ပြယ်လွင့်သွားတဲ့ ပျော်ရွှင်ခြင်း…..
ကြယ်လေးတစ်ပွင့် ငါ့ကောင်းကင်မှာ ခုန်ဆင်းကြွေကျခဲ့ဖူးတယ်။ အဲဒီနေ့ကို ငါ မေ့လို့မရဘူး။ ကစဥ့်ကလျားဖြစ်နေတဲ့ ဘ၀ရဲ့ သီအိုရီတွေထဲမှာ ခဏတာ ဆင်းသက်လာတဲ့ ကြယ်ပွင့်လေး ကြောင့် ပျော်ရွှင်ခြင်းတွေကို ငါ … ယာယီပိုင်ဆိုင်ခွင့် ရခဲ့တယ်။
ရက်စက်လိုက်တာလို့ မပြောရက်ပါဘူး။
လုပ်ရက်လိုက်လေခြင်းဆိုပြီးလည်း အပြစ်မတင်ရက်ဘူး။
လှည့်စားခဲ့တယ်လို့လည်း အတွေးမ၀င်ချင်ပါဘူး။
မင်း… ထားရစ်ခဲ့တဲ့အတိုင်း ကိုယ်တိတ်တိတ်လေး နေခဲ့တာပါ။ ၀မ်းနည်းကြေကွဲမှုတွေကို မင်း … ပေးတဲ့ အမှတ်တရ လက်ဆောင်အဖြစ် ကိုယ့်ရင်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။ နာကျင်ခဲ့တယ်ဆိုရင်တောင် ကိုယ်ကျေနပ်ပါတယ်။ မင်း.. ပေးခဲ့တဲ့ အင်မတန်နည်းပါးလွန်းတဲ့ ပျော်ရွှင်ခြင်း(မင်း.. ကိုယ့်ကို အစစ်အမှန် မပေးခဲ့ဘူးလို့ ထင်တာပဲ)တွေကို အမြတ်တနိုး တန်ဖိုးထား နေမှာပါ။ ကိုယ် မင်းကို အရမ်းယုံကြည်ခဲ့ပါတယ်။ တန်ဖိုးလည်း ထားခဲ့ပါတယ်။ ပုလဲရတနာလေးတစ်ပါးလို အမြတ်တနိုးကိုးကွယ်ခဲ့တယ်။ ကိုယ့် ရင်ထဲမှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပြန်ရလိုက်တဲ့အရာကတော့ …………………………….
ကိုယ်… မင်းကို အပြစ်မတင်ရက်ပါဘူး။ နာကျင်မိတာတော့ အမှန်ပဲ။ နှလုံးသားတစ်ခုလုံး သွေးချင်းချင်းနီမြန်းခဲ့ပြီလေ။ မချိပြုံးလေး ပြုံးရုံကလွဲပြီး ကိုယ်… ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။ အဝေးကနေ တမ်းတလွမ်းမောခွင့်လေးနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပါ။ မင်းကို.. ပေးဆပ်ခွင့် ရခဲ့အတွက်လည်း အရမ်းပဲ ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီနေ့ရက်လေးတွေကို ထာဝရထုတ်ပိုး သိမ်းဆည်းထားမှာပါ။
ကိုယ်နဲ့အတူ ရှိနေရင် မင်း … စိတ်အနှောင့်အယှက်အရမ်းဖြစ်တယ်။ မပျော်ရွှင်ဘူးဆိုတာ ကိုယ် သိပါတယ်။ အားနာပါးနာနဲ့ လိုက်လျောဆက်ဆံပေးခဲ့တယ်ဆိုတာ ကိုယ် .. နားလည်ပါတယ်။ အဲဒီအတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်။
မမေ့နိုင်ဘူးဆိုတာ သိနေတော့လည်း မေ့ပျောက်ဖို့ မကြိုးစားတော့ပါဘူး။ မင်းအတွက် ကိုယ်ဟာ အရေးမပါတဲ့ လူသားတစ်ဦး ဖြစ်နေပေမယ့် ကိုယ့်အတွက်တော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ ဟိုးးးးးးးးအနက်ရှုင်းဆုံး၊ အမြင့်မြတ်ဆုံး၊ တန်ဖိုးအရှိဆုံး အရာတစ်ပါးပါပဲ။
လူတစ်ယောက်ဆီမှာ ဒီလောက်ထိ ပျော်ဝင်နစ်မျော ကျဆုံးသွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မင့်းရဲ့ ပျော်ရွှင်ခြင်းဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းဖြစ်ခဲ့ပြီး မင့်းရဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်အတွက် အကြီးမားဆုံး သောကဖြစ်ခဲ့ရတယ်။ မင်း …. နေမကောင်းဘူး၊ စိတ်ညစ်တယ်ဆိုရင် ကိုယ်ပဲ အဲဒီဝေဒနာတွေ၊ သောကတွေကို ယူလို့ရရင် လွှဲပြောင်း ယူပေးချင်ပါတယ်။
နံနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ အဦးဆုံးသတိရမိတာ မင်း…အကြောင်းပါပဲ။ ဒီလိုပါပဲ.. မျက်စိနှစ်ကွင်းပိတ်ပြီး ညအိပ်ရာဝင်တော့မယ်ဆိုရင်လည်း မင်း…အကြောင်းကိုပဲ တွေးတောမိနေတတ်ခဲ့တယ်။
နှစ်ယောက်အတူ လျှောက်ဖူးတဲ့ လမ်းမတွေ၊ အတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကို ဖြတ်လျှောက်မိတိုင်း ကြေကွဲစွာ ပြုံးနေရပြီ။ တိုက်ဆိုင်မှုတွေ ရှိတိုင်း မင်း..ကို သတိရလွမ်းဆွတ်မိနေတတ်ပြီ။
အိပ်မက်လေး မက်နေတုန်းက သာယာကြည်နူးနေပြီး အိပ်မက်က လန့့်နိုးတော့မှ အပျော်တွေ လေနှင်ရာ လွင့်ပါသွားခဲ့ရတယ်။
လူဆိုတာကလည်း ပိုင်ဆိုင်ခွင့်မရှိခင်တုန်းက မပိုင်ဆိုင်ရကောင်းလားဆိုတာ မရှိပေမယ့် ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဆုံးရှုံးလိုက်တော့မှ လက်လွှတ်ဆုံးရှုံးလိုက်ရလေခြင်းဆိုတဲ့ အတွေးတွေနဲ့ … နာကျင်ပင်ပန်းလိုက်တာ။
ကိုယ့် ရင်တွင်းဥယျာဉ်ထဲမှာ အလွမ်းသစ်ပင်လေး ရှင်သန်ကြီးထွားနေလိုက်တာ..ဘယ်တော့မှ မညှိုးခြောက်တော့မယ့် ပုံစံနဲ့။
မိုးနေ