပ် လှန်ဖတ် နေတယ်။ညဖက်အိပ်ရာထဲရောက်တဲ့အချိန်လောက်အတူနေရတာမို့ မေမေက အိမ်ပြန် ရောက်တာနဲ့ သားနဲ့တူတူနေတယ်။စကားပြောတယ်။ ဒီကြားထဲကမှ အလုပ်တွေပါလာရင် တော့ မေမေက သားကိုဘေးထားပြီး အလုပ်လုပ်တယ်။တစ်ခါတစ်လေတော့လည်း စာအုပ်တွေဖွင့်ပြီး မေမေ အဝေးကြီးကိုငေးနေတတ်ပြန်တယ်။တကယ်တော့သားတို့အခန်း လေးကကျဉ်းကျဉ်းလေးပါ။ဆယ်ပေပတ်လည်အိပ်ခန်းလေး။ အဲဒီအခန်ကျဉ်းထဲကနေ မေ မေငေးနေပုံက ကမ္ဘာ့အပြင်ဖက်ရောက်နေသလိုပဲ။မေမေသွားချင်တယ်ဆိုတဲ့ အဝေးကြီး ဆိုတဲ့နေရာကိုများငေးနေတာလားမသိဘူး။
မေမေက တစ်ခါတစ်လေပြောတတ်တယ်။
“မေ နဲ့ သား ဟိုးအဝေးကြီးကိုသွားရအောင် ”….တဲ့။
“ဖိုးဖိုး ဖွားဖွား တို့ရှိတဲ့ဆီလား ”..ဆိုတော့ ခေါင်းခါတယ်။
မေမေ ပြောတဲ့ အဝေးကြီး ဆိုတာ ဘယ်နေရာလဲ။ဘာနဲ့သွားရင်ရောက်လဲ။ သားလိုက်ပို့ ပေးချင်လိုက်တာ။ ဖိုးဖိုးဖွားဖွားတို့ဆီလို လေယာဉ်နဲ့သွားရင်ရောက်သလား။ဒါမှမဟုတ် သားစာအုပ်ထဲကလို သဘောင်္အကြီးကြီးတွေနဲ့ ပင်လယ်ကိုဖြတ်သွားရတာလား။ဒါမှမဟုတ် ဟယ်ရီပေါ်တာ လို တံမြက်စည်းချောင်းကြီးတွေစီးသွားလို့ရမလား။ဒီလိုမှမဟုတ်ရင်လည်း ပါဝါရိမ်းဂျားတွေလို ဂလက်ဆီ ဂလိုက်ဒါတွေစီးသွားရမလား။ မေမေမှ သိမှာပါပဲ။ခက်တာ က..မေမေ့ကိုဘယ်လိုမေးရမလဲမသိတာ။မေမေ့ကို ကြည့်လိုက်တော့ မေမေက အလုပ်ရှုပ် နေတုန်းပဲ။“သားလေး အိပ်တော့လေ..”..လို့တော့လှမ်းပြောပြီး လက်တစ်ဖက်က သားရဲ့ လက်ကလေးကိုဆုပ်ကိုင်ထားတယ်။အဲလိုဆုပ်ကိုင်ပြီးရင် မေမေပြောနေကျစကားတစ်ခွန်း ရှိတယ်။
“မေ နဲ့သား ဘယ်တော့မှ မခွဲဘူးနော် ”….တဲ့။
ခုလည်းရင်ထဲကပြောချင်ပြောနေမှာပေါ့။တစ်ခါတစ်လေကျ မေမေက ဘာမှန်းမသိဘူး။မေ မေနဲ့သားနဲ့ နှစ်ယောက်တည်းရှိတာကို ဘယ်လိုလုပ်ခွဲလို့ရမှာတဲ့လဲ။မေမေက သိပ်ခက် တာပဲ။တစ်ခါတစ်ခါကျ မေမေက သားအိပ်နေပြီထင်ပြီး ငိုရင်ငိုနေတတ်တာ။မေမေ့ကျောင်း ကဆရာမတွေက မေမေ့ကိုဆူလိုက်လို့လားမသိဘူး။သား ကျောင်းကဆရာမတွေကတော့ သားကိုမဆူပါဘူး။သားက လိမ္မာတာကိုး။မေမေက မလိမ္မာဘူးလား။မေမေလည်း လိမ္မာမှာ ပါ။
မေမေငိုရင် သားက လိုက်ငိုတတ်တယ်။အဲလိုကျရင်တော့ မေမေချက်ချင်းအငိုတိတ်တော့ တာပဲ။မေမေငိုရင် ဘာဖြစ်လို့လဲလို့ သားကမမေးတတ်ဘူး။မေးလည်း မေမေက ဗိုက် အောင့်လို့ လို့ဖြေရင်ဖြေမှာပဲ။မေမေ့ကို မငိုရတဲ့ည..တွေလက်ဆောင်ပေးလို့ရရင် သိပ် ကောင်းမှာပဲ။
