Tuesday, January 29, 2008

နောင်တဇာတ်လမ်း တစ်ဖတ်ကမ်းအလွန်

1 comments
Image

ခပ်ထေထေညမှာပေါ့
မျက်ဖြေလင်္ကာလေးနှလုံးသွင်း
အမုန်းစာရင်းထဲက ဖယ်ထုတ်
အသွေးအသားထဲ တွယ်စုပ်နေတဲ့
ဝေဒနာကြွေရုပ်တွေ....
ဒဏ်ရာပေါ် ဒဏ်ရာဆင့်နေတော့
ငါ့ရင်တွေပွင့်နေရပြီ......


တီတီတာတာစကားတွေနဲ့

ညီညီညာညာလှည့်စားခဲ့ခြင်းကိုမှ
အကြင်နာတံတားလို့ထင်ခဲ့တဲ့ငါ
ရင်ခွင်မှာ ဒဏ်ရာတွေထားသွားမှ
အသည်းစားနဂါးမှန်း သိလိုက်ရတယ်...

မမုန်းရက်ပါဘူး
သုံးသပ်ကြည့်လိုက်တော့လည်း
ငါပဲမှားတယ်ပေါ့
ယုံတမ်းစကားတွေယုံ
ရင်တွေခုန်ခဲ့တာကို
မာယာတွေပုံထားမှန်း
ငါတကယ်တမ်းမသိခဲ့ဘူးလေ.....


ရူးမိုက်စွာ ခူးလိုက်တဲ့ငါ
အဲဒီပန်းဟာ အဆိပ်ဖျန်းထားမှန်း
နှလုံးသား မျက်ကန်းတော့မှသိရတယ်
မရှက်တမ်းပြောရရင်
တစ်ပတ်နွမ်းသွားတော့မှ
ဝေဒနာလမ်းပေါ်ရပ်
အကြင်နာတစ်စက်ကို
ရင်မှာထပ်တမ်းတမိတယ် မီးငယ်ရယ်....


ဖြိုးငယ်

Wednesday, January 23, 2008

ရင်၌ဖြစ်သော

0 comments
Image
Image

Monday, January 21, 2008

အလွမ်းတံခါး ပန်းတံတား

0 comments
Image
ငါသီခဲ့တဲ့ စာပန်းချီ
ရာသီရဲ့ ထိုးနှက်မှုအောက်
အရူးတစ်ယောက်ရဲ့ ဆရာဖြစ်ခဲ့တယ်

မာယာမပါတဲ့ သာယာမှုအောက်မှာ
ပျောက်နေတဲ့ အသိတရား
နွေလေညင်းကြားမှာပေါ့

သော့သော့နှင်လာတဲ့ ရင်ခွင်မှာ
အကြင်နာပန်းတစ်ခင်းးနဲ့
ဝေဒနာမြှားတစ်စင်း…..

အတင်းဝင်လာတဲ့ လွမ်းခြင်းအောက်
ဖိတ်စင်လွင့်ပြောက်
အနမ်းကောက်တဲ့ည
မိုးသောက်ခဲ့ရတယ်….

အလွမ်းနှင်တဲ့လေညင်း
ပန်းမမြင်ကြွေဆင်းရပေါ့
သတိရခြင်းရနံ့တွေကို
ဘယ်သောခါမှမင်းသယ်မှာလဲ…

ငါ့ဖွင့်ထားတဲ့ အလွမ်းတံခါးတွေမှာ
ပန်းတံတားတစ်ခုထိုး
တိုးတိုးလေးကြိုနေမယ်
လေညင်းချိုချိုတို့သိပါစေ…..

ဖြိုးငယ်



ချဉ်ခြင်း

0 comments
Image
အချစ်ဆိုတာ ချိုသလား
ရေမြေခြားမှသိလိမ့်မယ်
လက်ရှိဘ၀မှာတော့
ချစ်မိတဲ့ နှလုံးသားကြောင့်
လွမ်းချင်းတွေထွေးပိုက်
တစ်ရေးလောက်အိပ်လိုက်ချင်ပေမဲ့
သောက အဝေ့အ၀ိုက်တွေကြားမှာ
ဖြေသိမ့်စရာ အတွေးတစ်သိုက်နဲ့
မောဟတွေ တွေ့နေခိုက်မို့
အိပ်ဆေးတစ်ခွက်လောက်တိုက်ကြပါ.......


