(၁)
ည (၁၀) နာရီဆိုပေမယ့် မြေနီကုန်းမှာ လူသွား လူလာမပြတ်သေးပေ။ ဒဂုံစင်တာရှေ့က လက်ဘက်ရည်ဆိုင်လေးတွေနဲ့ ထမင်းကြော်ဆိုင်လေးတွေကလည်း စည်စည်ကားကားရှိတုန်း။ ညဘက်ဂိတ်ထိုးသည့် တက္ကစီကားတန်းတွေက ကားသမားတွေကလည်း ခရီးသည်တွေကို စောင့်နေကြတုန်း။ အလှပြင်ဆိုင်တစ်ချို့နဲ့ စတိုးဆိုင်လေးတွေကတော့ ပိတ်စပြုနေကြပြီ။ ဆိုင်ပတ်ရန်ပြင်နေသော စတိုးဆိုင်လေးတစ်ဆိုင်မှာ အအေး (၁၀) ဘူးခန့်ဝင်ဝယ်ပြီး ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့သို့ သူမတို့ သူငယ်ချင်းနှစ်ယောက် ခပ်သွက်သွက်လေး လျှောက်သွားလိုက်ကြသည်။ ပိန်သွယ်သွယ် ကိုယ်လုံးလေးနဲ့ စတိုင်မိုက်မိုက် သူမတို့ကို ကားပေါ်မှ ကာင်လေးတွေ အော်ဟစ် နောက်ပြောင်သွားကြသေးသည်။ အင်း ညဘက် (၁၀) နာရီဆိုတာ မိန်းကလေး လမ်းထွက်သင့်တဲ့ အချိန်မှ မဟုတ်ပဲကို။ သူမတို့အဖွဲ့ကတော့ ကိုယ့်အပျော်နဲ့ကိုယ် ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ မအားကြပါ။ ခဏကြာတော့ ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့မှာ လှုပ်စိ လှုပ်စိဖြစ်နေသော လူငယ်တစ်သိုက်ကို တွေ့လိုက်ရသည်။
“ဟေးးးးးးးးးးးးး “
မြတ်မဒီက ၀မ်းသာအားရအော်လိုက်တော့ ကောင်လေးတစ်ယောက် လက်လှမ်းပြပြီး ပါးစပ်မှလည်း စကားလုံးတွေ တရစပ်မှုတ်တော့သည်။
“နင်တို့ကလည်း နောက်ကျလိုက်တာ.. ငါတို့မှာ တစ်ယောက်ပြီး တစ်ယောက်မျှော်ရတာ တော်တော်မောလာပြီ.. ချိန်းထားတာက ၁၀ နာရီ ၊ နင်တို့ရောက်တာက ၁၀ နာရီခွဲ .. ကဲ ကောင်းကြသေးရဲ့လား”
“အမလေး မျောက်ကောင်နော်… နင် သိပ်ဆရာ မလုပ်နဲ့ ကားထွက်မှာက ၁၁ နာရီမှ ကားမထွက်ခင်ရောက်ရင် ပြီးရော မဟုတ်လား”
“ဟ.. လုပ်စရာတွေ ရှိသေးတယ်လေ.. ငါတို့က ဒီခရီးကို စီစဉ်သူတွေဖြစ်တာ နောက်ကျလို့ ကောင်းမလား”
“ကဲ အဖိုးနဲ့ အဖွားနော်.. အိမ်မှာကတည်းက တကျက်ကျက်နဲ့ လမ်းမှာဗျာ.. အော်ကြီးဟစ်ကျယ် မလုပ်ကောင်းပါဘူး.. ရော့ ကျွန်တော် ဓါးပေးမယ် သတ်ကြ ဖြတ်ကြ”
ပိစိက ၀င်အရွှန်းဖောက်တော့ “သေနာလေး” ဟု မကြား တကြား ပြန်ပြောကာ မျောက်ကောင်ဟု သူမတို့ခေါ်သော မိုးအောင်နဲ့ စကားများတာ ရပ်ရသည်။ မိုးအောင် ဆိုတာကလည်း ဒီလိုပါပဲ.. အလုပ်က ဖြစ်ဖြစ်မြောက်မြောက် မရှိပဲ စကားများမည့်နေရာမှာတော့ နှစ်ယောက်မရှိ။ အဖွဲ့ထဲမှာလည်း ရီစရာ အပြောတတ်ဆုံး.. မိုးအောင်ရယ် ပိစိရယ် တွေ့လို့ကတော့ အဲ့ဒီနေ့မှာ အူတက်ပြီး မသေဖို့သာ ပြင်တော့။
“ဟဲ့ ပဲသီးတောင့်လည်း မတွေ့ပါလား.. ကားလည်း မရောက်သေးဘူးကော”
“ပဲသီးတောင့်က ပဲလင်းမြွေသီးနဲ့ ချိန်းတွေ့နေလို့ ဖြစ်မှာပေါ့ဗျ”
“အေး ဖြစ်နိုင်တယ်.. ပဲသီးတောင့်ရယ် ပဲလင်းမြွေရယ်ဆို လိန်လိန်ပိန်ပိန်နဲ့ ကြည့်ကောင်းမှာ မြင်ယောင်သေး”
“ဟဲ့.. အို.. သားကိုနော် နားရှက်ချာတွေ ပြောနဲ့… သူတို့က ဘာလုပ်ကြမှာတုန်း”
“သြော်.. စကားကများလိုက်တာ.. ဟော ဟိုမှာ လာပါပြီဗျာ.. ပဲသီးတောင့်.. ပဲလင်းမြွေသီးတော့ မပါဘူး… လက်ထဲမှ အထုပ်တွေပဲ ပါတယ်.. ကူသယ်လိုက်အုံးမယ်”
ပြောပြောဆိုဆို မိုးအောင်က ပဲသီးတောင့်ဟု သူမတို့ခေါ်သော အဖွဲ့ခေါင်းဆောင်ဆီ အပြေးလေး ထွက်သွားသည်။ ပဲသီးတောင့်ဆိုတာက President ကို နာမည်ဖျက်ကာ ခေါ်ကြခြင်းဖြစ်သည်။ ဒီလိုပါပဲ သူမတို့အဖွဲ့မှာ ခေါင်းဆောင်တွေ ဘာတွေဖြစ်ပေမယ့် အားလုံးက အသက်နှစ်ဆယ်ကျော် မတိမ်း မယိမ်းလူငယ်တွေချည်း ဖြစ်တာကြောင့် ဘယ်လောက် စ စ စိတ်ဆိုးလေ့ မရှိကြ။