ဖွားဖွားက ပြောဖူးတယ်။မေမေ့ကို နှင်းတွေစူးရှအေးစက်လွန်းတဲ့နေ့တစ်နေ့မှာ မွေးခဲ့တာ တဲ့။ဒါပေမယ့် မေမေ့ ဘဝက မအေးမြဘူးဆိုပဲ။သား သိပ်နားမလည်ပါဘူး။မေမေ့ကိုစမ်း ကြည့်တော့လည်း အေးနေတာပါပဲ။ဖျားနေတာမှ မဟုတ်တာ။တစ်ခုတော့ရှိတယ်။ မေမေ့ ကိုသား လူမှန်းသိကတည်းကကြည့်လာတာ။မေမေ ပျော်ရွှင်နေတယ်ဆိုတာမရှိသလိုပဲ။ မေမေ့ကို သားတို့လိုပဲ ပျော်စေချင်တာ။အဲဒီ ပျော်ရွှင်မှု ဆိုတာကိုကော မေမေ့ကိုလက် ဆောင်ပေးလို့ရလားမသိဘူး။ ခက်တာက ဘယ်ကရမလဲ မသိတာ။ အရာရာကိုဖန်ဆင်း တယ်ဆိုတဲ့ ဘုရားသခင်ဆီကတောင်းပြီး မေ့ကိုပေးရင်ကောင်းမလား။
ခက်လိုက်တာနော်။သားလိုပဲ မေမေ့ကို အရုပ်ကြီးတွေဝယ်ပေးလို့ရရင်ကောင်းသား။ မေမေ လည်းအရုပ်တွေကို ချစ်တာပဲ။မေမေနဲ့ သားအိပ်တဲ့ကုတင်ကြီးမှာ တစ်ဝက်လောက်က အရုပ်တွေနဲ့ပြည့်နေတာ။မေမေက တစ်ခါတစ်လေ သားကိုစိတ်တိုရင် ချစ်ချစ် ဆိုတဲ့ဝက်ဝံ ဆင်စွယ်ရောင်ကြီးကိုဖက်ထားတတ်တယ်။ဒါပေမယ့် မေမေ့ကို အရုပ်ဝယ်ပေးလို့တော့ မကောင်းဘူးထင်တာပဲ။မေမေက သားလို ကလေးမှ မဟုတ်တာ။
မေမေ့ကိုကြည့်ရတာ အခါခပ်သိမ်း ပင်ပမ်းနွမ်းနယ်နေသလိုပဲ။ဒါပေမယ့် မေမေက ဘယ် တော့မှ ဆေးမသောက်တတ်ဘူး။မေမေ့ကို ဆေးတိုက်တတ်တဲ့ အဖွားကလည်း ခုဆို သူကိုယ်တိုင်တောင် နေမကောင်းတာဆိုတော့ ဘယ်တိုက်နိုင်တော့မလဲ။ မွေးနေ့လက် ဆောင် ဆိုတာ ဆေး ရောပေးလို့ရလားမသိဘူး။ သားမေမေကို သားက နေကောင်းစေချင် တယ်လေ။
ဒီရက်ပိုင်းမှာ မေမေ ဘာလိုချင်တယ်လို့ပြောဖူးလဲ…လို့စဉ်းစားလိုက်သေးတယ်။စဉ်းစားလို့ မရဘူး။ရှုပ်ပါတယ်ကွာ။အဲဒီ တနလာင်္နေ့ မနက်ကျရင် မေမေ့ကို Happy Birthday လို့ပြော ပြီး ဖက်နမ်းလိုက်တာပဲကောင်းမယ်ထင်ပါတယ်။ Ear – Two Ears.. Cheek – Two Cheek …. Forehead…Nose… Lips ..Chin.. Neck ဆိုပြီး မေမေသင်ထားတဲ့အတိုင်း တစ်ခုချင်းစီကိုနမ်းပစ်လိုက်မယ်။သားနဲ့မေက နေ့တိုင်းအဲလိုနမ်းနေကျ။ဒါပေမယ့် ဘယ် တော့မှရိုးမသွားဘူး။ဒါဆိုရင်ရော မေမေ ကျေနပ်မှာလားမသိဘူး။
ပြီးရင် မေမေ့မွေးနေ့မှာ မေမေအရမ်းကြိုက်တဲ့ Beatles အဖိုးကြီးတွေရဲ့ Yesterday သီချင်းလေးဖွင့်ပေးထားမယ်။အဲဒီသီချင်းထဲကလိုပဲ မေမေ့ ဒုက္ခတွေ သောကတွေ အားလုံး Yesterday ဆိုတဲ့မနေ့ကမှာ ကျန်ခဲ့အောင်လေ။
