Archive for March 30th, 2009
ဗန်းမော်တင်အောင်-ရေး – နောက်ပိတ်ခွေး
Source – email
နောက်ပိတ်ခွေး
ရေးသူ- ဗန်းမော်တင်အောင်
(၁)
အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။
သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။ သူ့ကို မေ့လျော့ထားကြသည့်အတွက် အောင်သန်းသည် များစွာအရေးထားလှပုံမရ။ စွန့်ပစ်ထားခြင်း ကို ခံရသည့်အတွက်လည်း သူသည် ဝမ်းနည်းမိဟန်မတူ။ သူသည် ရဲရင့်သော လူသား တယောက်ပီပီ သူ့အား မေ့လျော့စွန့်ပစ်ထားကြသော လူ့ဘောင်ကြီးအတွင်း၌ သူ၏ စွမ်းပကား ဖြင့် အသက်တချောင်းကို မွေးမြူနေထိုင်လျက်ရှိသည်။ အောင်သန်းသည် ကျေးလက်၏ ရလဒ်ဖြစ်သော်လည်း နေပြည်တော်၌ စွဲမြဲနေထိုင် လျက်ရှိသည်။ ကျေးလက်၏ သားသမီးပီပီ အောင်သန်းသည် စိမ်းလန်းသော လယ်ကွင်းများ သို့ အဘယ်ကြောင့် ပြန်၍ မနေထိုင်ရသနည်း။ ပြွေသံနှင့် နွားခလောက်သံများကို သူသည် မလွမ်းဆွတ်လေသလော။ မှိုနတိုနှင့် ချဉ်ပေါင်ရေတည်တို့ကိုလည်း သူသည် မေ့လျော့လေပြီ လော။ အဘယ်ကြောင့် သူ့အား လူရာမသွင်းသော နေပြည်တော်၌ ပျော်ပိုက်၍ နေရသနည်း။
သူသည် အခလွတ် ပညာသင်ကြားခွင့် ရသည်ဆိုသော တက္ကသိုလ်ပညာရေးကို တပ်မက်နေ သလား။ သို့မဟုတ် ကမ္ဘာအေးစေတီကို ဖူးမြှော်ရင်း ပြည်တော်သာစီမံကိန်း၏ တိုက်တလုံး၊ ကားတစီးနှင့် လစာရှစ်ရာတထောင်တို့ကို စောင့်စားနေသလား။ ပုထုဇနော ဥမ္မတကောဟု ဘုရားရှင် ဟောကြားထားသော်လည်း အောင်သန်းသည် မိုက်မဲ လောက်အောင်ကား မရူးပါ။
အောင်သန်းသည် လယ်ကွင်းပြင်များ၌ မွေးဖွားလာခဲ့ရသော လယ်သမား သားသမီးပီပီ နွားကျောင်းရင်း ပြွေကြူလို၏။ သူသည်ကွင်းပြင်၌ တိုက်ခတ်သောလေကို ရှူရှိုက်လို၏။ သို့ရာတွင် ကျေးလက်၌ ယနေ့တိုင် မိုးကောင်းလျက်ရှိသော မြေရှင်က သူ့အား ကျောတရာ၊ ရင်တရာ ရိုက်ခတ်၍ လယ်ကွင်းများထဲမှ နှင်ထုတ်လိုက်သည်။ သူအဘိုး၏ လယ်ကိုသိမ်း ယူ၍ သူ့အဘကိုလည်း လယ်ထဲမှ ကန်ထုတ်လိုက်သောအခါ အောင်သန်းသည် ပြေးမိပြေးရာ သို့ပြေးရင်း နေပြည်တော်သို့ ရောက်လာခြင်းဖြစ်၏။
အောင်သန်းသည် ဤကဲ့သို့ အမွေမဲ့သားတယောက် ဖြစ်လာခဲ့ရသည်။ သူ့တွင် အတတ်ပညာလည်း မရှိပေ။ သူသည် လူလားမမြောက်ရမီပင် သူ၏ ဝမ်းတထွာကို ရသောနည်းနှင့် ကျောင်းခဲ့ရသည်။ သူ၏ အသက်ရှင်နေနိုင်ရေး တိုက်ပွဲသည် ကြပ်တည်းလှ၏။ မနိုင်သောဝန်ကိုလည်း ထမ်းခဲ့ရ၍ မရောက်နိုင်သောခရီးကိုလည်း သွားခဲ့ရ၏။ ဘဝ၏ ထန်ပြင်းသောမုန်တိုင်းအကြားဝယ် သူသည် လွင့်ချင်ရာလွင့် နေခဲ့ရ၏။ ငတ်မွတ်ရခြင်းသည် သူ၏ ညီအစ်ကိုဖြစ်၍၊ နာကျင်ရခြင်းများသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါ နေကြသော အရိပ်များဖြစ်ကြသည်။
သို့ရာတွင် အောင်သန်း၌ လေးမြတ်စရာကောင်းသော သတ္တိတခုရှိသည်။ သူသည် အတိတ်ကို လုံးဝ မြှုပ်နှံထားနိုင်ခြင်းပင် ဖြစ်၏။ သူသည် ပစ္စုပ္ပန်၌သာ နေထိုင်လျက်၊ အနာဂတ် ကိုလည်း အိပ်မက် မက်ခြင်း ရှိပုံမရ။ သူသည် နံနက်စာကို တွေ့ရသောအခါ စား၏။ သို့ရာတွင် ညစာအတွက် သူသည် မစဉ်းစား၊ တွေ့လျှင်လည်း စားမည်။ မတွေ့လျှင်လည်း မစားဘဲနေ လိုက်မည်။ မခံမရပ် နိုင်လောက်အောင် ဆာလောင်လာသောအခါ သူသည် တော၏ဥပဒေ အတိုင်း ရှာဖွေ၍ စားသောက်တတ်သည်။ သည်အတွက်နှင့် သူ့ကို ဝိုင်းဝန်းဖမ်းဆီး၍ တရားရုံး များသို့ ပို့ကြ၏။ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံသော တရားမင်းများက နေပြည်တော် အရပ်၌ တောဥပဒေကို လိုက်နာသော အောင်သန်းအား အပြစ်ပေးကြ၏။