“ဟူးးးး မောလိုက်တာ.. ကားကလည်း မနည်းငှားလာရတယ်.. အိုး.. ငြိမ်းတို့တောင် ရောက်နေကြပြီ တစ်ခြားသူတွေကော လူစစ်ဖို့ လုပ်ရမယ်.. ရှိတဲ့သူတွေကို စုခိုင်းလိုက်ပါအုံး.. ပစ္စည်းတွေကာ စုံပြီလား.. ဗီနိုင်းတွေလည်းပါပြီ မဟုတ်လား.. နေအုံး ခိုင်စိုးလင်းတို့ မခရေတို့ရော”
“ရှိတယ် ပဲသီးတောင့်ရေ… မြေနီကုန်းမှာ ရေသွားဖြည့်နေကြတယ်.. ဟဲဟဲ.. သိတယ်မလား ဒီကောင်တွေက ဒါပါမှ ဖြစ်မှာလေ.. ငြိမ်း လူသွားစုလိုက်အုံမယ်နော်”
ပြောပြောဆိုဆိုနဲ့ သူမလည်း လူစုဖို့ ပြေးရသည်။ သူမတို့အဖွဲ့က Myanmar Youths in Action ဟုခေါ်သည့် လူငယ်တွေချည်း စုထားသော အဖွဲ့။ ဒီနေ့က ချောင်းသာမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ Youth Camp ကို သွားရောက်ကြဖို့ဖြစ်သည်။ ကိုယ့်အဖွဲ့ထဲက လူတွေသာမက အသစ်တွေလည်းပါသည်။ ဒီ camp က MYIA ရဲ့ ပထမဆုံး ကမ့်ဖြစ်တာကြောင့် ငြိမ်းတို့ စိတ်တွေ လှုပ်ရှားရသည်။ အဖွဲ့နာမည်ကောင်းရဖို့နဲ့ ခရီးစဉ်တစ်လျှောက် အဆင်ပြေစေဖို့ လွန်ခဲ့သည့် တစ်လလောက်ကတည်းက သူမတို့ စီစဉ်စရာတွေ စီစဉ်ကြရသည်။ မောပေမယ့် ငြိမ်းတို့ ပျော်ပါသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ အခုအချိန်မှာ အင်တိုက် အားတိုက် လုပ်ဆောင်ကြရတော့မှာ မဟုတ်လား။
ချောင်းသာကိုသွားမှာက စုစုပေါင်း အယောက် (၃၀) တိတိ။ ခဏကြာတော့ ကားလည်းရောက်လာသည်။ မီနီဘတ်စ်အသေးစားလေးက ချစ်စရာလေး။ ခိုင်စိုးလင်းတို့လည်း ပြန်ရောက်လာသည်။ လူတွေ တော့ စုံသလောက်ရှိနေပါပြီ။ ဖြိုးပိုင်ကိုလည်း မတွေ့သေးပါလား။ သူက အဖွဲ့ထဲကဆိုပေမယ့် Website ပိုင်းကို ကူညီသူဖြစ်လို့ သူမတို့နဲ့အတူ ပရောဂျက်ထဲမှာ သိပ်မပါဖြစ်။ မီတင်တွေ ဘာတွေ ရှိမှသာ ရောက်လာလေ့ရှိသည်။ ဖြိုးပိုင်က ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပြီး MYIA Website ကို လုပ်ပေးသူ ဖြစ်သည်။
“အမ.. ကျွန်တော်ရောက်ပြီ.. အမ လူစုနေတယ်ဆိုလို့.. ဘာကူရအုံးမလဲ”
လှည့်ကြည့်တော့ ဖြိုးပိုင်… သူ့စတိုင်လ်အတိုင်း စတိုင်ဘောင်းဘီလေးနဲ့ ရှပ်အင်္ကျီကို သေသေသပ်သပ်လေး ၀တ်ထားသည်။ သူ့မှာက ဆောင်းနေကျ ဦးထုပ်ကိုလည်း ဆောင်းရသေးသည်။ အေးတိအေးစက် နေတတ်သော်လည်း သူ့က ဖော်ဖော်ရွေရွေတော့ ရှိပါသည်။
“အေး မောင်လေး… အမ ဖုန်းလည်း လိုက်ဆက်နေတယ်.. တော်တော်များများလည်း ရောက်နေကြပြီ.. ပဲသီးတောင့်က လူစစ်မယ်ဆိုလို့.. အဲ့ဒါ လိုက်စုပေးပါအုံး.. အိုကေလား”
“လူစုံနေပြီ အမရဲ့.. ဟိုဘက်မှာ အကုန်ရောက်နေပြီ လာ.. အမလည်း လိုက်ခဲ့တော့”
ဖြိုးပိုင် ထွက်သွားတော့ သူမလည်း နောက်ကနေ လိုက်ရသည်။ သူမက ဒီဘက်ကားလမ်းမှာ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ပြီး လိုက်ခေါ်နေတာမို့ လူစုံတာတောင် မသိလိုက်ရ။ ခဏကြာတော့ ပဲသီးတောင့်ဟု ခေါ်သော ပိုးအိနဲ့ မခရေက လူလိုက်စစ်သည်။
“ဟဲ့.. ဟိုတစ်ယောက် ရောက်မလာသေးဘူးနော်.. Application ကို သေချာတင်တဲ့ တစ်ယောက်လေ”
“ဟား ဟား.. ဟုတ်ပါ့ ငါတို့ Youth Camp မှာလည်း ကောင်းကောင်း ကန်းကန်း ဖောင်ဖြည့်ပြီး စနစ်တကျ တင်တာဆိုလို့ သူပဲ ရှိတယ်.. နေပါအုံး သူ့နာမည်က မင်းမင်းဆိုလား.. သားသား ဆိုလား”
“နှစ်လုံးပေါင်းပြီး မင်းသားပဲ ခေါ်လိုက်ပါတော့..”
