Friday, January 30, 2009

မီးပျော်ပိုး

12 comments
Image

မတွေ့ရင် ဘာမှမဖြစ်ပေမဲ့
တွေ့ရင် မနေနိုင်ခဲ့ပြန်ဘူး
ဒီအရူးကိုမှ အမဲသားကျွေးခဲ့တာကို ....

အခါခါသေဖူးတာတောင်
ပျဉ်ဖိုးနားမလည်သေးတဲ့ကောင်ကို
ဘာလို့များ ကမ္ဘာလူမိုက်စာရင်း မသွင်းသေးတာလဲ ...

ငါက မီးမှာပျော်တဲ့ ပိုးဖလံ တစ်ကောင်ပါ
ထုံဆေးမှ မပြယ်သေးပဲ
ဒီရင်ကို အစိမ်းလိုက်ခွဲလဲ အသဲက မာနေတုန်း ....

ကလေးကုလားဆန်တဲ့ စကားတွေကိုပဲ
အလေးထားနေမိတယ်
အတွေးတွေမှားလို့ အဆွေးတွေပွားနေရသူပါ ....

ကုလားဖန်တွေ ဘယ်လိုထိုးထိုး
ရိုးမသွားတဲ့ ကံကြမ္မာ ဖဲအသေတွေကိုင်
တစ်ပွဲတစ်လေများ နိုင်မလားလို့ ပေါ့ ...

နောက်ဆုံး
ဒီငတုံးကို
လိမ်ညာတက်မှ ချစ်ကြပါ ....


ဖြိုးငယ်


Image

Sunday, January 25, 2009

အပြာရောင်နေ့ရက်များနဲ့ အစိမ်းရောင်မိန်းကလေး

7 comments
Image
ဒီနေ့ ၂၆ ၊ ဇန်န၀ါရီလ ၊ ၂၀၀၉ ၇က်နေ့မှာ ကျရောက်တဲ့ မလွမ်းသုရင် လို့ ခေါ်တဲ့ မGreenGirl ရဲ့ မွေးနေ့
အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်ပါ ...
အခြေအနေပေးတဲ့အချိန်အထိ အမလည်း ၀ါသနာပါတဲ့
စာတွေ မပြတ်ရေးနိုင်ပါစေဗျာ ...
နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေဗျာ ...
အမအတွက် အမှတ်တရ မွေးနေ့လက်ဆောင်ကဗျာလေးတစ်ပုဒ်ပါ .....


အပြာရောင်နေ့ရက်များ နဲ့ အစိမ်းရောင်မိန်းကလေး

ဒီနှစ်
၂၆ က ဆိုက်ဆိုက်မြိုက်မြိုက်
၂၆ ကို တိုက်တယ် ...
ကမ္ဘာတစ်ဝိုက် ပန်းတွေ အဆုပ်ပွင့်သွားတယ် ...

ဘယ်သူမှ မသိလိုက်ကြဘူး
လူတစ်သိုက်အတွက် အချက်မကျပေမဲ့
သူမအတွက် အမှတ်တရ ဖြစ်စေတယ် ....

ဒီနေ့
ဘာမှသာ မဟုတ်တယ်
ကမ္ဘာကသူမကို သယ်လာတာ
နေကိုတောင် ၂၆ ပတ် ပြည့်ခဲ့ပြီပဲ ....

သူမက အဓိပ္ပါယ်၂ မျိုးရှိတဲ့အရောင်နဲ့သက်ဆိုင်တဲ့
နာမည်တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားတယ် ...
နောက်ပြီး ငြိမ်းချမ်းရေး အရောင်တစ်ခုနဲ့ ဆက်နွယ်တဲ့
အမှတ်တရတွေလည်း ရှိတယ် ....

မွေးရပ်မြေကို စွန့်ထွက်
ဘ၀အညွန့်တက်ဖို့
လောကဓံ လှိုင်းချက်တွေကြား
မရပ်မနား ကူးခတ်
အင်တာနက်ပေါ်မှာလည်း စာတွေရေးဖတ်
သူငယ်ချင်းတွေနဲ့ ပျော်နေတက်ပြီ.....

မနက်နဲ့ ည ဆိုတာ အလိုလိုပြောင်းတယ်
ကမ္ဘာကြီးကလည်း နည်းနည်းစောင်းတယ်
အချိန်ဆိုတဲ့ ယန္တရားကြီးကလည်း မှန်မှန်မောင်းတယ်
ဒီနေ့ သူမဆီမှာလည်း ဂဏန်းတစ်ခုက ဟောင်းသွားခဲ့ပြီ ....

မနက်ဖြန်တိုင်းအတွက် အားသစ်လောင်း
ဘ၀ကို မှန်မှန်ထိန်းကျောင်းရင်း
မိဘရဲ့မေတ္တာတွေနဲ့ ပေါင်း
ခြေလှမ်းတိုင်း သာယာမှုတွေ ခညောင်းပါစေ ....