ဖြိုးငယ်

Saturday, January 12, 2008

လက်ရှိကမ္ဘာနဲ့ မစာနာတဲ့လောက

0 comments
Image

စာပန်းချီသီကုံး
လုံးနေတဲ့ကမ္ဘာရဲ့တစ်ဖက်မှာ
အပြုံးမပါတဲ့ကဗျာတွေ စားသုံး
အားလုံးပြောကြတဲ့စကား
လောကဟာမတရားဘူးတဲ့…

ေ၀၀ါးနေတဲ့အနာဂါတ်တစ်ချို့
မခို့တရို့ပြုံးပြတယ်
အဆုံးသတ်က ဘာလဲ
ဒါပဲတွေးနေလည်း
အဖြေက ပျောက်နေဆဲ….

ရောက်နေတဲ့နေရာမှာလည်းမပျော်
တော်ရာဆိုတာကိုလည်းမုန်း
လူတွေစားသုံနေတဲ့စကားလုံးတွေကလည်း
ဒီအသုံးအနှုံးထဲ ကမထွက်ဘူးလေ

လတ်တလောတော့ပြုံးလိုက်ရတယ်
ရင်ထဲက ဘယ်ပါမလဲ
စာနာကြည့်ရင်သိနိုင်ရဲ့
အခု လာကြည့်လှည့်ဦး….


ဖြိုးငယ်

Friday, January 11, 2008

အလွမ်းတံခါး

0 comments
Image
အလွမ်းသောက်တဲ့ည
လမ်းပျောက်တဲ့ ဘဝ
မှန်းလျှောက်ရတဲ့လမ်း
ကမ္ဘာတစ်ခြမ်းဟာ မှောင်မည်းလို့ပေါ့

အလင်းမဲ့တဲ့ကောင်းကင်မှာ
သီချင်းမဲ့တဲ့ ဂီတာနဲ့
အလွမ်းမပါတဲ့ သံစဉ်ကိုရှာရင်း
မျှော်လင့်ခြင်းပြတင်းမှာ နားချင်တဲ့ ငှက်....

တစ်ချက်တစ်ချက် ညီး
ဝေဒနာဖိစီးလို့ပေါ့
သေရွာကိုသွားရမယ်ဆိုရင်တောင်
သူ့အနမ်းတစ်ချက်ရချင်သေးတယ်...


အတွေးတွေကို ဖယ်
ကလေးငယ်တွေကို အော်ငိုလိုက်ချင်တယ်
အလိုမကျတဲ့ ဘ၀မှာ
ချိုမြမြ ပြည့်စုံမှုတစ်ခွက်ရတော့
ခံတွင်းပျက်ခဲ့ သမျှ
ကျေနပ်ပါ့မယ်...

ဒုက္ခတွေကြားက
ပြုတ်ကျသွားတဲ့ ပန်းသီးတစ်လုံးကို
နှလုံးသားနဲ့ခံယူရင်း
ကံကြမ္မာရဲ့အခန်းများမှာ
အလွမ်းတံခါးလေးဖွင့်ထားမယ်...


ဖြိုးငယ်

Tuesday, January 8, 2008

ဇာတ်သိမ်းခန်းသို့ရောက်ခဲ့သော်

1 comments
Image
ချစ်သူကရက်စက်လို့
မျက်ရည်တွေကြွေပျက်ခဲ့ရင်တောင်
ဝေဒနာတွေကိုလက်ကမ်းလို့
ဒဏ်ရာတွေကိုတစ်ချက်နမ်းလိုက်မယ်...


အဆင်မပြေမှုတွေကိုထမ်းပိုးရင်း
မျက်ရည်မိုးတွေကြားမှာ
တိုးတိုးလေးငိုနေမယ်....

အသဲကွဲမြို့တော်ရဲ့မုခ်ဦးမှာ
အချစ်ဆူးတွေခူးပြီး
ဥယျာဉ်မှူးလေးလုပ်မယ်
သူပေးဖူးတဲ့ အနမ်းတွေနဲ့ပေါ့....

ဆန္ဒတစ်ခုနဲ့ကြွေတဲ့အလွမ်းကိုတော့
စမ်းရေတွေခမ်းတဲ့ လမ်းမှာ
ပန်းတစ်ပွင့်အဖြစ်ထားလိုက်မယ်
မင်းနမ်းရှိုက်တဲ့အခါ
ငါဖြစ်ပါစေပေါ့...


