အဲလိုလူတွေကို ငါသိပ်ပြီး မုန်း
မိုးခါးရေသောက်လို့ လူရုပ်ပေါက်သွားတယ်ဆိုရင်
အဲဒီလူက လူအတု သူ့ရင်ဘတ်မှာ မတရားမှုပဲရှိတယ်။
အဲလိုလူတွေကို ငါသိပ်ပြီး မုန်း
တဆိတ်ရှိ အိတ်ကပ်ကို လာစမ်း
တဆိတ်ရှိ စိတ်ဓာတ်ကို လာစမ်း
လက်ကလည်း သရမ်းလွန်းလှချည်ရဲ့။
အဲလိုလူတွေကို ငါသိပ်ပြီး မုန်း
ခြောက်လှန့်စရာရှိ အစွယ် တကားကား
ကြောက်လန့်စရာရှိ အူယားဖားယားနဲ့
ဒီလိုနဲ့ပဲ လုံးပါးပါးမယ့်ဟာတွေကများ။
အဲလိုလူတွေ ငါသိပ်ပြီး မုန်း
ဒုက္ခတောင် ဒုက္ခတောတွေကြားမှာ
ဆုတောင်းမှားလာကြတာချင်းအတူတူ
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားနဲ့
မှားလို့မှားမှန်းလည်း မသိကြ။
အဲလိုလူတွေကို ငါသိပ်ပြီးမုန်း
အရိုးအရင်းလေး ကိုက်ရဖို့အရေး
ရှူးတိုက်တိုင်းလည်း ကိုက်တတ်သေးတယ်
အာချောင်ပြီးလည်း ဟောင်တတ်သေးတယ်
သံရှည်ဆွဲပြီးလည်း အူရဲသေးတယ်။
အဲလိုလူတွေကို ငါသိပ်ပြီး မုန်း
သူတို့လို ငရဲမျှော်ပုံပြင်တွေနဲ့
မယဉ်တိုင်း ရိုင်းတယ်ထင်ပြီး
ဝိုင်းပယ်ချင်နေကြတာ …ငါ
သိပ် မုန်း တာ ….။
ဥတ္တရာ(ရေဆုံး)