နေခြည်ဖျန်းတဲ့ အနာဂတ်
ရွှေရည်သန်းတဲ့ လက်တွေနဲ့
ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်ရင်း
အပြာရောင်နေ့စွဲတွေကြားမှာ
အစိမ်းရောင် မင်းသမီးတစ်ပါး
( နောင်နှစ်ပေါင်းအဆက်ဆက် အထိ )
လောကကြီးအတွက် အားဖြစ်ပါစေ ....


ဖြိုးငယ်

Image

Wednesday, January 14, 2009

အစွမ်းမရှိတဲ့ ယတြာ

16 comments
Image

ဒီည
ပင်လယ်မှာ စူဠလိပ်ခဏပေါ်တယ် ....

ကောင်းကင်ပေါ်မျှော်ကြည့်တော့
နက္ခတ်တို့ အလုအယက် အစည်းအဝေးတက်နေတုန်းပေါ့ ....

လမင်းရေ ...
နှင်းမခတဲ့လမ်းမှာ တစ်ညတော့လွမ်းပါရစေ ....

မှော်ဝင်တဲ့ ကြယ်တစ်လုံး
ငါ့ခေါင်းအုံးထက် ခဏတာမှေးစက်တဲ့အခါ
အိပ်မက်မှာပဲ မင်းနဲ့ဆုံမယ် .....

ရင်ခုန်ဖွယ် အနမ်းတစ်ချို့ရရင်
ဘီလူးတို့ မြို့ရိုးမှာပဲသေရသေရ
အဲဒီစူဠလိပ်ကို ရေထဲပြန်မချတော့ဘူး ....

ဆေးကြိမ်လုံးနဲ့ ရိုက်နှက်
ငါ့ကမ်းဆီ ကပ်ဖို့
င့ါလက်တို့က မစွမ်းရက်ခဲ့ ...

အတင်းမမျှော်တော့ပါဘူး
မင်းတော်သလိုသာ နေပါ ...

ရေပျော်မလေးရေ ...
မင်းခေါ်တဲ့အခါမှ ငါလာခဲ့မယ် ....

လမင်းကိုနှိုးဆော်ရင်း
ငါ့ရင်မှာ ထာဝရပေါ်ဖို့
ပင်လယ်တစ်ဝိုက်မှာ
ငါ့ရှိုက်သံများ လွင့်ပျံပါစေ .....



ဖြိုးငယ်

Image

Saturday, January 10, 2009

မေတ္တာသခင် အို.. မိခင်

19 comments
Image
Image
Image










လောကဓါတ်၌
မိန်းမတို့ထက်
ယောင်္ကျားမြတ်သည်
ဆိုပေမည်လည်း
ယောင်္ကျားတို့ထက်
အမေမြတ်သည်
ဆိုပါလေမူ
မည်သူငြင်းဆန်ဝံ့နိုင်လိမ့် ။

ရင်သွေးငယ်လေး
အိုပိုက်ထွေးလို့
၉လကျော်လွယ်
၁၀ လသယ်ပြီး
ချဉ် ငန် စပ် ခါး
အပူများလည်း
ရှောင်ရှား မြိုသိပ်
မိခင်စိတ်ကို
အိုဘယ့်ယောင်္ကျားစွမ်းနိုင်လိမ့် ။

ချိန်ခါတိုင်ရောက်
မွေးဖွားမြောက်သော်
ကန်ကျောက်ငိုကြွေး
ရင်ဝယ့်သွေးအား
ချစ်တေးဆိုညည်း
ဝမ်းမီးငြိမ်းစေ
မေတ္တာအနှစ်
သွေးစင်စစ်က
နို့ရည်ဖြစ်အံ့
ဘယ်တန်ခိုးရှင်တုနိုင်လိမ့် ။

ကမ္ဘာမီးလောင်
သားကောင်ချနင်း
ဤစာကြွင်းက
ယွင်းမှားပေလိမ့်
မိခင်စိတ်သည်
သူသာကြိတ်မှိတ်
ခံလိမ့်ပေအံ့
သားမောင်နုထွေး
ချစ်ရင်သွေးကို
နည်းနည်းလေးပင်
ဘေးမတင်အောင်
ဖေးပြင်စောင့်ရှောက်
ကောင်းရာရောက်စေ
ထိန်းကျောင်းပေအပ်
မြတ်သောမိခင်
အိုသခင်ကို
ဘယ်သူယှဉ်လို့ရနိုင်လိမ့် ။

ဖြိုးငယ်



Image

Tuesday, January 6, 2009

ချစ်လူမိုက်

13 comments
Image

အမှားသိလျှက်နဲ့ မပြင်နိုင်တဲ့သူသည်
လူမိုက်စစ်စစ် ဖြစ်သည် ။

ယောက်င်္ကျားများကို မိန်းမောစေအောင်
စ နိုင်သော ပုဂ္ဂိုလ်တို့ကို မိန်းမ ဟုခေါ်သည် ။

လူတွေက ကိုယ့်ကို လိမ်နေမှန်းသိလျှက်နဲ့
ဘာကြောင့်များ အဲဒီမျက်လှည့်တွေကို လက်ခုပ်တီး အားပေးနေကြတာလဲ ....