ဖြစ်နိုင်ရင်တော့ မေမေရယ်..သားကြည့်တဲ့ကာတွန်းကားထဲကလို မီးခွက်စောင့်နတ်သမီး လေး ဂျီနီ ပါတဲ့ မီးခွက်ကလေးလက်ဆောင်ပေးချင်တာပေါ့။ဒါမှ မေမေလိုတာမှန်သမျှရနိုင် မှာလေ။မေမေ့ကိုကြည့်လိုက်တော့ မေမေက မအိပ်သေးဘူး။သားမျက်စိတွေကတော့ စင်းနေပြီမို့ မေမေ့ကိုတောင် သေချာမမြင်တော့ပါဘူး။သားအိပ်လိုက်တော့မယ်။ အိပ်မက် ထဲကျမှ မေမေ့ကိုဘာပေးရမလဲဆိုတာ ဆက်စဉ်းစားတော့မယ်။
Side B
သားက ကျွန်မအတွက် ဘာပေးရင်ကောင်းမလဲလို့စဉ်းစားပြီး အိပ်ပျော်သွားပုံရတယ်။အိပ် မက်ယောင်တာတောင်မှ မေမေ..ဘာလိုချင်လဲ …တဲ့။ခုထိ မလွှတ်ရသေးတဲ့ သားရဲ့လက် ကလေးကိုဖွဖွလေး ဆုပ်ကိုင်ထားမိတယ်။မေ..လိုချင်တာ သားနဲ့အတူနေရတဲ့အချိန်နာရီ တွေပါပဲ။
သားလေးက ငယ်ငယ်တည်းက အိပ်မက်ယောင်တတ်တယ်။အစွဲအလန်းကလည်းကြီးပါ့။ နေ့လည်က မကျေနပ်၊အလိုမကျခဲ့သမျှက သူများကလေးတွေလို အိပ်လိုက်တာနဲ့ပြီးမသွား တတ်ဘူး။အလိုမကျတာတွေကို ရေရွတ်တတ်သလို တစ်ခါတစ်ခါ အလန့်တကြားလည်း ထ ထ ငိုတတ်သေးတယ်။တစ်ခါတစ်လေကျ ကျွန်မပါ လိုက်ရယ်ချင်မိတတ်အောင် တခစ် ခစ်ရယ်နေတတ်ပြန်ရော။
အဲဒီလိုဆို မနေတတ်တဲ့ကျွန်မက သားလေးကို “ထ ထ ဘာမှမဖြစ်ဘူး”..လို့ချော့ရတယ်။ ဒါမှ ထိတ်လန့်စရာကောင်းတဲ့မသိစိတ်အိပ်မက်ကမ္ဘာကနေ သားက ကျွန်မရင်ခွင်ထဲပြန် ရောက်လာမှာလေ။ရယ်နေရင်တော့ သားပျော်နေမှာပဲ လို့တွေးပြီး ကျွန်မ မနှိုးတတ်ဘူး။ သားရယ်မော ပျော်ရွှင်နေပါစေလေ။ သားဘဝကို ကျွန်မလိုပဲ တပင်တပမ်းလုပ်ယူရတဲ့ အရယ်အမောအတုတွေနဲ့ မပြီးဆုံးစေချင်ဘူး။ ရယ်မောတတ်ခြင်းရဲ့ အရသာအစစ်ကို လည်း ခံစားရစေချင်တယ်။“ပျော်ရွှင်မှု”..ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို ဇဝေဇဝါ မဖြစ်ပဲ မတုံ့ဆိုင်းပဲ “ဘာ”..ဆိုတာ ချက်ချင်းအဖြေပေးနိုင်တဲ့သူ ဖြစ်စေချင်တယ်။
ကျွန်မကတော့ ကျိမ်စာသင့်နေတဲ့ စက်ရုပ်တစ်ရုပ်လိုပါပဲ။နေ့ဆိုရင်တော့ လိုရာကို လှုပ်ရှား လာလုပ်ဆောင်နိုင်တယ်။ညရောက်လို့ စိတ်ရောလူပါ ခြေကုန်လက်ပမ်းကျလာလို့စိတ်ကို လွှတ်လိုက်တာနဲ့ တပြိုင်နက် ကျွန်မရဲ့အတွေးထဲကို ရန်သူတွေ ကျူးကျော်ဝင်ရောက်လာ တော့တာပါပဲ။