ရန်ကုန်ထောင်အတွင်းသို့ အောင်သန်းသည် အကြိမ်ကြိမ်ရောက်ခဲ့ပြီးပေပြီ။ သူသည် ကလေးအရွယ်၌ ကလေးထောင်တွင် နေထိုင်ကြီးပြင်းခဲ့ရ ပြီးလျှင် ယခု အသက် (၄ဝ) နီးသော အရွယ်၌ကား ဗမာနိုင်ငံ အကျဉ်းထာင် အနှံ့အပြား၌ လှည့်လည်နေထိုင်ခဲ့ပြီးလေပြီ။ ဤအတိုင်း သွားနေလျှင် သူသည် ထောင်ထဲ၌ အရိုးထုတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။
၁၉၅၂ – ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အထက်ပါ အောင်သန်းကို သွေးများ စွန်းထင်းနေသော ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော်သည် တွေ့ဆုံခဲ့ရလေပေသည်။
(၂)
ကျီးကန်းနှင့်စာငှက်များကို အရှင်ရအောင် ဖမ်းနိုင်သည်ဆိုသော ထူးခြားသည့် အရည်အချင်းကြောင့် အောင်သန်းကို ကျွန်တော်သည် စတင်၍ စိတ်ဝင်စားမိ၏။ ထို့ထက်လွဲ၍ အောင်သန်းအကြောင်းကို ဘာမျှတော့မသိသေး။ ကျီးကန်းနှင့် စာငှက်များကို အရှင်ရအောင် ဖမ်းဆီးနိုင်သော လူတယောက်ထက်လွဲ၍ သူ၏ နာကျင်ရှည်လျားလှသော ငိုချင်းရှည်ကြီးကို ဘာမျှမသိရှိသေးမီ အောင်သန်းကို ကျွန်တော် စတင်တွေ့ရှိရသည်။
ပိန်ချည့်သေးကွေးသော လူတယောက်သည် အရောင်အဆင်းမရှိသော ပုဆိုးစုတ်ကို လည်တွင် ဂွင်းသိုင်းလျက်၊ တုတ်တချောင်းကို ဝှေ့ရမ်းကိုင်ဆောင်ကာ ငါးအဆောင်သို့ဝင်၍ လာသဖြင့် တံခါးဝ၌ တာဝန်ရှိသော အကြပ်က ထုံးစံအတိုင်း ဟန့်တားပိတ်ပင်သည်။
“ဟေ့ ဝါဒါ၊ မင်း ဖွင့်ပေးမလား၊ မပေးဘူးလား”
အကြပ်က အောင်သန်းအား တံခါးဖွင့်မပေးဘဲ နှင်ထုတ်၏။
အောင်သန်းသည် အကြပ်ကို နောက်ထပ် ဘာမျှပြောဆိုခြင်း မပြုတော့ဘဲ သံတိုင်ကို ကျော်တက်၍ ငါးအဆောင်တွင်းသို့ ဝင်သွား၏။ မိန်းဂျေးမှ စီအိုင်ဒီများသည် အောင်သန်းကို ဘာမျှမပြောဆိုနိုင်ဘဲ လက်ပိုက်၍ ကြည့်နေကြရ၏။
“အဲဒါပေါ့ဗျ၊ အောင်သန်းဆိုတာ” ဟု မိတ်ဆွေတယောက်က ကျွန်တော့်အား လှမ်း၍ ပြောပြ၏။
ချုပ်ချယ်မှုအား တော်လှန်တတ်သော အောင်သန်းကို ကျွန်တော်သည် ဤသို့စတင် တွေ့ရှိကာ သူ့အား သဘောကျမိသည်။ ချုပ်ချယ်ခြင်းခံနေရသည့်အကြား၌ ထပ်မံချုပ်ချယ် ခြင်းကို ပုန်ကန်ဝံ့သော အောင်သန်း၏ ပင်ကိုယ်သတ္တိကို ကျွန်တော်သည် လေးစားသလို ဖြစ်မိ၏။ သူ့ကို ရင်းရင်းနှီးနှီး သိကျွမ်းလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။
“ဟေ့……. အောင်သန်း၊ မင်းဘယ်သွားမလို့လဲ” ကျွန်တော်က စတင်၍ သူ့အား နှုတ်ဆက်ကာ တားလိုက်သည်။
“ခင်ဗျား ဘယ်သူလဲ” ဟု အောင်သန်းက ကျွန်တော့်ကို အကဲခတ်သလို ပြန်၍မေးလာ၏။
“ငါလဲ မင်းလို ထောင်ထဲရောက်နေတဲ့ လူတယောက်ပါပဲကွာ”
“ခင်ဗျား ဘီကလပ်ကလား”
“အေး”
“ဒါဖြင့် ဆေးလိပ်တလိပ်လောက်ပေးစမ်းပါ”
သူ၏ ပွင့်လင်းခြင်းကို သဘောကျမိသည်။ ထို့ကြောင့် သူ့အား ကျွန်တော့် အခန်းတွင်း သို့ ခေါ်လာခဲ့ပြီးလျှင် လက်ဖက်ရည်ဖျော်၍ တိုက်ရင်း သူ့ကို လေ့လာကြည်ရှုမိသည်။ အောင်သန်းသည် လုံလောက်သော အာဟာရနှင့် ဆေးဝါးများကို မမှီဝဲခဲ့ရသဖြင့် အသက် အရွယ်နှင့် မလိုက်အောင် သေးကွေး ပိန်ချည့်နေသည်။ လူစဉ်မမီနိုင်အောင် ညှိုးနွမ်းနေသည်။
“ဒါထက်……. မင်းကျီးကန်းနဲ့ စာကလေးတွေကို အရှင်ရအောင် ဖမ်းတတ်တယ်ဆို” ဟု ကျွန်တော် က မေးကြည့်သည်။
“ကျီးကန်းတကောင် လိုချင်ရင် ဆေးလိပ်ငါးလိပ်နဲ့ရမယ်” ဟု အောင်သန်းက သူ၏ ပေါက်ဈေးကို တောင်းလာ၏။
“စာကလေးတကောင်ကကောကွ”
“ငါးလိပ်ပဲ”
“တူတူပဲ လားကွ”
“ဖမ်းရတာ တူတူပဲ”
ညီမျှသော လုပ်အားအတွက် ညီမျှသော တန်ဖိုးကို အောင်သန်းက တောင်းဆို၏။
လက်ဖက်ရည် သောက်ပြီးသွားသောအခါ ကျွန်တော်သည် အောင်သန်းအား ဆေးလိပ် ဆယ်လိပ်ခန့် ပေးလိုက်သည်။ သူသည် ဆေးလိပ်များရသဖြင့် ဝမ်းသာအားရ ထွက်သွားသည်။