ဖြိုးငယ်

Sunday, January 6, 2008

နိယာမတွေကြားက လူ

1 comments
Image
အချစ်က ပူတယ်
ရမ္မက်က ခါးတယ်
လိုချင်မှုက များတယ်
အချစ်ဖျားကတော့ ၁၀၈
ဘ၀သစ်မှာ လက်တွဲချင်တာက သူ
ရှာယူနေတာက ဝေဒနာ
သေချာတာက နထ္တိ
ရပ်ကြည့်နေရတာက ဒုက္ခတရား
မုတ်ချတားတာက အသိဥာဏ်
သတိမှန်အောင် အားထုတ်
ပျားတုပ်တာက ကံကြမ္မာ
ဒဏ်ရာတွေက အလဲထိုး
တိုးတိုးလေးညီးမိတာက အကြင်နာ
ပေတရာပေါ် လျှောက်နေတာ လမင်း
ကြယ်စင်တွေခင်းတဲ့သတင်းမှာ
ရင်ခုန်တမ်းတခြင်းက
နွေလယ်ရဲ့ ညခင်း....

ဖြိုးငယ်

ဇန်န၀ါရီ( ၅ ).....( သို့ )....... အဓိပ္ပါယ်မဲ့ နေ့တစ်ရက်

2 comments
Image
ဒီနေ့ ..ချစ်သူလာမှာပဲ...
ဟေ့ကောင်..မင်းဘော်ဒါကြီးအခြေအနေ
အင်း..ငါလည်းကြိုးစားကုနေတာပဲ...
ဘာဖြစ်တာလဲ...
ပြတင်းပေါက်ပြုတ်ကျသွားလို့..
ပြန်တင်လေကွာ...
တင်နေတာပဲ..အဆင်မပြေသေးဘူးကွ....
တောက်....ဒီနေ့မှ ကွာ
စိတ်တွေက တိုပြီး ညစ်လာပြီ
ရတယ်ကွာ..မင်းအချပ်ထူကြီးငါ့ကိုခဏပေးဆော့ကွာ
မင်းအဆင်ပြေရင် ယူလေ
ပုံပြတဲ့မှန်လေးလဲခဏပေးဦး
အဲဒီကောင် ကခေါ်ရမှာနော်
အင်းပါ..ငါ့ဘော်ဒါကြီးကိုခေါ်ခိုင်းမှာပေါ့
ok လား
အင်း...အားလုံးအဆင်ပြေပြီ..
ဟယ်လို.....
..............................
...............................
ဟာ...ဒုက္ခ
အဖျက်ကောင်တွေလာပြီ..
ဟာ..ပြတင်းပေါက်မရှိတော့ပြန်ဘူး
မင်းဘော်ဒါကြီးနဲ့ဆက်သွယ်မယ်ကွာ
..................................
...............................
......................................
ဟာ.....
ကမ္ဘာကြီးနဲ့ဆက်သွယ်မှုကျသွားပြီ
ဆိုးပါ့ကွာ....
ဘယ်လိုလုပ်ရမလဲ
ထိုင်နေရုံပဲပေါ့ကွာ
..............................
ဒီလိုနဲ့ .....နာရီတွေလည်ပတ်သွားပါရော...
ဟေ့ကောင်...ပြန်ရပြီကွာ......
နောက်ဆုံးတော့
လူမရှိတော့တဲ့ စာကြောင်းလေး ၂ ကြောင်းပဲ ပိုင်ဆိုင်ခွင့်ရလိုက်တယ်ဗျာ...


ဖြိုးငယ်

Thursday, January 3, 2008

သမိုင်းထဲက ရက်စွဲတစ်ခု

1 comments
Image

ဇန်န၀ါရီ ၄ ရက်နေ့
မြန်မာ(ဗမာ)ဆိုရင်မမေ့ပါဘူး
အဲဒီနေ့ကိုပေါ့.....
နှစ်တွေအလီလီတိုင်ခဲ့ပေမဲ့
အမှောင်တွေပယ်ခဲ့တဲ့နေ့
အလင်းတွေ တွေ့တဲ့နေ့
ကမ္ဘာဆိုတာ တည်နေသ၍
မြန်မာဟေ့လို့ဟစ်ကြွေးရင်း
အဲဒီနေ့ကို လူတိုင်းရင်ထဲမှာ မှတ်ကျောက်တင်ပေးကြပါဗျာ...