ကျွန်မက ကျွန်မကို လူတစ်ယောက်ပြောခဲ့ဖူးသလို စိတ်ညစ်ဖို့အချိန်မရှိလောက်အောင် အလုပ်တွေပိနေချင်တာပါ။ လူ့ဘဝရဲ့အဓိပ္ပာယ် ကိုက အလုပ်လုပ်နေရခြင်းလို့ အဓိပ္ပာယ် သက်ရောက်စေချင်တာ။ဒါမှ ကျွန်မ ဘဝရဲ့ခါးသီးမှုတွေကို မမြင်ရတော့မှာလေ။ဒါပေမယ့် ကွယ်..လောကကြီးက တရားလွန်းပါတယ်။လူ့ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ တစ်ခုတည်းမ ဟုတ်ဘူး။ခံစားချက်တွေ ချစ်ခြင်းမေတ္တာတွေလည်း ရောယှက် ပါဝင်နေသေးတယ်။
ကျွန်မရဲ့ အာရုံတွေ မျက်ရည်တချို့နဲ့ဝေဝါးလာခဲ့ရင် ကျွန်မ လှမ်းကြည့်တတ်တာက သား ကလေးရဲ့မျက်နှာပါပဲ။ကျွန်မ ဘဝမှာ ဒီသားကလေးသာမရှိခဲ့ရင် ကျွန်မသေဆုံးသွားခဲ့ပြီး လောက်ပါပြီ။ ကျွန်မက ကံကြမ္မာကိုမယုံပါဘူး။ဒီထဲကမှ ကျွန်မကို ဒီလိုသားလေးတစ် ယောက်ပေးထားတဲ့အတွက် ကျွန်မက ကြံဖန်ကျေးဇူးတင်နေရသေးတာ။
သားကလေးဟာ ကျွန်မရဲ့အားဆေး။ကျွန်မရဲ့ အသက်ကယ်ဆေးပါပဲ။စိတ်ဓါတ်ပျော့ညံ့ တာလည်းမဟုတ်ပါပဲနဲ့ စိတ်ဖိစီးမှုတွေ သိပ်များလာတဲ့အခါ ကျွန်မရဲ့ ခံတပ်ကလေးက ရန်သူတွေရဲ့လက်အောက် အလိုလိုကျရောက်သွားရတော့တာပါပဲ။ အဲဒီအခါမှာ တိုက်ပွဲ ကျသုံ့ပန်းတစ်ယောက်လို နွမ်းနယ်မောပမ်းနေတဲ့ ကျွန်မအတွက် သားကလေး ဟာ အသက်ကယ်ဆေးတစ်ခွက် ဖြစ်ခဲ့တယ်။
သားက…ကျွန်မရဲ့ပျော့ညံ့မှုတွေကို ပြန်မာကျောစေတယ်။
ကျွန်မရဲ့ယိမ်းယိုင်မှုတွေကို ပြန်လည်တည့်မတ်စေတယ်။
ကျွန်မရဲ့ တွေဝေမှုတွေကို ပြတ်သားခိုင်မာစေတယ်
ကျွန်မရဲ့ကစဥ့်ကလျားဖြစ်မှုတွေကို ပြန်စုစည်းစေတယ်
သားက..ကျွန်မအတွက်တော့ အရာခပ်သိမ်းပါပဲ။
အမေမျက်နှာညိုမှာကို တစ်စက်လေးမှမလိုလားတတ်တဲ့ သားကလေးက ကျွန်မ မျက်ရည် ကျရင် ကျွန်မနဲ့အတူလိုက်ငိုတတ်တယ်။ဒီတော့ ကျွန်မဘဝမှာ မျက်ရည်ဆိုတာ မရှိအောင် ကြိုးစားရတော့မှာပေါ့။ဘာလို့လဲဆိုတော့ ကျွန်မချစ်တဲ့ သားကလေးရဲ့ဘဝမှာ မျက်ရည်ဆို တာ ကျွန်မကြောင့်မဖြစ်စေချင်ဘူးလေ။ သားက အရမ်းငယ်သေးတယ်။လောကကြီးရဲ့ အလှည့်အပြောင်းတွေ အချိုးအကွေ့တွေ လူတွေရဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ် ရောင်စုံတွေကို မသိရှိ မခံစားရသေးဘူး။ခုချိန်မှာ..သားဟာ ပျော်နေရဦးမယ့် အရွယ်လေ။