မအိမ့်ဆိုသည့် တစ်ယောက်က အရွှန်းဝင်ဖောက်သည်။
“မင်းသားရှိရင် မင်းသမီးလိုတာပေါ့နော်.. ဟယ် တို့လုပ်ချင်တယ်ကွယ်.. အားဘွား ကိုကို လုပ်ပလိုက်မှာအေ့”
နွေဦးဆိုသည့် ကောင်လေးက ကနွှဲ့ကလျနဲ့ အခြောက်ပုံစံလေး လုပ်ပြတော့ အားလုံး ၀ိုင်းရီရသေးသည်။
“ပဲသီးတောင့်.. ဟိုဘက်မှာ ရပ်နေတဲ့ တစ်ယောက်လား မသိဘူးနော်.. ငြိမ်း.. နင်သွားခေါ်လိုက်ပါလား”
မိုးအောင်က ၀င်ပြောလို့ ကြည့်လိုက်တော့.. သူမတို့နဲ့ မလှမ်းမကမ်းမှာ ဟန်းဘက်အိတ်လေးဆွဲကာ ရပ်နေသာ ကောင်လေး တစ်ယောက်ကို တွေ့ရသည်။
“အို ငါ မခေါ်ချင်ပါဘူး.. နင်တို့ ယောက်ျားလေး ချင်းချင်း သွားခေါ်ကြပါလား..”
“ပိစိရေ ခေါ်လိုက်ပါအုံး.. သူရောက်လာပြီဆိုတော့ လူစုံပြီ.. အားလုံး ကားပေါ်တက်ကြမယ်.. Vinyl ကပ်တဲ့သူတွေလည်း တက်လို့ရပါပြီ” … ပိုးအိ ၀င်ပြောတော့ ပိစိက မိုးအောင်ကို ခေါ်ကာ အသစ်ကောင်လေးကို သွားကြိုကြသည်။ လူစုံပြီဖြစ်သဖြင့် အားလုံး ကားပေါ်တက်ကြသည်။
“ဟေ့ ဟေ့ တစ်ယောက်မှ မအိပ်ကြေးနော်.. ဒီမှာ ဂစ်တာလည်း ပါလာတယ်.. အကုန်သီချင်းဆိုရမယ်.. အိပ်တဲ့လူ သေဖို့သာပြင်” … ဘိုဘို ဆိုသည့်တစ်ယောက်က အသံစာစာနဲ့ ၀င်ပြောသည်။
“ဗုဒ္ဓေါ” ဟု ညည်းသံကြားလို့ လှည့်ကြည့်လိုက်တော့ အခုမှ အသစ်လိုက်လာသည့် မူနွှဲ့ဖြစ်နေသည်။ သူ့ကို ပြုံးပြရင်း သူမလည်း ကိုယ့်အထုပ်ကိုယ်ဆွဲကာ ကားပေါ်တက်ဖို့ ပြင်ရသည်။ ကားပေါ်ရောက်တော့ မြတ်မဒီက နေရာဦးပေးထားသည်။ ဘိုဘိုတို့ မိုးအောင်တို့ ပိစိတို့တွေကတော့ နောက်ဆုံးတန်းမှာ ဂစ်တာ တစ်ဒေါင်ဒေါင်တီးဖို့ ပြင်နေကြပြီ။ သူမတို့ အဖွဲ့ထဲက အားကိုးအရဆုံး သားငယ်ဆိုသည့် ရခိုင်ကောင်လေးကတော့ ရေသန့်ဗူးတွေ လိုက်ဝေနေသည်။ ပဲသီးတောင့် ပိုးအိကတော့ သိပ်နေလို့မကောင်းဘူးဟု ပြောကာ ဆေးသောက်ဖို့ ပြင်နေသည်။ “ငါ ကားမူးတတ်တယ်.. ဆန်ပြုတ် ပြုတ်တာ မကြည့်ချင်ရင် ငါ့ကို သေချာဂရုစိုက်” ဟု သူ့ဘေးနားက ၀တ်ရည်ကို ပြုံးစိစိဖြင့် ပြောနေသေးသည်။ ခိုင်စိုးလင်းနဲ့ မခရေကတော့ ရှေ့မှာ နေရာအသင့်ယူပြီးပြီ.. တစ်ခြား အဖွဲ့သားတွေလည်း အချင်းချင်းစကားတွေများနေကြသည်။ နောက်ဆုံးမှ ရောက်လာသည့် သားသားက ယောင်လည်လည်လေး ဖြစ်နေရှာသည်။
“မောင်လေး… အနောက်မှာ နေရာတွေရှိတယ်… ငြိမ်းရေ.. သူ့ကို နေရချပေးမလားဟင်”
ပိုးအိကပြောတော့ သူမလည်း နေရာလွတ်လိုက်ရှာကြည့်သည်။ ဖြိုးပိုင် ဘေးမှာ တစ်နေရာလွတ်သေးသည်။
“ဖြိုးပိုင် မောင်လေးဘေးမှာ သားသားကို ခေါ်ထိုင်ပါလား.. မောင်လေးနဲ့လည်း စကားပြောဖော်ရတာပေါ့”
“ရတယ် အမ.. ကိုသားသား လာလေ ကျွန်တော့်ဘေးမှာ ထိုင်… အပျိုကြီးတွေနား မသွားနဲ့. .. ဓါတ်ကူးတတ်တယ်”
“ဒါတော့ မဖြစ်ဘူးဗျ.. ကျွန်တော်က ဘ၀ကို အဖော်လေးနဲ့မှ ဖြတ်သန်းချင်တာ.. ဓါတ်ဆိုလည်း စွံတဲ့ဓါတ်ပဲ ကူးချင်တာ ဟီး”