ဖြိုးငယ်

အလွမ်းနဲ့ စီးချင်းထိုးတဲ့ ဆောင်း

1 comments
Image

နှစ်တစ်ခုရဲ့ အစ ရာသီက ချိုမြမြထင်သယောင်နှင့် ချမ်းအေးလှသည်.....မြုနှင်းမှုံတို့ စံပျော်ရာ ဆောင်းဆိုသော အခါကလည်း ရင်နှင့်မချိအောင် အေးမြမှုတွေလွမ်းခြုံဆဲပေါ့...
သြော်....လွမ်းဆွေးဖွယ်ပါလားဆောင်းရယ်.....
ရာသီတွေပြောင်းလည်း ရင်ထဲမှာမဟောင်းပဲရှိနေတာ အလွမ်းဆိုသောအရာပါတကား...လူတို့ရဲ့ သဘာဝ .... ဥတုရာသီအလိုက်အလွမ်းတွေကိုပွေ့ပိုက်ထားတက်ကြတယ်လေ...
ပူလွန်းတဲ့ နွေမှာလည်း ဥသြ ကို အပြစ်ဆိုပြီး..အလွမ်းပိုနေရပြန်ရော...
မိုးစက်တို့ပျော်တဲ့ဝသန်မှာလည်း....အချိန်မှန်လွမ်းတက်ကြပြန်ရောလေ...
နှင်းမှုံတို့စံတဲ့ ဟေမာန်မှာလည်း..အလွမ်းဒဏ်ကအသည်းအမည်းပါပဲ.....
တစ်ကယ်ဆို..လောကဆိုတာကို မတရားဘူးလို့ အပြစ်မဆိုပါဘူး..တစ်ခါတစ်ခါတော့ မေးချင်မိရဲ့..ဘာလို့များ အလွမ်းကိုဖန်တီးပေးထားပါလဲ....ကမ္ဘာဦးအစ ..အာဒံနဲ့ ဧ၀လို့ ဆိုကြတယ်လေ..အချစ်ကိုလည်းသူတို့က စခဲ့တယ်တဲ့..ဒါဆို..အလွမ်းကိုရော ဘယ်သူက စခဲ့တာလဲ......
ချစ်နေကြသူချင်းအတူတူ....သူတို့မှာ အလွမ်းမထားဘူးဆိုရင် တရားရဲ့လား...ဖန်ဆင်းရှင်ဆိုတဲ့ သူရယ်....
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုသလို....အတွေးတွေကလည်း တစ်ချက်ချက်သွားနေတဲ့ နာရီများလိုပါပဲလား...
ဆောင်းရဲ့ သရုပ်ကို ဒီဇင်ဘာနဲ့ဖော်ထုတ်ကြတယ်..ဒါဆို...ဇန်န၀ါရီက ဘယ်နားမှာနေရမှာလဲ...
သူလည်းနှင်းမှုံတို့ရဲ့ ရင်ခုန်သံပါပဲ..မြောက်လေပြန်ရဲ့ စေတမန်ပါပဲ...
ဆောင်း..ဆိုတဲ့ရာသီမရှိရင်ရော...အလွမ်းအဆွေးတွေ ရပ်တန့်သွားမလား.....ငါစဉ်းစားကြည့်တယ်..
လမ်းဘေးနားကပန်းတွေရီမှာပေါ့.....ရာသီကိုအပြစ်ဆိုသတဲ့လား.....
ရင်ခွင်က သွက်သွက်ခါနေတဲ့အလွမ်းတွေက ရာသီနဲ့မှမဆိုင်တာကို..
ရာသီမဲ့အလွမ်းဆိုတာ နာရီရဲ့လှည့်ကွက်ဆန်းထဲမှာ ကျင်လည်နေတဲ့ သားကောင်ပါ...
ဟိုတုန်းကပေါ့...ဒေါ်မေရှင်...အခုတော့ စိုးစန္ဒာထွန်းရဲ့ ဆောင်းအမှီ သီချင်း.....ငါ့နားစည်ကိုရိုက်ခတ်တိုင်း...ချစ်သူကို လွမ်းမိတယ်.....ဆောင်းရဲ့သံစဉ်တွေကလည်း ရင်ခွင်ကြားက အလွမ်းထုပ်လေးတွေကို ဆွဲနုတ်တက်ကြတယ်...ဆောင်းရဲ့ လေသရမ်းလေးတွေကလည်း ရင်နှစ်ခြမ်းခွဲထုတ် အလွမ်းတွေကို စုပ်ယူကြပြန်တယ်...နှင်းအဆုပ်လေးတွေကလည်း လွမ်းတေးတစ်ပုဒ်စပ်တယ်....တစ်နုပ်နုပ်အသဲတစ်စုံကလည်း....ဆောင်းရဲ့သရုပ်ထဲမှာ စုပ်ပြတ်ကြေမွ...ပြာကျနေပါပြီ လွမ်းသခင်ရယ်...
တောင်းဆုတစ်ခုပြုရမယ်ဆိုရင်....ဆောင်းထုနဲ့ အလွမ်းစုတို့ စီးချင်းမတွေ့ရပါစေသား......ရင်ခွင်ကြားက လွမ်းမီးတောက်တွေကိုဆောင်းအရှင်ရဲ့နှင်းမှုံကြားမှာ အေးချမ်းပါရစေတော့....