သားက တစ်ဖက်ကိုစောင်းလှည့်အိပ်လိုက်တဲ့အတွက် သားလက်ကလေး ကျွန်မလက်ထဲ ကလွတ်သွားတယ်။ကျွန်မ သားကိုနေသားတကျဖြစ်အောင်နေရာချပေးပြီး နဖူးပြင်လေးကို နမ်းလိုက်မိတယ်။ကော့စင်းရှည်လျားတဲ့ သားရဲ့မျက်တောင်လေးတွေက မိုးစက်စိုထားတဲ့ ခရေပွင့်လေးတွေလိုပဲ။ ဘုရားသခင် သား မျက်ရည်ကျခဲ့တာလား..။သားအိပ်မက်ထဲမှာ ကျွန်မများ မျက်ရည်ကျနေမိလို့ သားငိုရတာလား။။ကျွန်မမွေးနေ့အတွက် ဘာလက်ဆောင် ပေးရမလဲဆိုတဲ့ အတွေးတွေနဲ့ အိပ်ပျော်သွားရရှာတဲ့သားကလေးရဲ့ အိပ်မက်ထဲမှာ ဘာ တွေများဖြစ်နေလို့လဲ။ခုနကလည်း မေမေ ဘာလိုချင်လဲ..တဲ့။
မေ့ဘဝမှာ အလိုချင်ဆုံးအရာက သားကလေးနဲ့အတူနေရမယ့် အချိန်နာရီ၊နေ့ရက်တွေနဲ့ သက္ကရာဇ်တွေပါပဲ။လောကကြီးကိုရင်ဆိုင်ဖို့ ခွန်အားမဲ့လာတိုင်း ကျွန်မကိုယ်ကျွန်မ ဘုံးဘုံး လဲမသွားအောင် ကျားကန်ရင်း ကျွန်မနေထိုင်ရမယ့်နေ့ရက်တွေအတွက် စိတ်ပူပန်နေခဲ့ဖူး တယ်။သားကလေးရဲ့ ဘဝမှာ ကျွန်မ မရှိလို့ မဖြစ်သလို ကျွန်မဘဝမှာလည်း သားမရှိလို့ မဖြစ်ပါဘူး။အတ္တတွေရဲ့ ချွန်ထက်တဲ့ ဓားသွားနေ့ရက်တွေမှာတောင် တို့သားအမိတွေ ဘဝ လေးနှစ်ခုပေါင်းတစ်ခု ပျက်မသွားအောင်နေထိုင်ခဲ့သေးတာပဲ။မုန်တိုင်းပြီးသွားကာမှ ကျွန်မ တို့ဘာအကြောင်းနဲ့မှ ခွဲလို့မဖြစ်တော့ပါဘူး။
သားကလေးရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးက အေးချမ်းလိုက်တာ။ဒါ ကလေးဘဝရဲ့ ပြယုဂ်ပဲလေ။ ဒါတောင်မှ သားဟာ အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်မှုတွေနဲ့ အမေ နဲ့အတူ သောကတွေကို ဝေမျှခံစားခဲ့ရပြီးပြီ။ ကျွန်မတို့ သားအမိ အေးငြိမ်းချမ်းမြေ့ တဲ့ အဝေးတစ်နေရာမှာ ငြိမ်ငြိမ်သက်သက်လေး တိတ်ဆိတ်စွာ ရှင်သန်ချင်ပါတယ်။ဒါဟာ ကျွန်မ ဘဝရဲ့ အလိုချင်ဆုံးအရာတစ်ခုပါပဲ။
လာမယ့် တနလာင်္နေ့မနက်ခင်းတစ်ခုကနေ နောက်ထပ် တနလာင်္ပေါင်းမြောက်များစွာထိ ကျွန်မ ရှင်သန်ခွင့်ရခဲ့မယ်ဆိုရင်….။
မနော်ဟရီ
ဒီနှစ်ကဗျာ

ဒီနှစ်ကဗျာ
တစ်ဆောင်းတွင်းလုံး
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်။
ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒီကောင်းမှုမှာ
မေမေ…ကျမ္မာပါစေ..။ ။
မင်းဒီ
(မင်းဒီရဲ့ ကဗျာလေးကို Mothers’ Day အတွက်တင်ပါတယ်..ကျွန်မရဲ့အမေ..သင်တို့အားလုံးရဲ့အမေ
အမေ တိုင်းအတွက် ဒီနှစ်ကဗျာ ပါ။ မေမေအားလုံး ကျန်းမာပါစေ…..)