“အောင်မာ .. နင်တို့ကများ ပြောရတယ် ရှိသေး.. ချောင်းသာရောက်မှ သိမယ်”
“ဟား ဟား ချောင်းသာမှာ MYIA က အပျိုကြီးတွေ ဖလမ်းနိုင်ပါစေဗျာ.. ဟား ဟား”
“ဟဲ့ ဟဲ့… ငါတို့က မလိုချင်လို့နော်.. နင်တို့လောက်များ သနားသေးတယ်” အိမ့်နဲ့ မူနွှဲ့က ၀င်ပြောတော့ သားသားနဲ့ ဖြိုးပိုင် ဘာမှ ၀င်မပြောတော့.. “အပြောကြီးရင် အပျိုကြီး တတ်တယ်” ဟု နွေဦးတို့က မကြား တကြားဝင်နောက်ကြသေးသည်။
ခဏကြာတော့ ကာဘီးလေး စလိမ့်သည်။ ရန်ကုန်ကနေ ချောင်းသာဆိုသည့်နေရာကို အဖွဲ့လိုက်ကြီး ပျံသန်းကြတော့မည်။ အိုး… ချောင်းသာရေ.. ငါတို့လာပြီ.. လတ်ဆတ်တဲ့ လေတွေကို ရှူဖို့.. သဘာဝ ပတ်ဝန်းကျင်ကို လေ့လာဖို့.. နောက်ပြီး.. ဘာတွေများထပ်ကြုံရမလဲ မသိ။ သူငယ်ချင်းတွေနဲ့ မကြာမခဏ ခရီးထွက်ဖြစ်ပေမယ့် Camp ပုံစံနဲ့ ခရီးထွက်ရတာ ပထမဆုံးဖြစ်သောကြောင့် စိတ်ကတော့ တော်တော်လှုပ်ရှားနေသည်။ ခဏကြာတော့ သီချင်းနားထောင်ဖို့ Ipod လေးထုတ်လိုက်သည်။ တစ်ခုခုကို သတိရလိုက်မိ၍ ဖြိုးပိုင်တို့ခုံကို လှည့်ကြည့်လိုက်တော့ သူလည်း Ipod လေးနဲ့ သီချင်းနားထောင်နေသည့်။ ထူးခြားတာက သူမနဲ့ သူရဲ့ 3G Ipod လေးက ပုံစံတွေ ဆင်တူနေကြခြင်းဖြစ်သည်။ နောက်တော့ ပိုးအိက ခရီးစဉ်အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ဖေးမကြဖို့ ၊ အချင်းချင်းစည်းလုံးကြဖို့ ချောင်းသာရောက်ရင်လည်း စုစုစည်းစည်းနေကြဖို့ စသည်ဖြင့် သြ၀ါဒခြွေသည်။ တစ်ခါ တစ်လေ ပိုးအိကို သူမ အားကျသည်။ လုပ်ချင်သည့်အလုပ်ကို ရသည့်အချိန်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အရည်အချင်းကိုလည်း လေးစားသည်။ သူမရယ်.. ပိုးအိတို့တွေရယ်.. MYIA ရယ်.. ချောင်းသာရယ်….. မကြာခင်မှာ ရောက်လာတော့မည့် ပျော်စရာအချိန်လေးတွေကို တွေးရင်း…. သီချင်းသံလေးနဲ့အတူ စီးမျောလိုက်မိတော့သည်။
(၂)
ကားပေါ်မှာ တစ်ညလုံး သီချင်းတွေဆိုကြ ၊ ဂိမ်းတွေဆော့ကြနဲ့ အိပ်ဖို့အချိန်တောင်မရပဲ ချောင်းသာနား နီးလာခဲ့သည်။ မနက် ငါးနာရီခွဲလောက်မှာတော့ အရှေ့ဘက်ဆီက ရောင်နီပျို့လာသည်။ ၀ါရွှေရောင် နေလုံးကြီးက သူ့ရဲ့ လက်တံတွေကို ဖြန့်ကျက်ပြီး ကမ္ဘာလောကကို အလှဆင်စပြုပြီ။ ကောင်းကင်ယံမှာ မိုးသားပြာပြာတို့ကလည်း တစ်ရွေ့ရွေ့လွင့်လာနေကြသည်။ ကားမှန်တံခါးကို ဖွင့်လိုက်တော့ လေအေးအေးတို့ တိုးဝင်ကြသည်။ အအေးကြောက်သော သူမ အိတ်ထဲမှ အနွေးထည်ပါးပါးလေးကို ထုတ်ဝတ်ရသေးသည်။ ပင်လယ်ဆီသို့ မရောက်ခင်ဖြတ်ကျော်ရသည့် ရိုးမတောင်က အကွေ့အကောက်များလှသည်။ တောင်စောင်းမှာ တည်နေကြသည့် ရွာကလေးတွေကလည်း ချစ်စရာကောင်းသည်။ ဓါတ်ပုံရိုက်ဝါသနာပါသော သူမ ကင်မရာတစ်လုံးဖြင့် အလုပ်များရတော့သည်။ နွေဦးတို့ကတော့ သီချင်းဆိုလို့ ကောင်းတုန်း။ ရိုးမတောင် တစ်လျှောက်မှာတော့ ကျွန်းပင်လေးတွေကို ခြံနဲ့ ပျိုးထားတာ တွေ့ရသည်။ အပင်ကြီးတွေဆိုတာ ရှာမတွေ့တော့။ သြော်.. သစ်ပင်တွေ တော်တော်နည်းသွားပြီပဲ။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းပါလို့ အော်လာခဲ့ပေမယ့် နေ့စဉ်ဘ၀ထဲမှာပဲ အလုပ်များနေခဲ့တာမို့ အခြေအနေတွေ ဒီလောက်ဆိုးသွားမှန်း သူမ မသိခဲ့ရိုး အမှန်ပါ။ တောင်ဆိုတာ တောရှိမှ စည်စည်ပင်ပင်ရှိတာ မဟုတ်လား။ ကတုံးနီးပါးဖြစ်နေသော.. ၀ါးရုံပင်နဲ့ ချုံပင်သာသာလောက်သာရှိသော တောင်နံရံတွေကို သူမ ၀မ်းနည်း တသစွာ ကြည့်မိသည်။ အဝေးတစ်နေရာမှာတော့ မီးခိုးတစ်လူလူထွက်နေသည့် တောင်ယာစိုက်ခင်း တစ်ခုနဲ့ တဲလေးတစ်လုံးကို လွမ်းစရာ ကောင်းလောက်အောင် တွေ့ရသေးသည်။
“ဝေးးးးးးးးး ရောက်ပြီကွ.. လှလိုက်တဲ့ ပင်လယ်ကြီးကွာ.. Youth Camp မဟုတ်ပဲ ချစ်သူလေးနဲ့သာ လာရရင် တော်တော်ပျော်ဖို့ ကောင်းမှာ”
“ဟေ့ကောင် မင်းကိုယ်မင်း ယောက်ျားဖြစ်ကြောင်းပဲ အရင် သက်သေပြစမ်းပါအုံး.. ဟီး ဟီး”
ထွန်းထွန်းနဲ့ အာကာတို့ပြောနေတဲ့ စကားတွေကြောင့် တစ်ကားလုံး ရီရပြန်သည်။ ထွန်းထွန်း တစ်ယောက်အဖွဲ့ထဲ ၀င်လာတော့ အားလုံးက သူ့ကို ယောင်္ကျားလျာလေးဟု ထင်ကြသည်။ ထွန်းထွန်းပုံစံကလည်း ထင်ချင်စရာ.. အသံလေးက မိန်းကလေးသံလို သေးသေးလေး ဖြစ်သည့်အပြင် ဆံပင်ရှည်ကိုလည်း အနောက်တွင် စုချည်ထားသေးသည်။ အင်္ကျီတွေ ၀တ်ပြန်တော့လည်း အထဲက တီရှပ်တစ်ထပ်ကိုခံပြီးမှ အပေါ်က ရှပ်အင်္ကျီကို ၀တ်လေ့ရှိသည်။ မိုးအောင်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းဖြစ်လို့သာ ယောင်္ကျားလေးဆိုတာကို လက်ခံရခြင်းဖြစ်သည်။ ဒါတောင် ၀တ်ရည်တို့ စုစုတို့တွေက သိပ်ယုံကြသေးတာ မဟုတ်။ စုစုနဲ့ ၀တ်ရည်ဆိုတာကလည်း မိန်းကလေးသာ ဆိုရတာ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်ပြီး သွက်လက်ကြသူတွေ ဖြစ်သောကြောင့် အဖွဲ့အတွက် အားကိုးရသူတွေ ဖြစ်သည်။
Camp အတွက် Booking လုပ်ထားသည့် ဟိုတယ်က ချောင်းသာတွင် နာမည်သိပ်မကြီးသည့် ဈေးသက်သာသည့် နေရာတစ်ခုသာ ဖြစ်သည်။ ဟိုတယ်ကိုရောက်တော့ ပိုးအိက အဖွဲ့ဝင်တွေကို Group တွေခွဲပြီး တာဝန်တွေပေးသည်။ ခိုင်စိုးလင်းတို့၊ သားငယ်တို့၊ မခရေတို့ ၊ ၀တ်ရည်တို့ကတော့ အစားအသောက် တာဝန်ကျတာကြောင့် ရောက်ရောက်ချင်း မနားကြပဲ ကမ်းခြေဘက်တွင် ထမင်းချက်သမား ရှာဖို့ထွက်ကြသည်။ ချောင်းသာတွင် တစ်ခုကောင်းသည်က ကမ်းခြေတစ်လျှောက်တွင် ဧည့်သည်များအတွက် ထမင်းချက်ပေးသည့် ထမင်းချက်သမားများ ရှိနေကြခြင်းဖြစ်သည်။ ရွာထဲကဆိုင်တွေမှာ ထမင်းစားခြင်းထက် အများကြီးပိုသက်သာပြီး ပင်လယ်စာ လတ်လတ်ဆတ်ဆတ်လည်း စားရသည်။ သူမကတော့ Training အတွက် တာဝန်ကျသည်။ သူမအဖွဲ့မှာ တူတူတာဝန်ကျသည်က ဖြိုးပိုင်၊ အာကာနဲ့ ခင်မြတ်။ မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေး နှစ်ယောက် ခွဲပေးထားသည်က Gender အားဖြင့်တော့ ညီမျှပါသည်။ အာကာနဲ့ ခင်မြတ်ဆိုတာကလည်း Camp အတွက် အသစ်ရောက်လာသည့် အဖွဲ့ဝင်များဖြစ်တာကြောင့် ဖြိုးပိုင်နဲ့ သူမနဲ့က Training အတွက် ပိုပြီး အားထည့်ရပေတော့မည်။
“အမ ကျွန်တော်တို့ တာဝန်တွေအတွက် အမပဲ ဦးဆောင်ပေးနော်.. ကျွန်တော်က ဘာမှ သိပ်နားမလည်ဘူးဗျ”
“အို အမရော ဘာထူးလဲ ဖြိုးပိုင်ရဲ့.. ဒီလိုပဲ တူတူခေါင်းစားကြတာပေါ့.. နေအုံး.. မောင်လေးနဲ့ အမက Facilitate လုပ်ပေးမယ့် ဆရာကို သွားခေါ်ကြမယ်.. ဆရာက Hotel Max မှာတည်းတယ်.. အာကာနဲ့ ခင်မြတ်ကို စာရွက် စာတမ်းတွေ ပြင်ခိုင်းထားလိုက်မယ်”
“အိုးကေ.. ကျွန်တော် တစ်ယောက်တည်း သွားလည်း ဖြစ်ပါတယ်ဗျ.. အမ ပင်ပန်းနေရင် နားလေ.. ရေချိုးထားလိုက်ပါလား”
“အို အားလုံး တူတူပင်ပန်းကြတာ တစ်ယောက်တည်းတော့ ကွက်မနားချင်ပါဘူး”
“ကျွန်တော် အမအတွက်ကော နှစ်ယောက်စာ လုပ်ပေးမှာပေါ့.. အမနေမကောင်းဖြစ်မှာ စိုးတယ်”
“အပိုတွေ.. ကဲလာ ဆရာ့ကို တူတူသွားခေါ်ကြရအောင်”
ဖြိုးပိုင်နဲ့သူမ Hotel Max ကို လမ်းလျှောက်လာတော့ လမ်းမှာ အစားအသောက်တာဝန်ကျသည့် ၀တ်ရည်တို့ အဖွဲ့ကိုတွေ့သည်။ နေ့လည်စာရော ညနေစာရော အားလုံး အိုကေတယ်ဟု ပြောသွားကြသည်။ Hotel ကိုရောက်တော့ Lobby တွင် စောင့်နေသည့် ဆရာကို အဆင်သင့်ပဲ တွေ့ရသည်။ ဆရာ့ကို နုတ်ဆက်ပြီး Training Schedule တွေ ဆွဲကြသည်။ ဆရာက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးမှာ တက်ကြွလှုပ်ရှား နေသူတစ်ယောက်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းမှာတော့ ဧရာဝတီတိုင်းဘက်တွေကို သွားပြီး ဒီရေတော့ ပရောဂျက်တွေမှာ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။ UNEP နဲ့ လက်တွဲပြီး ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာပေးလုပ်ငန်းတွေကို လူငယ်များနှင့် လက်တွဲဆောင်ရွက်နေသူလည်း ဖြစ်သည်။ အလုပ်များသော ဆရာဦးမြင့်ဝေကို သူမတို့ ချောင်းသာ Youth Camp အတွက် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဆရာကလည်း ချောင်းသာဘက်တွင် အသင့်ရောက်နေပြီးသား ဖြစ်သဖြင့် တော်သေးသည်။
“မပိုးအိ ကော သမီးတို့”
“ပဲသီးတောင့်…. အဲ.. ပိုးအိက ဟိုတယ်မှာ Training အတွက် ပြင်နေပါတယ် ဆရာ.. သူက ကားပေါ်မှာလည်း အန်လာတော့ သိပ်နေကောင်းတာနဲ့.. လိုက်မလာတော့ဘူးတဲ့”
“အိုးကေ သမီးတို့ Camp မှာက ကိုယ်ရယ်.. ပိုးအိရယ် နှစ်ယောက်ပဲ facilitate လုပ်မှာဆိုတော့ အကြောင်းအရာတွေ သေချာညှိဖို့ လိုတယ်လေ.. ဆရာ တစ်ခါတည်း လိုက်ခဲ့လိုက်မယ်..”