တကယ်တော့ ...
သူမဟာ David Copperfield (ဒေးဗစ်ကောပါဖီးလ်)၏ ဆရာဖြစ်ကြောင်း
ကျွန်တော် အစတည်းက သိခဲ့ပါတယ် ။


ဖြိုးငယ်


Image

Saturday, January 3, 2009

သမိုင်းနဲ့ပြောတဲ့စကား ၆၁

13 comments
Image

ငါ့အသက်ကို လက်ချိုးတော့
၂၃ ဆိုတဲ့ ဂဏန်းမှာရပ်တန့်ခဲ့
လောလောလတ်လတ် ရှင်သန်စဲ ဂဏန်းတစ်ခုက ၆၁
၃၈ ဆိုတဲ့ သူ့သက်တမ်းရောက်မှ
ငါက ကမ္ဘာမှာပေါက်ခဲ့တဲ့ အပင်ဆိုတော့
မျက်မြင်တော့ မဟုတ်ပေမဲ့
သမိုင်းအစဉ်အလာအရ
ငါတို့ဖခင်ကြီးတွေကို
ငါ့အသွေးအသားက မလေးစားပဲ မနေနိုင်ခဲ့ဘူး ......

အရေးအသားတွေက
သမိုင်းကို ဘယ်လိုပဲ သယ်သယ်
ဘယ်လိုပဲ ပယ်ပယ်
ဦးနှောက်ထဲက ဖောက်ထုတ်မရတဲ့ကျောက်စာကလည်း
ငါတို့ နိုင်ငံသားတွေထဲမှာ မြဲနေဆဲ
ကမ္ဘာမှာ မြန်မာတည်နေသ၍
အာဇာနည်တွေကို ဘယ်တော့မှ မမေ့ဘူး
သူတို့ရဲ့သွေးတွေချွေးတွေက
မြန်မာပြည်ကြီးမှာ ထာဝရမွေးပျံ့တဲ့ ရနံ့
ငါ့ဝင်သက် တစ်ခါ ရှိုက်တိုင်း
ငါ့နှလုံးသား ထိအောင် ခိုက်တယ် ....

လွတ်လပ်ရေးဆိုတဲ့ စကားလုံးနဲ့ အနှစ်သာရကို
ငါတန်ဖိုးဖြတ်စရာ အခုထိ ရှာမတွေ့သေးဘူး
အနှစ်နှစ် အလလ က သွေးတွေက
ငါ့တို့အလံတော်မှာ ရဲရဲတောက်ဆဲ
လွန်ခဲ့တဲ့ ၆၁ နှစ်က
မျိုးချစ်ပုဂ္ဂိုလ်တွေအားလုံး
( ငါထင်ပါတယ် )
အပျော်တစ်ဖက် အငိုတစ်ချက်နဲ့
အပြုံးမျက်နှာမှာ ဝေ့လာတဲ့ မျက်ရည်က
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို ဂုဏ်ပြုခဲ့တဲ့ မော်ကွန်း .....

သက္ကရာဇ်တွေ ဖြတ်သန်းသွားလာမှုကို တားမရဘူး
ရာသီတွေ လှည့်ပြောင်းမှုကို တားမရဘူး
အချိန်တွေ ရွှေ့လျှားမှုကို တားမရဘူး
ဒီလိုပဲ ငါတို့နိုင်ငံကို ချစ်စိတ်ကိုလဲ တားမရဘူး

အချိန်တွေ ဘယ်လိုဖြတ်သန်း ဖြတ်သန်း
သမိုင်းရဲ့ မှတ်တမ်းထဲမှာ
ဇန်နဝါရီ ၄ ရက်
အမှောင်နက်ထဲက လွတ်မြောက်
လွတ်လပ်ခြင်းရောက်ခဲ့တဲ့ ကောင်းကင်
ပုဂ္ဂိုလ်မင်လို့ပဲ တရားခင်တယ်ပြောပြော
လွတ်လပ်သော တိုင်းပြည်အတွက်
ဗိုလ်ချုပ်တို့ပေးခဲ့တဲ့ အသက်တွေ အကျိုးမြတ်ဖို့
လိုအပ်ရင် ငါ့တို့အသက်ကိုစတေး
အဲဒီ ဇန်နဝါရီ ၄ တိုင်းမှာ
မိုးယံမှာ နိုင်ငံ့ အလံ ထာဝရလွင့်ပျံစေမယ် ... ။


ဖြိုးငယ်
Image
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template