နောက်ထပ်၍ သုံးရက်မျှ အောင်သန်းနှင့် မတွေ့ရပေ။
သုံးရက်ခန့် အကြာတွင် အောင်သန်းသည် ကျွန်တော့်ဆီသို့ လာ၏။ သူနှင့်အတူ စာကလေး အရှင် နှစ်ကောင်ကိုလည်း ကျွန်တော့်အတွက် ယူလာခဲ့ပေသည်။
(၃)
အောင်သန်းနှင့် အကျဉ်းထောင်ထဲတွင် တစထက်တစ ရင်းနှီးကျွမ်းဝင်လာပြီးနောက် အောင်သန်းကို နီးနီးကပ်ကပ် လေ့လာနိုင်ရန်အတွက် ကျွန်တော့်အနီးသို့ ခေါ်ထားခဲ့သည်။ ထိုသို့ အောင်သန်းကို ကျွန်တော်က အနီးသို့ ခေါ် ထားသည့်အတွက် ထောင်အာဏာပိုင်များက ကျေးဇူးတင်ကြသည်။ ဝမ်းသာကြသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းကို သူတို့ အုပ်ချုပ်ထိန်းသိမ်း၍ မရကြသည့်အတွက် ဖြစ်သည်။
အောင်သန်းသည် အကျဉ်းထောင်အတွင်း၌ ဖိနှိပ်ချုပ်ချယ်ခြင်းကို အမြဲတစေ တော်လှန်တိုက်ခိုက်ဝံ့သော သတ္တိရှိလေသည်။ သူ့ကို အပြစ်ဒဏ်ပေးသောအနေနှင့် အလုပ် လုပ်ခိုင်း၍ မရ။ အာဏာပိုင်တို့က သူ့အားခိုင်းစေလျှင် “မလုပ်ဘူးကွ” ဟု တင်းတင်းမာမာ ပြန်၍ပြော၏။ အချို့သော အကြပ်များက အောင်သန်းအား ပါးစပ်ဖြင့် ပြောဆို၍မရသဖြင့် တုတ်ဖြင့်ချောက်လှန့်ရန် ကြိုးစား၏။ ထိုအခါ အောင်သန်းသည် အုတ်ခဲတလုံးကို ကောက်၍ ကိုင်တတ်၏။
အောင်သန်းကို ထောင်ထဲ၌ ထောင်ချကြည့်၏။ တိုက်ပိတ်သည်ဟူ၍ ခေါ်၏။ ထိုကာလ၌ အောင်သန်းသည် ထောင်မင်းကြီးမှစ၍ အကြပ်အထိ ကော်၍ ဆဲရေး၏။ အော်ဟစ်ဆဲရေးပြီးသောအခါ သူ့အား ဤသို့ ချုပ်ချယ်ခြင်းကို အပြင်းထန်ဆုံးသော လက်နက်ဖြင့် ပြန်လည်၍ တိုက်ခိုက်၏။ ထိုလက်နက်မှာ အခြားမဟုတ်၊ အစာငတ်ခံခြင်းပင် ဖြစ်၏။ ဤတိုက်ပွဲကို အောင်နိုင်သည်အထိ အောင်သန်းသည် ရွပ်ရွပ်ချွံချွံဆင်နွှဲ၏။ နောက်ဆုံး၌ ထောင်အာဏာပိုင်တို့သည် အောင်သန်းကို အရှုံးပေး၍ လွှတ်လိုက်ရသည်။
တိုက်ထဲမှ လွတ်မြောက်လာပြီးနောက် အောင်သန်းသည် ရန်ကုန်ထောင်ကြီးအတွင်း၌ သွားချင်ရာ သွား၍ လာချင်ရာလာ၏။ လုပ်ချင်ရာလုပ်၍ စားချင်ရာ လျှောက်စား၏။ သူ့ကို ဘယ်အကြပ်တို့ကမှ ဘာမျှ မပြောနိုင်ကြတော့။ သက်ဆိုင်ရာထောင်မှူးများကလည်း သူ့ကို လက်မြေ‡ာက်ထားကြ၏။ သူသည် ဖိနှိပ်ချုပ်ချယ်ခြင်းအား သူရသတ္တိရှိစွာဖြင့် အဆုံးတိုင် တိုက်ခိုက်အောင်နိုင်ခဲ့သော ရန်ကုန်ထောင်တွင်း သူရဲကောင်းကြီးမဟုတ်လော။
ရန်ကုန်ထောင်ကြီးအတွင်း၌ စွန်လွှတ်ခြင်းကို ပိတ်ပင်ထား၏။ အောင်သန်းသည် ပြတ်လွင့်လာသော စွန်များကို လိုက်လံဖမ်းဆီး၍ ကြိုးတိုက်ပေါ်သို့ တက်ကာ စွန်လွှတ်၏။ ဘယ်သူက ဘာပြောနိုင်သနည်း။
ထောင်ပိုင်သည် နံနက်ခင်းအချိန်တွင် ထောင်အတွင်းသို့ လှည့်လည်ကြည့် ရှုလေ့ရှိ၏။ ထိုအချိန်၌ အဆောင်တံခါးများ ပိတ်ထားတတ်၏။ အဝင်အထွက် မရှိရ။ လမ်းပေါ်၌လည်း ဘယ်သူမှ ရပ်မနေရ။ သို့ရာတွင် အောင်သန်းသည် ပုဆိုးကို လည်ပင်းကွင်းသိုင်း၍ တုတ်တ ချောင်းကိုင်ကာ ထောင်ပိုင့်လမ်းတွင် ကန့်လန့်လုပ်နေတတ်၏။
“မင်း မလွတ်သေးဘူးလား အောင်သန်း” ဟု ထောင်ပိုင်ကပင် သူ့ကို နှုတ်ဆက်မေးမြန်းရ၏။
“မလွတ်သေးဘူး၊ ဦးဘသိန်း ဘယ်တော့လာဦးမလဲ” ဟု သူက ပြန်၍မေး၏။ ဦးဘသိန်းသည် အကျဉ်းထောင်မင်းကြီးဖြစ်၏။ အောင်သန်း ကလေးထောင်၌ စတင်နေထိုင် ရစဉ်က ဦးဘသိန်းသည် ကလေးထောင်တွင် ထောင်မှူးဖြစ်သည်။ သို့ရာတွင် ယခုအခါဝယ် ဦးဘသိန်းသည် ထောင်မင်းကြီးပင်ဖြစ်ခဲ့လေပြီ။ အောင်သန်းကား ထောင်ထဲတွင် နေထိုင် ရတုန်းပင်ဖြစ်သည်။
“လာတဲ့အခါ မင်းကိုခေါ်မယ်လေ ဟုတ်လား”
“အင်း”
“ထောင်ထဲမှာ ကောင်းကောင်းနေနော် အောင်သန်း”
“အင်း”