အနီရောင်နေ့စွဲ
စနေအနီ ဆိုတဲ့ အိန္ဒြာရယ် ကျေးဇူးအနီ တင်ပါတယ်ဆိုတဲ့ စာမူပို့သူတစ်ယောက်ရယ်ကြောင့် ကျွန်မရေးခဲ့ဖူးတဲ့ အနီရောင်နေ့စွဲကို သွားသတိရမိပြီး ပြန်ရှာတင်လိုက်တာပါ။ နီမောင်းနေတဲ့ နေ့ရက်တွေအချိန်နာရီတွေကတော့ခုထိကိုအသားမသေသေးပါဘူး။ပန်းချီဆရာရဲ့ဆေးခွက်က
လည်းဆွဲမယ်ဆိုကာမှအဖြူရောင်ပျောက်နေခဲ့သလိုမျိုး…ကျွန်မတို့ အနီရောင်တွေကို ဒီတိုင်းထိုင်ကြည့်နေ ကြရတော့မယ်ထင်ပါရဲ့။
အနီရောင်နေ့စွဲ
ထူးထူးဆန်းဆန်းမက်မိတဲ့ အိပ်မက်ထဲမှာအင်္ဂါ ဂြိုဟ်က ကိုယ့်ကိုနီနီမောင်းမောင်းစူးစိုက် ကြည့်လို့။သူ့အကြည့်တွေနဲ့တင် ကိုယ်ပြာကျသွားမလားမဆိုနိုင်ဘူး။နိုးလာတော့ မနက်ခင်း ကအနီရောင် ..။ပြတင်းပေါက်ကနေ ကန့်လန့်ကာကို စိမ့်ဝင်ဖြတ်သန်းလာတဲ့ နေရောင် ခြည်ကိုကနီရဲတောက်ပလို့။ဘုရားသခင် အနီရောင်ဟာ ဘာကိုများ ကိုယ်စားပြုပါသလဲ။
အိမ်ကနေအထွက်မှာ အိမ်ရှေ့မှာရပ်ထားတဲ့ ကားအနီရောင်ကိုစိတ်ပျက်လက်ပျက် ကြည့် နေမိတယ်။မတတ်နိုင်ပါဘူး။သူက နဂိုတည်းက နီနှင့်ပြီးသားပဲ။ဒိထက်ပိုစိတ်ပျက်စရာ ကောင်းတာက ကားမှန်မှာမြင်နေရတဲ့ ကိုယ့်ရဲ့စပို့ရှပ်နီနီပါပဲ။ကြည့်လေ အယောင်ယောင် အမှားမှားတွေကကို အနီရောင်တောက်နေခဲ့တာ။(ကိုယ်မှ အနီရောင်ဝတ်လေ့မရှိတာ..)
ကျောင်းရောက်တော့ ကင်တင်းက စားပွဲထိုးက ကိုယ့်ကို ထီးအနီကြီးအောက်မှာ နေရာချ ပေးတယ်။ပြီးတော့ ဘာမှမပြောမဆိုနဲ့ ကိုယ့်ရှေ့ကို နီရဲနေအောင်ကြော်ထားတဲ့ငရုတ်သီး ခွက်တစ်ခွက်လာချတယ်။ကိုယ့်ဒေါသက အနီရောင်ပြောင်းသွားပြီ။
“ငါ..အနီရောင်မစားဘူး..”
ကိုယ့်ရဲ့အနီရောင်အသံကို စားပွဲထိုးက အူတူတူနဲ့တုံ့ပြန်တယ်။ကိုယ့်မှာက သူ့ကိုဖြေရှင်း နေဖို့အချိန်မရှိပါဘူး။ထမင်းချိုင့်ထဲမှာ ကိုယ့်ကိုအိမ်က ဆီပြန်ဟင်းနီနီရဲရဲတွေ ထည့်ပေး လိုက်လေမလားတွေးပြီး..ကျောထဲတောင်စိမ့်သွားမိတယ်။
တမင်တကာ ဒီနေ့မှ မှာသောက်မိတဲ့ နွားနို့ကတောင် အနီရောင်စွက်ချင်သလိုလို။ဘေးဝိုင်း မှာထိုင်နေတဲ့ကောင်မလေးကလည်း ကိုင်စရာရှားလို့ လက်ကိုင်ဖုန်းအနီရောင်နဲ့။သူ့လေသံ တွေကလည်း တဝှီးဝှီး တဖျတ်ဖျတ်နဲ့ လေနီကြမ်းဆန်လိုက်တာ။သူ့နောက်မှာမုန်တိုင်းတစ် ခုပါလာမယ့်လေနီကြမ်းမျိုးပေါ့။ကိုယ် အတန်းထဲပြန်ဝင်နေတာကောင်းမယ်ထင်တယ်။လေ နီကြမ်းတွေကို ကိုယ်ကကြားနာနေကျလေ။ကိုယ့်အိမ်မှာကို ချစ်လို့လက်သပ်မွေးထားမိတဲ့ မုန်တိုင်းနီနီတစ်ခု ကံမကောင်းစွာရှိနေခဲ့တာ။