နောက်တော့ ဆရာရယ်.. သူမတို့ နှစ်ယောက်ရယ် Camp လုပ်မည့်ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ပိုးအိက ဆရာ့ကို ထွက်ကြိုပြီး အစီအစဉ်တွေ ဆွဲကြသည်။ ဖြိုးပိုင်ကလည်း အခန်းထဲ ခဏနားမည်ဟု ဆိုကာ သူ့အခန်းထဲ ၀င်သွားသည်။ သူ့မ ကိုယ့်အခန်း နံပတ်တောင် ကိုယ်မသိသေး။ ဒီတော့မှ Admin အတွက် တာဝန်ကျသည့် မအိမ့်တို့ မစုတို့ မိုးအောင်တို့ကို ရှာပြီးမေးရသည်။ ၁၀၇ ဆိုသဖြင့် Reception တွင် သော့တောင်းကာ အခန်းထဲ လာခဲ့လိုက်တော့သည်။ သုံးယောက်တစ်ခန်းနေရမည့် အခန်းလေးက ချစ်စရာကောင်းပါသည်။ ဟိုတယ်ကြီးတွေကို TV တွေ ရေခဲသေတ္တာတွေ မပါသည်မှ လွဲပြီး သက်တောင့် သက်သာလည်း ရှိလှသည်။ သူမရယ် မြတ်မဒီရယ်၊ မူနွှဲ့ရယ်က တစ်ခန်း တူတူနေရသည်။ ရေမိုးချိုးပြီး…. လမ်းခရီး တစ်လျှောက် ပင်ပန်းလာသည့်ဒဏ်တွေကြောင့် ခဏမှေးခနဲဖြစ်သွားသည်မှာ Participant Manager ထွန်းထွန်းနဲ့ ဘိုဘိုတို့၏ ၀ီစီသံကြားမှ နိုးလာမိတော့သည်။
“အားလုံး မင်္ဂလာပါ.. မနေ့က တစ်ညလုံး ပင်ပန်းတာတွေ ပျောက်စေဖို့ ကျွန်မတို့ရဲ့  Camp ကို ရီရီမောမောလေးတွေနဲ့ စလိုက်ကြရအောင်.. စစချင်း ကျွန်မတို့ Game လေး တစ်ခု ဆော့ပါမယ်.. အဲ့ဒါကတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သစ်ရွက်ကြွေလေးတွေကို ကောက်ပါ.. နောက်ပြီး သစ်ပင်ပုံလေးဖြစ်အောင် အခု ပေးထာတးတဲ့ A 3 စာရွက်ပေါ်မှာ သစ်ရွက်လေးတွေ ကပ်ပြီး ပုံဖော်ကြရပါမယ်.. သစ်ရွက်လေးတွေ ပေါ်မှာတော့ အခုပါလာတဲ့ Participants တွေထဲက ရုတ်တရက် ကိုယ် မှတ်မိလိုက်သူတစ်ဦးရဲ့ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေကို ရေးရပါမယ်.. နာမည်တွေ မရေးရပါဘူး သူဆိုတာလေးပဲ ရေးရမယ်.. နောက်တော့မှ အဲ့ဒီ သူဆိုတာ ဘယ်သူလဲ ကျွန်မတို့ ဖော်ကြမယ်.. ဟုတ်ပြီလား… အိုးကေ ကျွန်မတို့ စလိုက်ကြရအောင်.. အားလုံးပဲ ငါးမိနစ် အချိန်ရပါတယ်”
သူမတို့ရဲ့ Facilitator လည်းဖြစ် President လည်းဖြစ်သော ပိုးအိရဲ့ အဖွင့်အစီအစဉ်မှာပဲ ဂိမ်းစဆော့ရတော့သည်။ ပတ်ဝန်းကျင်မှာ ရှိသည့် သစ်ရွက်ကြွေတွေကို ကောက် .. စာလေးတွေရေးပြီး စာရွက်ပေါ်မှာ အပင်ပုံလေးဖြစ်အောင် ကပ်ရသည်။ A 3 စာရွက်လေးတွေကလည်း ထူးခြားသည်။ ရုံးတွေမှာ မသုံးပဲ ထားကြသည့် တစ်ဖက်လွတ် စာရွက်ကလေးများဖြစ်သည်။ ဒီစာရွက်တွေကို အဖွဲ့ဝင်တွေအားလုံး ရှာဖွေစုစည်းလာကြခြင်းဖြစ်သည်။
အားလုံးပြီးသွားတော့ စာရွက်တွေကို နံရံပေါ်မှာ ကပ်ရသည်။ လူအယောက် (၃၀).. စာရွက် (၃၀).. သစ်ပင် (၃၀) ပေါ့။ နောက်တော့ ဆရာဦးမြင့်ငွေရဲ့ သစ်ပင်တွေအကြောင်းကို သင်ရသည်။ ဆရာ့အချိန်ပြီးတော့ ကျွန်မတို့ရဲ့ သစ်ပင်တွေက သစ်ရွက်တွေပေါ်မှာ ရေးထားသည့် စာတွေကို အားလုံး တူတူလိုက်ဖတ်ကြသည်။
“ကားပေါ်မှာ ဆန်ပြုတ် ပြုတ်ရောင်းသူ တစ်ဦး”
“မျိုးကြီးရဲ့ မိုး သီးချင်တွေ ဆိုနေသူ”
“ဘေးကတစ်ယောက်များ ဟောက်တောင် ဟောက်တယ်”
“Beer နံ့လေး သင်းတယ်ကွဲ့”