ထောင်ပိုင်ကလည်း အောင်သန်းကို ချော့မော့ပြောဆိုရသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းသည် ထောင်မင်းကြီး၏ မိတ်ဆွေလည်း ဖြစ်သောကြောင့်တည်း။
(၄)
အောင်သန်းအား ကျွန်တော်တို့ ထမင်းဝိုင်းတွင် ကျွေးမွေးကာ ကျွန်တော့်အနီးတွင် ခေါ်ထားသော ကာလအတွင်း ၎င်း၏လေးမြတ်ချစ်ခင်စရာကောင်းသော စိတ်နေသဘောထား ကလေးများကို တွေ့ရသည်။ အာဏာပိုင်များက အပြစ်ဒဏ်ထားသောအနေဖြင့် ခိုင်းစေသော အလုပ်ကိုသာ မလုပ်သော်လည်း သူပါ ဝင်ရောက်စားသောက်သော ထမင်းဝိုင်းအတွက် လိုအပ်သော ထင်းများကို မည်သူကမှ တိုက်တိုက်တွန်းတွန်း မပြောဆိုရဘဲ ထင်းဂိုဒေါင်သို့ သူ့ဘာသာ သူသွား၍ ထမ်းယူလာပေး၏။ နံနက်လင်း၍ အိပ်ဆောင်ဖွင့်လျှင် ဖွင့်ချင်း အိပ်ရာမှထကာ ထင်းသယ်ရန်သွား၏။ တရက်တလေမျှ မပျက်ကွက်ခဲ့။ ထင်းထမ်း၍ ပြန်ပို့ ပေးပြီးနောက်မှ သူလည်ချင်ရာသို့ လျှောက်၍ လည်နေတတ်သည်။ သူသည် လူ့ ကျင့်ဝတ်ကို လိုက်နာပြုလုပ်တတ်ပေသည်။
ရှိသေး၏။
အောင်သန်းသည် ယခင်က ညစ်ညစ်ပတ်ပတ်နှင့် ဖြစ်သလို နေလေ့ရှိခဲ့သည်။ ရေကို ချိုးချင်သည့်အခါမှ ချိုးလေ့ရှိ၏။ ကျွန်တော်နှင့် လာရောက် နေထိုင်သောအခါ သူ့အား သန့်သန့်ရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ်နေထိုင်ရန် အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမ ကြည့်သည်။ နောက်တနေ့မှစ၍ အောင်သန်းသည် တနေ့လျှင် ရေသုံးခါလောက်ချိုး၏။ မိုးတွင်းကြီး၌ပင် တနေ့လျှင် ရေသုံးခါ မှန်မှန်ချိုးနေသောကြောင့် “အောင်သန်းရာ မင်းရေချိုးတာ လျှော့ပါဦးကွာ” ဟု ကျွန်တော်ကပင် ပြန်၍ တောင်းပန်ယူရသည်။ အထူးတန်း အကျဉ်းသားများကဲ့သို့ အောင်သန်းသည် သပ်သပ်ရပ်ရပ် နေထိုင်ရန်အတွက် ကျွန်တော့်ထံမှ ဆပ်ပြာမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ စသည်တို့ကို နေ့တိုင်း တောင်းလာသဖြင့် “မင်းဟာက လျှော့ပါဦးကွာ” ဟု ကျွန်တော်က တောင်းပန်ရပြန်၏။
အောင်သန်းသည် လူတယောက်ပီပီ သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ပြန့်ပြန့်ကလေး နေလိုရှာသည်။ သို့ရာတွင် ထိုကဲ့သို့နေထိုင်ရန်အတွက် သူသည် အခွင့်အရေးမရခဲ့ပေ။ ဝမ်းတထွာတိုက်ပွဲကို အလူးအလဲ တိုက်ခိုက်နေခဲ့ရဟန်တူသည်။ ထို့ကြောင့် သူသည် လူစင်စစ်က တိရစ္ဆန်တကောင်လို နေခဲ့ရရှာသည်။ အကယ်၍သာ သူ့အား မေတ္တာကရုဏာဖြင့် စိတ်ရှည်ရှည်ထား၍ ပြုပြင်လေ့ကျင့်ပေးနိုင်မည်ဆိုခဲ့လျှင် အောင်သန်းသည် လူ့ဘောင်ကြီး၏ စည်ပင်တိုးတက်ရာ တိုးတက်ကြောင်းအတွက် များစွာအဖိုးတန်သော လူတယောက် ဖြစ်လာ လိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။
အောင်သန်းသည် လူအများ၏ အကျိုးကို ဆောင်ရွက်လိုသော သဘောလည်း ရှိသည်။ ညမိုးချုပ်၍ ထောင်ပိတ်သောအခါများတွင် အချို့သော သူများသည် ထောင်အပြင်ဘက်၌ လှန်းထားသော အဝတ်အစားများကို မေ့ထားတတ်ကြသည်။ အောင်သန်းသည် အိပ်ဆောင် ပိတ်သောအခါ ထိုမေ့ကျန်နေသော အဝတ်အစားများကို လျှောက်၍ သိမ်းဆည်းလာတတ်ပြီး လျှင် အဝတ်အစားရှင်များအား အော်ဟစ် မေးမြန်း၍ လိုက်လံပေးကမ်းတတ်သည်။
သူသည် ငတ်ပြတ်သောအခါ ထောင်၏ အပြင်ဘက်၌ ခိုးယူစားသောက်ခြင်း ပြုခဲ့သော်လည်း ထောင်ထဲ၌ကား ခိုးယူတတ်ခြင်းမပြု၊ သူလိုချင်သော ပစ္စည်းကို တောင်းရမ်းတတ်သည်။ ဘဝတူ အကျဉ်းသားများကို သူသည် ဘယ်တော့မျှ အနှောက် အယှက် မပေးတတ်။ အာဏာပိုင်များကို ကြမ်းကြမ်း တမ်းတမ်း ပြန်လည်၍ တိုက်ခိုက် တတ်သော အောင်သန်းသည် ဘဝတူအကျဉ်းသားများနှင့် ဆက်ဆံရာ၌ ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံတတ်သည်။ မည်သည့် အကျဉ်းသားကမဆို သူ့အား အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမလျှင် သူသည် ဣနြေ္ဒရရ နားထောင်တတ်သည်။