ဖြိုးငယ်

ဒုက္ခဆိုတဲ့ကောင်

0 comments
Image

ဘ၀ရထားကတစ်ဖြည်းဖြည်းခုတ်မောင်းလာခဲ့တာ
ချောက်ကမ်းပါးနားရောက်တဲ့အခါလည်း အသင်္ချေပါပဲ
အကြောက်တရားတွေကို ခ၀ါချ
ယောင်္ကျားတစ်ယောက်ရဲ့ မာန နဲ့
လောကဓံ ကို ဒူးနဲ့တိုက်
ငါ မိုက်လိုက်တာလေ.....
ပြန်ရလိုက်တဲ့အရာတွေက ဒုက္ခဆိုလားပဲ....

ထားလိုက်စမ်းပါ..
မင်းနဲ့ငါ ဘော်ဒါတွေပဲ
တော်ရာမှာနေလိုက်တဲ့အခါ
မင်းကလည်း အလိုက်အထိုက်ပါပဲ
လက်ဆွဲတောင်နှုတ်ဆက်လိုက်သေးတယ်.....

သံသရာဆိုတာလည်နေသ၍
ငါ့တို့ လူသားတွေ မင်းနဲ့ တွေ့ရဦးမယ်ပေါ့
ကံကြမ္မာရဲ့ သီချင်းမှာလည်း
မင်း သံစဉ်တွေပါမှာပဲ
ကံကြမ္မာရဲ့ ကဗျာမှာလည်း
မင်းဆိုတဲ့ ကာရန်ပါမှာပဲ
မင်းက ကံကြမ္မာရဲ့ သံတမန်လေ.....

ဖြိုးငယ်

ညီအကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

0 comments
Image
ဒီနေ့ ...တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ
လောကကြီးတစ်ခုလုံး လှပလို့..
လျှပ်ပန်းလျှပ်နွယ်တွေ
ရွီး..ဖောက် ဆိုတဲ့ အသံတွေ
တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ
ငါတို့တွေ ကြိုဆိုနေမိရဲ့
ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကိ
လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ

ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း
ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း
ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း
အနာဂတ်တွေ အပြည့်နဲ့ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ
မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို
ာတွေနဲ့ ခြစ်ထုတ်ကြမလဲ
ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်
ပျာ်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်

နွမ်းညစ်တဲ့အတွေးနုပ်တွေကို
ငါတို့ နှုတ်ဆက်ထားခဲ့ပြီပဲ
ဒုက္ခတွေနဲ့ ထွေးလုံးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုမှာ
ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့
ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....

အငြိုးအာဃာတတွေ အတ္တအမုန်းတွေကု
စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့
နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့ဆေးကြောလိုက်ကြမယ်
တို့တစ်တွေ အနာဂတ်ကို ပျော်ရွှင်စွာမျှော်လင့်ကြပါစို့...

တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ
မျှားပြာ + ရွှေရောင်ကောင်းကင်( ဧည့် တာဝန်ခံ )



ဒီကဗျာလေးကို New year ညက ကျွန်တော်တို့ဆုံပြီးရေးထားကြပေမဲ့ အခုမှတင်ဖြစ်တာပါ....သူငယ်ချင်းတွေက တင်ပြီးနေကြပြီလေ...ကျွန်တော့်သူငယ်ချင်းတွေဆီကိုလည်း သွားပြီးအားပေးလိုက်ပါဦးဗျာ
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template