ညက အိပ်မက်အရ အင်္ဂါဂြိုဟ်များ ကမ္ဘာနားကပ်လာသလားမသိပါဘူး။သူက အမြဲတမ်းနီ မောင်းနေခဲ့တယ်ဆိုတာကိုး။အကုသိုလ် ဆိုတာကလည်း လာရင်အဖော်အပေါင်းနဲ့မှဆိုပဲ။ ဘုရားသခင် အကုသိုလ်ဆိုတာကရော အနီရောင်များလား။
ကိုယ်အတန်းထဲဝင်လိုက်တယ်။အလိုလေး…Hall 2 တစ်ခုလုံး ဂျပန်အလံတွေရဲလို့။အဖြူခံ ပေါ်မှာအနီရဲရဲ နေလုံးနဲ့အလံတွေ တစ်ခန်းလုံးပြည့်လို့။ဂျပန်တန်းကလူတွေ ပွဲတော်နီနီ တစ်ခုကျင်းပထားကြပုံရတယ်။Hall 2 ရဲ့မနက်ပိုင်းအချိန်ပိုင်းအတန်းက ဂျပန်တန်းလေ။ ကိုယ်တို့ သရဲနီနီခြောက်တယ်ဆိုတဲ့ 403 ကိုပြန်ပြောင်းကြဖို့ ပါမောက္ခကို အရေးဆိုသင့်ပြီ ထင်တာပဲ။
စိတ်ရှိလက်ရှိအလံတွေကို ဆွဲခွာပစ်လိုက်တာ..ကိုယ့်လက်တွေတောင်နီလာတယ်။ကံ ကြမ္မာက ဆေးသားသိပ်မကောင်းဘူး။ကိုယ်က အနီရောင်ကိုမုန်းတယ်။ကိုယ့်ကိုအနီရောင် တွေနဲ့မနှိပ်စက်ကြပါနဲ့တော့။သိပ်ညံ့ဖျင်းလွန်းတဲ့ကံတရားကို ကိုယ်ကဘယ်လိုသင်ကြားပြ သပေးရမှာတဲ့လဲ။
ဟော..ဟိုမှာ မိုးသားတိမ်လိပ်တွေ တရွေ့ရွေ့လှိမ့်ဝင်လာနေပြီ။ကောင်းကင်ကြီးက မှောင် မည်းလာရမယ့်အစား နီမောင်းပျိုးလက်လို့။မိုးရွာလာရင်ကောင်းမှာပဲ။ကိုယ့်လက်တွေကို မိုး ရေနဲ့ဆေးချင်တယ်။ဟော..ရွာချလိုက်ပါပြီ။ကိုယ်တံစက်မြိတ်ဆီပြေးသွားလိုက်တယ်။
“ဟင်..ရေတွေက အနီရောင်တွေ..”
ကိုယ်ရေနီစက်တွေကို ဆက်စုပ်ရွံရှာ ခါချလိုက်မိတယ်။တစ်ရှုးစဖြူဖြူလေးနဲ့သုတ်လိုက်တဲ့ အခါ တစ်ရှုးဖြူဖြူလေးသေဆုံးသွားတယ်။ဒဏ်ရာနီနီတွေ ဗရပွနဲ့ပေါ့။
မိုးခြိမ်းသံကလည်း အနီရောင်။
လျှပ်စီးကြောင်းတွေက အနီရောင်။
ကောင်းကင်ကလည်း အနီရောင်။အို..ဘာတွေဖြစ်ကုန်ကြပြီလဲ။
ကိုယ် အတန်းထဲပြန်ဝင်ခဲ့လိုက်တယ်။
ဘုရားရေ..အတန်းထဲမှာလည်း အနီရောင်တွေက စုပံအေးခဲလို့။ အတန်းသိပ်မမှန်တတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတောင်အနီရောင်အကျီ င်္နဲ့။ကြေးမုံမြင့် ကလည်းအနီရောင်။မေသန္တာမြင့် ကလည်းအနီရောင်။အိုး ကိုယ်ကလည်းအနီရောင်။
ဘုရား..ဘုရား..။
ဒီနေ့ဟာ တစ်ခုခုမှားယွင်းခဲ့လို့ ကြက်ခြေခတ်ခံထားရတဲ့နေ့တစ်နေ့များလား။
ကိုယ်တစ်ခန်းလုံးကိုလှည့်ပတ် ကြည့်နေမိတယ်။
အတန်းမဝင်တဲ့ ဆရာမဆီသွားမေးပြီး ပြန်လာတဲ့ ကိုကြည်စင်ရဲ့မျက်နှာမှာလည်းအနီ ရောင်..။ဆရာမ ဒေါသကလည်းအနီရောင်။ဦးတိုင်းကျော်ဝါးနေတဲ့ ကွမ်းသွေးတွေကလည်း အနီရောင်။မိုးကောင်းရဲ့ လွယ်အိတ်ကလည်း အနီရောင်။သူသူအောင်ရဲ့နှုတ်ခမ်းကလည်း အနီရောင်။Book Review ကိုတည်းဖြတ်ပေးနေတဲ့ ဆရာမရဲ့မျက်လုံးတွေကလည်းအနီ ရောင်။Vocabularies အသစ်တွေကလည်းအနီရောင်။Group Discussion မှာသုံးတဲ့ Usage တွေကလည်းအနီရောင်။ Listening Tape ထဲက ခုန်ပေါက်ထွက်လာတဲ့ အသံတွေ ကလည်းအနီရောင်။