တခါတရံ အောင်သန်းအား ၎င်း၏ အတိတ်ဘဝအကြောင်းကို ကျွန်တော်သည် မေးမြန်းကြည့်သည်။ အောင်သန်းသည် ၎င်း၏ အတိတ်ဘဝအကြောင်းကို ပြန်၍ပြောပြချင်ပုံ မရ။ သူသည် အတိတ်ကို စိတ်နာကြည်းဟန်တူ၏။ ဘယ်လိုများခံခဲ့ရသော အတိတ်ဘဝမျိုး ဖြစ်လိမ့်မည် မသိ။ တော်တော်ခံခဲ့ရဟန် တူပေသည်။
စိတ်လက်ကြည်လင်ရွှင်ပျသောအခါ သူသည် ဟင်္သာတသား ဇာတိဖြစ်ကြောင်း ပြောပြတတ်၏။ ဟင်္သာတ တောဘက်တွင် သူငယ်စဉ်က နွားကျောင်းရင်း ပြွေကြူခဲ့သော အဖြစ်အပျက်များကိုလည်း ပြောပြ၏။ ထိုအခါ သူ၏စကားကို နင်း၍ ကျွန်တော်က သူ့အတိတ် အကြောင်းကို တူးဖော်နှိုက်ယူ၍ကြည့်မိ၏။
သူ့အဘိုးသည် ကိုယ်ပိုင်လယ်လုပ် ဖြစ်သော်လည်း သူ့အဘသည် လယ်အငှားလုပ်ခဲ့ ရသည်။
လယ်အငှားလုပ်သားဘဝမှ လယ်ကူလီဘဝသို့ လျှောကျသွားခဲ့ရသည်။ လယ်ကူလီ၏သား အောင်သန်းသည် (၁၃) နှစ်သားခန့်တွင် သရက်မြို့ ကလေးထောင်သို့ ကျရောက်ခဲ့သည်။ ကလေးထောင်မှ လွတ်လာသောအခါ၊ သူသည် ထမင်းတလုပ် မှန်မှန်နှင့် ဝဝကလေးမှ မစားရ သော တောဘက်ရှိ လယ်ကူလီ မိဘများထံသို့ မပြန်တော့ဘဲ ပြည်မြို့မှ ရန်ကုန်မြို့သို့ မီးရထားခိုးစီးရင်း လိုက်ပါလာခဲ့သည်။
ကျွန်တော်သည် အောင်သန်း၏ အတိတ်ဘဝမြစ်ဖျားခံရာ တောင်ကြားများကို ဤသို့ တောနင်း ရှာဖွေခဲ့ရသည်။
(၅)
ဗမာနိုင်ငံမြို့တော်ဖြစ်သော ရန်ကုန်မြို့›ကြီး၌ အောင်သန်းသည် နှစ်ပေါင်း အစိတ် သာသာခန့် နေထိုင်ခဲ့သည်။ သို့ရာတွင် သူ့မှာ အိုးအိမ်မရှိ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လည်းမရှိ။ မှီခို အားထားခြင်းပြုရသော ဆွေမျိုးညာတိကာများလည်း မရှိ။ အောင်သန်းသည် နှစ်ပေါင်းအစိတ်မျှ ရန်ကုန်မြို့တော်ကြီး၌ အဘယ်သို့ အသက်ရှင်နေထိုင်ခဲ့လေသနည်း။
ချစ်သော အောင်သန်း၏ ဝတ္ထုသည် ဤနေရာမှ စပေပြီ။
တရက်တာမျှ ဝင်ငွေမရှိလျှင် တရက်တာမျှ နေထိုင်ရန် ကြပ်တည်းခက်ခဲလှသော၊ နေထိုင်ရန် မဖြစ်နိုင်သော ရန်ကုန်မြို့တော်ကြီး၌ အညတြအောင်သန်းသည် နှစ်ပေါင်းနှစ်ဆယ် အစိတ်ခန့်မျှ အဘယ်သို့ အသက်မွေးမြူနေထိုင်ခဲ့သနည်း။ သူသည် အဘယ်သူ့အိမ်၌ အိပ်စက်၍ အဘယ်သူ့အိမ်၌ စားသောက်ခဲ့သနည်း။
အောင်သန်း၌ အသက်မွေးဝမ်းကျောင်း အတတ်ပညာဟူ၍ ဘာမျှမရှိ။ အားခွန်ဗလကို အားကိုး၍ လုပ်ကိုင် စားသောက်ရအောင်ကလည်း သူ့တွင် အားခွန်ဗလမရှိ။ ပိန်လှီသေးကွေးသော လူတယောက်သာ ဖြစ်သည်။ သူသည် အားခွန်ကို ရောင်းစားခြင်းပြုရသော ကျပန်းကူလီ အလုပ်ကို အသက်မွေးမှု အတွက် လုပ်ကိုင်လို၏။
သူ့အား ခေါ်ယူငှားရမ်းရန် အလုပ်ရှင်များကို လည်း မြို့တော်၏ အနှံ့အပြား လိုက်လံရှာဖွေခဲ့ဖူး၏။ သို့ရာတွင် လူစဉ်မမှီသော အောင်သန်းကို အဘယ်သူကမှ မငှားရမ်း မစေခိုင်းလိုကြပေ။
“ရန်ကုန်မြို့ကြီးမှာ မင်းဘယ်ကရလို့ ဘာကို စားနေသလဲကွ အောင်သန်း” ဟု ကျွန်တော်က မေးမြန်းကြည့်မိ၏။
“ဟိုက ဒီက ဒီလိုပဲ ရှာဖွေစားရတာပေါ့ဗျ” ဟု သူက ပေါ့ပေါ့ဆဆ ပြန်၍ပြော၏။
သူ၏ ပေါ့ပေါ့ဆဆပေးသော အဖြေကို ကျွန်တော်သည် လွယ်လင့်တကူ လက်မခံနိုင်ပေ။
“ကောင်းကောင်းပြောစမ်းပါကွ၊ မင်း ထမင်း ဘယ်ကရသလဲဆိုတာ”
“လျှောက်တောင်းစားတဲ့အခါ တောင်းစားရတာပေါ့”
“မင်း ဒီလိုပဲ တောင်းစားတိုင်း စားရသလားကွာ”
“တခါတလေလဲ သူများအိမ်နောက်ဖေးမှာ ပစ်ထားတာတွေ လိုက်ရှာ စားတယ်”
“အေး အေး ပြီးတော့ကောကွာ”
“မစားရတဲ့အခါလဲ ငတ်တာပေါ့”
