အခွံက ထွက် လာတဲ့ အခါ အခွံ ဟာ ဘာ အခွံမှန်း?
ဒီတစ်လိုင်း ကျော်ပြီးတာနဲ့ ဟိုတစ်လိုင်းဆီ . . .?
လိုင်း နှစ်ခု ပူးမိတဲ့ နေရာ မှာ လိုင်း ဟာ ခဏရပ်တယ်
“ငါက ဘာလိုင်းလဲ?“ စာသားတိုင်းကို Underline တားရမယ်
သူ့ကို ဘယ်လိုင်းမှာ ဆွဲမလဲ (ဒါ အခြားအသုံး)
တစ်စပေါ်တာနဲ့ လိုင်းဆုံးခန်းထိ ရောက်သွားမလား?
အမျိုးသားရေးရာ* ကို အမျိုးသမီးအချို့ လိင်အမျိုးအစား ပြောင်းအလဲနဲ့
ဝင်တယ်၊ ကြည့်တယ်၊ Basic Info မှာ Male/ Female
ကြိုက်ရာရွေးခွင့် (ကန့်သတ်မှုအတွင်းမှ) ရှိတယ်
သူလိုချင်တာက Gay . . . ဒါဆို???
အွန်လိုင်းပေါ်က ဖြစ်စဉ်တွေဟာ တကယ်ကြီး လွတ်လပ်နေသလား
ဘောင်ထဲကနေ ဘောင်ဘောင် ဖောက် နေယုံပေါ့၊
ရေဒီယိုကို ဖြတ်လာတဲ့ အသံလှိုင်းတွေမှာ ခွေးသွားထစ်တွေ ပါသလား?
မယုံနိုင်လောက်တဲ့ ခန့်မှန်းချက်တွေနဲ့၊
စုံ စုံ လင် လင် လုပ် လုပ် ပေးသမျှကို အထွန့်မတက်ပါနဲ့၊
အထွဋ်ရဲ့ အထိပ်မှာ နယ်မြေဟာ အဆုံးသတ် မသွားသေးဘူး
ဒိထက်ပို သိခွင့်မရှိ၊ တားမြစ်၊ ပျောက်ဆုံး၊ သွားပြီ၊
ဒီလိုနဲ့ နောက်တစ်လိုင်းမှာ အာကာသဓါတ်တွေ လျှံဖြိုးလာ ပြန်ရော
ကန့်သတ်လွတ်လပ်ဒေသ လို့ နာမည်ပေး ကန့်သတ်လိုက်ပြန်ပြီ
တစ်ခုခုကိုရွေးပါ၊ ခြယ်ပါ၊ ကလစ်ခေါက် သဘောတူပါ၊
ကဗျာဆရာက ဆုံးချင်နေပြီ၊ ဒါနဲ့ ကဗျာကို ဆုံးပြီးလို့ “အား!“
ကဗျာ တကယ် ဆုံးသလား၊ နောက်တစ်လိုင်း လာပြန်ပြီ၊
သေဟာ ဆုံးနဲ့ ပူးမိတဲ့ ဒေသမှာ လိုင်းတွေ ပြန်ရွေ့သွား ပြန်ပြီ
သံသယ ကင်မရာတွေဟာ အာရုံခံစားမှုရဲ့ အလုပ်အချို့ လုပ်
ပြဿနာ ကို အခြားဘာသာစကားမှ မွေးစားခဲ့သလို
ပြဿနာ ကို အခြေတည် အခြား ပြဿနာတွေ ဖြစ်နေသလို
ထပ်မံမျှော်လင့်ထားတဲ့ အွန်လိုင်းစပေ့စ်မှာ နေရာကွက်ကျား
လိုင်းပြုတ်ကျသွား (ဒါမှ မဟုတ် အထူးဘေးထုတ်ခံ ဒေသအချို့ သာ)
မြေအောက်/ရေအောက် ဖိုက်ဘာဆက်ကြောင်းတွေ မပျံသန်းရ ဇုံ
“ လိုင်းတွေ လမ်းပေါ် ပျံကျ“ “လိုင်း ထပ် ရှာမလား“ “ လိုင်းရှုပ်တဲ့ လိုင်းကြောင်း”
” လက်မ ထိပ်ကို နှင်းဆီဆူး ငါး လက်မ နဲ့ ရိုက်သွင်း စမ်း သပ် မလား“
သစ်လွင်အောင် ပြုလုပ်နေတဲ့ ဝပ်ရှော့ မှာ ဆရာကြီးဟာ ကဗျာ ဆရာကြီး (တဲ့)
တော်ပြီ သစ်လွင်အောင် မင်းအဖေ ဆုံးပြီ
တော်ပြီလား ဇာတိ
လင်းရမ္မာ
24/3/2011