စသည်ဖြင့် မျိုးစုံတွေ ရေးထားကြသည်။ “၀ိုး.. ထူးထူးခြားခြား Message နှစ်ခု တူနေပါတယ်ဗျို့”.. လို့ အာကာက လှမ်းအော်သည်။ အားလုံး စိတ်ဝင်စားပြီး သစ်ပင်လေး နှစ်ပင်ဆီသို့ အာရုံတွေ စုပြုံရောက်သည်။
“Ipod ချင်း ဆင်တူတယ်.. သီချင်းလေးတွေကိုချစ်တယ်”
ဘုရားရေ.. အဲ့ဒါ ကျွန်မ ရေးလိုက်တဲ့ စာသားလေးပါ။ နောက်သစ်ပင်လေး တစ်ခုမှာလည်း အဲ့ဒီအတိုင်းရေးထားသည်။ သူမ ရုတ်တရက် ဖြိုးပိုင်ကို ကြည့်လိုက်တော့.. ဖြိုးပိုင်ကလည်း သူမကို အံ့သြသလိုလေး ကြည့်နေသည်။ သူမ ရှက်ရွံ့စွာ အကြည့်တွေ လွှဲလိုက်မိသည်။ “ရှာရမယ်.. တရားခံကို တွေ့အောင်ကို ရှာရမယ်.. ခုချိန်ကစပြီး.. Ipod များကို သတိထားပါတော့မယ်ရှင်” ဟု ၀တ်ရည်က ရွှတ်နောက်နောက်ကလေး ၀င်ပြောသည်။ စာသားတွေချင်း ဘာလို့များ လာတိုက်ဆိုင်နေရတာပါလိမ့်။ အို.. တိုက်ဆိုင်မှာပေါ့.. ခုံချင်းက ရှေ့ နောက် ထိုင်ကြတာကိုးလို့ တွေးမိတွေးရာ တွေးလိုက်သေးသည်။
နောက်တော့ တစ်ယောက်ချင်း မိတ်ဆက်ရသည်။ တစ်ခြားသင်တန်းတွေလို.. မိတ်ဆက်ပြီးမှ အစီအစဉ်တွေ စတာမျိုးမဟုတ်ပဲ.. အစီအစဉ်တစ်ချို့ စထားပြီးမှ မိတ်ဆက်ရသည့် အစီအစဉ်ကို ဘယ်သူကများ အကြံပေးလိုက်ပါလိမ့်ဟု တွေးမိသေးသည်။ မိတ်ဆက်သည့်အချိန်တွင် ဘယ်နေရာမှာ ဖြစ်ဖြစ် ယူဆထားသည့် အယူအဆတစ်ခုကို ထည့်ပြောရသည် ။ သူမအလှည့်ရောက်လာသည်။
“မင်္ဂလာပါ.. ငြိမ်းအေးသန့်ပါ.. အားလုံးကတော့ ငြိမ်းလို့ခေါ်ကြပါတယ်.. MYIA အဖွဲ့ထဲကပါပဲ.. ခင်ရတာ ၀မ်းသာပါတယ်.. ကျွန်မရဲ့ Professional အလုပ်ကတော့ Web Developer ပါ… Social Work တွေ လုပ်ရတာ ၀ါသနာပါပါတယ်.. အဲ.. ကျွန်မရဲ့ အယူအဆတစ်ခုကတော့ ဘ၀နဲ့ ပတ်သက်ပါတယ်.. ဘ၀မှာ လက်ရှိပိုင်ဆိုင်ထားတာလေးတွေကို ကျေနပ်ပြီး ဒီထက်မက ပိုင်ဆိုင်ဖို့ ကြိုးစားချင်ပါတယ်။
တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ကြသည်။ ဖြိုးပိုင်အလှည့်ရောက်တော့ သူပြောလိုက်သည့် စကားလေး၊ သူ့ရဲ့ အယူအဆလေး တစ်ခုကြောင့် အားလုံးပြောစရာ ဖြစ်ရတော့သည်။
“ကျွန်တော့် မောင်ဖြိုးပိုင်ရဲ့ အယူအဆကတော့ အချစ်နဲ့ ပတ်သက်တာလေးပါ.. ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ရဖို့အတွက် လှေကားထစ်တွေ တစ်ထစ်ချင်း တက်သွားမှသာ ပန်းတိုင်ရောက်နိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော်ကတော့ လှေကားထစ် တစ်ထစ် စတက်နေပြီဗျ… ဟား ဟား”
“လှေကားထစ်ကို တက်တာလား.. Ipod ကို တက်တာလားဗျို့” သားသားက ၀င်နောက်တော့ ဖြိုးပိုင်က ပြန်ပြောသည်။
“လှေကားထစ်ပေါ်မှာ Ipod ကို တွေ့တာဗျ.. Lucky Ipod လို့တော့ ထင်တာပဲ”
ဝိုးးးးးးး.. လုပ်ထားကွ ဖြိုးပိုင်ရ…
ဒါဆို သစ်ပင်ပေါ်က အိုင်ပေါ့ တစ်လုံးတော့ တွေ့ပြီ နောက်တစ်လုံး ကျန်သေးတယ်
မျက်စိရှင်ရှင် ရှာရမယ်….. စသည် စသည်ဖြင့် စကားတွေ တစ်ယောက် တစ်မျိုးပြောကြတော့ သူမ နေထိုင်မတတ် ဖြစ်ရပါသေးသည်။ လှေကားထစ်တွေ တက်မယ်တဲ့လား ဖြိုးပိုင်ရယ်.. အိုင်ပေါ့ဆိုတာ.. ကိုယ့်ကိုများ စောင်းပြောလေသလားဟု ထင်မိသေးသည်။ အိုး ချောင်းသာရယ်… အတွေ့အကြုံအသစ်တွေ မထင်မှတ်လောက်အောင် များလာတော့မှာလားကွယ်…. ။
(ဆက်ရန်)