“မင်း ဘယ်လောက်ကြာကြာများ အငတ်ခံနိုင်သလဲကွ”
“နှစ်ရက် သုံးရက်တော့ ခံရဖူးတယ်”
“ငတ်တဲ့အခါကော မင်းဘယ်လိုရှာစားသလဲ”
“သိပ်ငတ်လာတဲ့အခါ ရတဲ့နေရာက ဝင်ခိုးတာပေါ့”
“မင်းဘာတွေ ခိုးဖူးသလဲဟင်”
“တခါတုန်းက တရုတ်ဆိုင်က ဘဲကင်တကောင် ဝင်ခိုးတာနဲ့ ထောင်ခြောက်လ ကျတယ်”
အောင်သန်းအား အချို့ အကျဉ်းသားများက “အောင်သန်း၊ တွေ့လိုသူ ဘဲမ” ဟူ၍ ထောင်ဝင်စာခေါ်ကာ နောက်ဖူးသော အကြောင်းကို ယခုမှ လိပ်ပတ်လည်မိသည်။
“ဒီ့အပြင်ကောကွာ”
“လွယ်လွယ်ရတာ ခိုးတာပဲ”
“မင်းကို ပုလိပ်ဖမ်းမိတဲ့အခါများ ညှဉ်းသေးသလားကွ”
“အကုန်လုံးဖွင့်ပြောတော့ ပုလိပ်က ဘယ်ညှဉ်းမှာလဲ”
“ခိုးလို့မိတဲ့အတွက် မင်းထောင်ဘယ်နှစ်ခါ ကျဖူးသလဲဟင်”
“အများကြီးပဲ၊ မမှတ်မိတော့ဘူး”
မင်းထောင်ထဲမှာနဲ့ အပြင်ဘက်မှာ ဘယ်သင်းနေချင်သလဲကွာ”
“ဘယ်သင်းမှာမှ မနေချင်ဘူး”
“ဒါဖြင့် ဘယ်မှာ သွားနေချင်သလဲ”
အောင်သန်းသည် ထိုအမေးကို မဖြေတတ်ရှာပေ။ ရန်ကုန်မြို့မှာရော၊ ထောင်ထဲ၌ရော တလှည့်စီ ပြောင်းလွဲ နေထိုင်ခဲ့ရဖန် များလှပြီဖြစ်သော အောင်သန်းသည် နှစ်ခုစလုံးကို စိတ်ပျက်မိဟန်ရှိသည်။ သူ့အား မွေးဖွားခဲ့သော တောအရပ်ဒေသကိုလည်း နာကြည်းမေ့လျော့ နေပြီထင်၏။
ရန်ကုန်မြို့၏ ပန်းခြံများနှင့် လမ်းဘေးပလက်ဖောင်းများသည် နွေရာသီကာလ၌ အောင်သန်း၏ နေထိုင်အိပ်စက်ရာ အရပ်ဒေသများဖြစ်ကြ၍ မိုးရာသီ၌ သူသည် ဆူးလေဘုရား ကုန်းတော်နှင့် မြူနီစပါယ် ရုံး၏ စင်္ကြန်များတွင် စတည်းချလေ့ရှိသည်။ ဤအိပ်ရာနေရာများနှင့် ပတ်သက်၍သူသည် ရန်ကုန် ပုလိပ်အဖွဲ့ကြီး၊ မြူနီစပါယ်ပုလိပ်အဖွဲ့၊ ဆူးလေဘုရားပုလိပ် အဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။ ပန်းခြံများတွင် ဝင်အိပ်လျှင် မြူနီစပါယ်ပုလိပ်များက နှင်ထုတ်၏။ လမ်းဘေးပလက်ဖောင်းတွင် ဝင်ကွေးလျှင် ရန်ကုန်ပုလိပ်များက ရန်ရှာ၏။ ဆူးလေ ကုန်းတော်ပေါ်၌လည်း ဘုရားပုလိပ်များက သူ့ကို မောင်းထုတ်၏။ သူသည် ဤရန်သူ သုံးပါးကို ခုခံကာကွယ်ရင်း အိပ်စက်ရလေသည်။
ရာသီဥတုက နှိပ်စက်၍ဖြစ်စေ၊ အာဟာရနှင့် ဆေးဝါးများ လုံလောက်အောင် မမှီဝဲနိုင်၍ဖြစ်စေ၊ နာမကျန်းသော အခါကာလများ၌ အောင်သန်းသည် ပြည်သူ့ဆေးရုံးကြီးသို့ တက်ရောက်ကုသခွင့်မရပေ။ သူသည် တိရစ္ဆာန်ရုံတွင်းသို့ ကျော်ဝင်ကာ လူသူရှင်းသော ချုံစပ်တခုခုတွင် အရှင်မရှိသော တိရစ္ဆာန်တကောင်လို တိုးဝင်ညည်းတွားနေလေ့ရှိသည်။ ရန်ကုန်မြို့တော်၌ ပြည်သူ့ဆေးရုံနှင့် ဆေးပေးခန်းများ အပြင် အခြားကုသိုလ်ဖြစ်ဆေးရုံ အများ အပြားပင် ရှိကြသည်။ သို့ရာတွင် ထိုဆေးရုံများသည် အညတြအောင်သန်းကိုကား လက်မခံခဲ့ကြ။ သူသည် ရောဂါဘယ၏ နှိပ်စက်ခြင်းကို ပိုင်ရှင်မရှိသော ခွေးဝင်စားတကောင်နှင့်မခြား ခံခဲ့ရသည်။
သမိုင်းတလျှောက်၌ လူသားတို့ နာကျင်ခဲ့ရသော အဖြစ်အပျက်များ အားလုံးကို အောင်သန်း၏ဝတ္ထု၌ အလုံးစုံတွေ့ရှိရသည်။ ပြည်ထောင်စု အစိုးရမင်း ရုံးများစိုက်လျက် နိုင်ငံခြားသံတမန်များ သံတဲများ ဆောက်လုပ်နေထိုင်လျက် ရှိကြသော ရန်ကုန်မြို့တော်ကြီး၌ လျှပ်စစ်မီးများ လင်းထိန်ကာ ယန္တရားယာဉ် အမျိုးမျိုးကို မောင်းနှင်အသုံးချနေကြစဉ်၊ လူပေါ်စဦးခေတ်က ရုန်းကန်နေထိုင်ရသော နည်းအတိုင်း အောင်သန်းသည် အသက်ရှင် နေထိုင် နေရသည်။
မြို့တော်ကြီး၌ သူသည် တော၏ ဥပဒေအတိုင်း လိုက်နာနေထိုင်လျက်ရှိသည်။ သူသည် အသက်မွေးရန် လုံလောက်သော စား-ဝတ်-နေမှုအတွက် အသုံးအဆောင်များကို ထုတ်လုပ်ခြင်း မပြုနိုင်ရှာပေ၊ ရှာဖွေရသည်။ ရှာဖွေမရနိုင်သောအခါ ခိုးဝှက်ယူသည်။ လုယက်ယူသည်။ ထိုအခါ သူ့အား မြို့တော်၏ ယဉ်ကျေးမှုကို အစဉ်သဖြင့် စောင့်ကြပ်လျက်ရှိ သော ရှပ်နက်တပ်သားများက ဝိုင်းဝန်းဖမ်းဆီးကြသည်။ ထို့နောက်တွင် သူသည် သွေးများ စွန်းကွက်ပေကျံနေသော အုတ်ထရံကြီးများအတွင်းသို့ရောက်ရသည်။