ကိုယ်..မေ့မျောသွားမတတ် တုန်လှုပ်လာတယ်။
ခက်တာက ကိုယ့်ရဲ့တုန်လှုပ်မှုကလည်း အနီရောင်။
မဖြစ်ဘူး။ကိုယ်ပြန်မှပဲ။
ကားပါကင် နေရာကိုအပြေးလာခဲ့လိုက်တယ်။သေတော့မှာပဲ..။များလိုက်တဲ့ကားအနီရောင် တွေ။ကိုယ့်ကားကလည်းအနီ။သိန်းဝင်းညိုကားကလည်းအနီ။ကြေးကြေးကားကလည်းအနီ
ဟေမာန့်ကားကလည်းအနီ။ကားစောင့်နေတဲ့လူတွေကလည်း နီတီတီနဲ့ကိုယ့်ကိုကြည့်လို့။
သေချာပါတယ်။အင်္ဂါဂြိုဟ်ဟာ ကိုယ့်ဆီတန်းတန်းမတ်မတ်ပျံသန်းလာနေခဲ့ပါပြီ။တစ်နေ့လုံး ခပ်ညံ့ညံ့ ကလေးတစ်ယောက်ရဲ့ လေ့ကျင့်ခန်းစာအုပ်လို အနီရောင် ကြက်ခြေခတ်တွေက ရဲပတောင်းခတ်လို့။ဆေးရောင်မစုံတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဒေါသတွေ စွန်းပေနေတဲ့ ပန်းချီကားတစ်ချပ်ဟာ ကိုယ့်ဘဝထဲလာပြီး နီမောင်းနေလိုက်တာ..။
နေဝင်တော့မယ်။
ဝင်ခါနီးထိတောင် အစွမ်းကုန်နီရဲတောက်ပနေတဲ့ နေလုံးကြီးကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးရဲရဲတွေနဲ့ ကိုယ်ကြည့်လိုက်မိသလားမသိဘူး။နေက ဝင်သွားခဲ့ပြီးတာတောင် အနီ ရောင်တွေက စွန်းပေကျန်ခဲ့တုန်း။
ကိုယ်..အိမ်ပြန်ပါရစေ။အဖြူရောင်တွေပဲရှိတဲ့ မေမေ့အိမ်ကိုပေါ့။
ကိုယ့်အိမ်ကိုပြန်ပို့ပေးမယ့် မြေနီလမ်းကလေးရေ..တစ်နေ့တစ်လေပဲဖြစ်ဖြစ် ဒီတစ်နေ့ တော့ ကိုယ့်အတွက် အရောင်ပြောင်းပေးစမ်းပါ။ကိုယ် အိမ်ပြန်ချင်လှပြီ။
နီကျင်ကျင်မီးရောင်တချို့ လမ်းမပေါ်ဖြာကျနေတယ်။အနီရင့်ရင့်ညဟာကိုယ့်အတွက်တော့ သေစေနိုင်တဲ့ အဆိပ်တစ်မျိုးပါပဲ။အဲဒီအတွက် ဖြေဆေးကို ဒီနေ့မတိုင်ခင်ကိုယ်ရနိုင်ပါ့ မလား။အဲဒီဖြေဆေးကရော အနီရောင်ဆေးလုံးတွေဖြစ်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ ဘူး။
အနာဂတ်နီနီတွေကို ကိုယ်အလိုမရှိဘူး။ကျန်းမာခြင်းနီနီတွေကို မုန်းတယ်။ပစ္စုပ္ပန်နီနီတွေ ကနေ ကိုယ့်ကို ဘယ်သူကများကယ်တင်ပေးမှာလဲ။
ကျေးဇူးပြု၍ အနီရောင်လက်များ ဝေးဝေးနေပေးကြပါ။
ဒေါသကြောင့် နီမောင်းနေမယ့် ကိုယ့်မျက်လုံးတွေကို ရာသက်ပန်အနားပေးချင်လှပြီ။ကိုယ့် မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်။ကံကြမ္မာက အသားမသေလိုက်ပုံများ..ဟိုးဝေးဝေး ကနေကိုယ့်ဆီလာနေတဲ့ အိပ်မက်တွေကတောင် အနီရောင်လက်ဝေလို့။
ကိုယ်..အရှုံးပေးလိုက်ရတော့မှာလား လေနီကြမ်းရေ။
မနော်ဟရီ
Recent Comments