ချစ်သောအောင်သန်း၏ ဝတ္ထုသည် ရန်ကုန်ထောင်ကြီးအတွင်း၏ အတွင်းနှင့်အပြင် ဝင်လိုက် ထွက်လိုက် နေခဲ့ရသော အဖြစ်အပျက်နှင့် အကြောင်းအရာများသာဖြစ်သည်။ ရန်ကုန်ထောင်၏ အပြင်၌ သူသည် တိရစ္ဆာန်တကောင်နှင့်မခြား နေရသည်။ ထောင်၏ စခန်းအတွင်း၌ကား သူသည် အကျဉ်းသားလို နေရသည်။ ဤသို့ အောင်သန်း အသက်ရှင် နေထိုင်ခဲ့ရသည်မှာ အနှစ် နှစ် ဆယ် – အစိတ်ခန့်ရှိခဲ့ပေပြီ။ လူ့တသက်ဟူ၍ ခေါ်နိုင်၏။
အောင်သန်းသည် အများနည်းတူ ပခုံးနှစ်ဘက်အကြားမှ ခေါင်းပေါက် လာသူဖြစ်သော် လည်း လူတယောက်မှ ဟုတ်ပါသေး၏လော။ လူဖြစ်နေ၍ လူဟု ခေါ်ရလျှင် လူပေါ်ဦးစက လူသာဖြစ်လိမ့်မည်။
(၆)
အောင်သန်းသည် မေ့လျှော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ထားခြင်းကိုလည်း ခံနေရ၏။
နောက်ဆုံးအပတ် ထောင်ဒဏ် (၂) နှစ်မျှ ကျခံခဲ့ရပြီးနောက် အောင်သန်းသည် သွေးများစွန်းထင်း ညစ်ပတ်နေသော အုတ်ရိုး၏ အပြင်ဘက်သို့ ထွက်သွားရပြန်၏။ သူ့ကို လူရာမသွင်းသော မြို့တော်၌ အဘယ်သို့ ရှာဖွေစားသောက်နေသည်ကား မသိရ။
အုတ်ရိုးအပြင်သို့ထွက်သွားပြီးနောက် သူသည် မကြာမီ အုတ်ရိုးအဝင်ဝသို့လာ၏။ အတွင်းသို့လာ ခြင်းကားမဟုတ်။ ကျွန်တော့်အား သတိရသဖြင့် ထောင်ဝင်စာလာတွေ့ခြင်းသာ ဖြစ်ပေသည်။
သူသည် များစွာပိန်ချုံး၍သွား၏။ ထောင်ထဲမှာတုန်းကကဲ့သို့ မနက်ညမှန်မှန် စားသောက်ရခြင်း ရှိပုံမရ။ သူ့အသားအရည်များလည်း ညှိုးနွမ်းနေသည်။ ညစ်ပတ်နေသည်။ ရေမှန်မှန်မချိုးရတော့ဟန်တူ၏။ သူ၏ အဝတ်အစားများသည်လည်း ညစ်ပေစုတ်ပြတ် လျက်ရှိသည်။
ကျွန်တော့်အား ထောင်ဝင်စာလာတွေ့ရာ၌ သူသည် အမှတ်တရ တရုတ်မုန့်ထုပ်ကလေးတထုတ် ယူလာသည်။ သူ၏ ကြီးမားဖြူစင်သော စေတနာသဒ္ဓါတရားကို ဤသို့ ကြေကွဲဖွယ်ရာ တွေ့ရှိရသည်။
“ရော့ ဆရာ စားဖို့” ဟု သူက တရုတ်မုံ့ထုတ်ကိုပေးသည်။
ရင်ထဲ၌ နင့်သွားရသည်။ အောင်သန်း၏ မေတ္တာနှင့်သဒ္ဓါတရားသည် နှလုံးသားကို လှုပ်ရှားစေသည်။
“မင်းဝယ်လာတာလားကွာ” ဟု ပြန်၍ မေးကြည့်မိ၏။
“ဒီလိုပဲ ရှာလာတာပေါ့” ဟု သူက ပေါ့ပေါ့ပင် ပြောဆိုလိုက်သည်။
တောင်းရမ်းရှာဖွေ၍ လည်းကောင်း၊ ခိုးဝှက်၍လည်းကောင်း၊ နေပြည်တော်၌ စားသောက်နေထိုင်ရသော အောင်သန်းသည် အဘယ်သို့ ဤတရုတ်မုန့်ထုပ်ကို ရှာဖွေလာ သနည်း။ သူသည် တရုတ်ဆိုင် တဆိုင်မှ အလစ်သုတ်လာပုံရ၏။ သူ၏ အစွမ်းသတ္တိဖြင့် စွန့်စား ယူငင်လာရသော ဤမုန့်ထုပ်ကို ကျွန်တော့်အား စားသောက်စေချင်၍ ပေးလျက်ရှိသည်။ ထိုတရုတ်မုန့်ထုပ်ကလေးကို ကျွန်တော်သည် အဘယ်သို့မျို၍ ကျနိုင်ပါမည်နည်း။
လူသားတဦးအပေါ်သို့ တဦးက တုန့်ပြန်တတ်သော မေတ္တာတရားကို ကျွန်တော်သည် လေးလေးနက်နက် ယုံကြည်လာသည်။
“မင်းမုန့်ကို မင်းဘာသာမင်းပဲ စားပါကွာ” ဟု သူ့အား မုန့်ထုပ်ကို ပြန်ပေးရင်း ပြောလိုက်မိသည်။
“ဆရာ စားစေချင်လို့ ကျနော် ခိုးလာတာဗျ” ဟော – အောင်သန်းက ပွင့်လင်းစွာ ပြောလိုက်ပေပြီ။
ရင်ထဲ၌ လှုပ်ရှားသွားမိ၏။ ခိုးရာပါပစ္စည်းအား စားသောက်ရမည့် အရေးကို ထိတ်လန့်၍တော့မဟုတ်။ ကျွန်တော့်အား စားစေချင်၍ ခိုးယူလာသည်ဟု ခပ်ပြောင်ပြောင်ပြော လိုက်သော အောင်သန်း၏ နှလုံးသားကို လေးစား၍ဖြစ်သည်။ သူသည် ဖြူစင်သော လူသား တယောက် ဖြစ်လေသည်တကား။
အောင်သန်းအား ချော့မော့၍ သူ၏ မုန့်ထုပ်ကို ပြန်ပေးရင်း သူ သုံးစွဲဖို့ ငွေနှစ်ကျပ်ပေးလိုက်သည်။ နောက်တပတ်လာတွေ့လျှင် သူ့အတွက် အင်္ကျီ လုံချည်များပေးမည့် အကြောင်းလည်း ပြောလိုက်သည်။
သည့်နောက် အောင်သန်းသည် မကြာခဏဆိုသလို ကျွန်တော့်အား ထောင်ဝင်စာ လာ၍ တွေ့သည်။ သူလာသောအခါတိုင်း ရှာဖွေ၍ရလျှင် သရက်သီးကင်းကလေးများကစ၍ ကျွန်တော်စားဖို့ ရှာဖွေယူလာတတ်သည်။ ထိုသို့ သူလာတွေ့သော အခါတိုင်း သူသုံးဖို့အတွက် ငွေတကျပ်စ နှစ်ကျပ်စ ကျွန်တော်က ပေးလိုက်သည်။
များမကြာမီက သူသည် ကျွန်တော့်အား လာရောက်တွေ့ဆုံကာ ရန်ကုန်မြို့၌ အလွန်တရာ အနေအထိုင်ရ ခက်လာသောကြောင့် တောဘက်သို့ ပြန်ဦးမည်ဟု ထူးထူး ခြားခြား ပြောဆိုတိုင်ပင်လာ၏။ ကျွန်တော်ကလည်း သူ့အတွက် ဘယ်လိုမျှ နေရာချမပေးနိုင် သဖြင့် သူတောသို့ပြန်ရန်အတွက် လမ်းစရိတ် ငါးကျပ်ပေးလိုက်သည်။
ထို့နောက် အောင်သန်းသည် သုံးလကျော်၊ လေးလနီးပါးခန့်မျှ ပျောက်သွားသည်။ သူသည် စိမ်းလန်းသော လယ်ကွင်းများ၌ နွားကျောင်းရင်း ပြွေကြူနေလေပြီဟု အောက်မေ့ထား လိုက်သည်။ သို့ရာတွင် တလောက အင်းစိန်ထောင်မှ ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခံရသော ဘဝတူ အကျဉ်းသားအချို့ထံမှ ပျောက်ကွယ်နေသော အောင်သန်း၏ သတင်းကို ကြားရသည်။ အောင်သန်းသည် မီးရထားခိုးစီး၍ အင်းစိန်ထောင်၌ (၇) ရက်မျှ နေထိုင်သွားရသော သတင်းဖြစ်သည်။ သူသည် တောမှ ပြန်လာပြန်ပြီလော။ အဘယ်ကြောင့်နည်း။ တောအရပ် ဒေသ၌ အနေရသာ၍ ခက်လေသလော။
အင်းစိန်ထောင်မှ လွတ်သွားပြန်သော သတင်းကို ကြားရပြီးနောက် များမကြာမီ အောင်သန်းသည် ကျွန်တော့်အား ထောင်ဝင်စာ လာတွေ့သည်။ သူသည် ပိန်ချုံးသည်ထက် ပိန်ချုံးလျက်ရှိသည်။ ကောင်းစွာ ကျန်းမာပုံလည်း မရပေ။
“မင်း ဘာပြုလို့ တောကပြန်လာရပြန်တာလဲကွ” ဟု ကျွန်တော်က မေးကြည့်ရ ပေသည်။
“တောမှာ သိပ်ဆူတယ်ဆရာရဲ့”
ရှေ့ဆက်၍ ဘာမျှပြောစရာ အကြောင်းကမရှိပေ။ ကျွန်တော်ပြောပြချင်သည့် အကြောင်းများကိုလည်း အောင်သန်းသည် နားလည်လိမ့်မည်မဟုတ်။ ခပ်လှမ်းလှမ်းတွင် စုံထောက်ကလည်း အညတြအောင်သန်းနှင့် စာရေးဆရာ ဗန်းမော်တင်အောင်တို့ စကားပြော နေသည်ကို အကဲခတ်နားထောင်နေ၏။
အိတ်ကပ်ထဲ၌ အခန့်သင့်ပါလာသော ငွေတကျပ်ကို အောင်သန်းအား ပေးပြီး၍ ပြန်ထွက်လာတော့မည်အပြု….. “တကျပ်နဲ့ ဝယ်စားလို့ မလောက်ဘူးဆရာ၊ နောက်တကျပ် ပေးပါဦး” ဟု အောင်သန်းက မတောင်းစဖူး တကျပ်ထပ်၍ တောင်းသည်။
အဘိရာဇာလက်ထက်မှစ၍ ယခုထက်တိုင် ကုလားများနှိပ်စက်ခြင်းကို အောင်သန်း သည် နားလည်ရှာသည် မဟုတ်သော်လည်း လက်တွေ့ဝယ်စားရာ၌ အစစအရာရာ ဈေးတက် နေသော အကြောင်းကိုကား သိလေသည်။ ထို့အတွက် သူသည် ခါတိုင်း တကျပ်နှင့် ဝယ်စား နိုင်သော်လည်း ယခုအခါတွင် တကျပ်နှင့် ဝယ်စား၍ မလောက်သောကြောင့် နောက်ထပ်၍ တကျပ်တောင်းနေခြင်းသာ ဖြစ်သည်။
ကျွန်တော်သည် အသိထောင်မှူးတဦးထံမှ ငွေတကျပ်ချေးကာ အောင်သန်းအား ပေးပြီးနောက် အုတ်ရိုးအတွင်းသို့ ပြန်လှည်၍ ဝင်လာခဲ့သည်။ အောင်သန်းကတော့ ငွေနှစ်ကျပ် ရသွားသဖြင့် အုတ်ရိုးအပြင်သို့ ပြန်ထွက်သွားလေပြီ။
ကျွန်တော်သည် အိပ်ဆောင်သို့ လေးလံထိုင်းမှိုင်းစွာ ပြန်လာရစဉ် အောင်သန်းအတွက် နှင့် ပတ်သက်၍ အမျိုးမျိုးဆက်စပ်တွေးလာခဲ့သည်။
အညတြအောင်သန်းကို တတ်နိုင်သမျှ ကူညီလိုသော ကျွန်တော်သည် လွတ်ရက်မရှိ သေးသော အကျဉ်းသမားတဦး ဘဝ၌ပင် ရှိနေသေးသည်။
မင်းနေပြည်တော်အရပ်၌ စွန့်ပစ်မေ့လျော့ထားခြင်းခံရသော အောင်သန်းအား ကယ်တင်နိုင်သူများနှင့် ကူညီနိုင်မည့် သူများက အောင်သန်းကို ကူညီကယ်တင်ခြင်း မပြုနိုင်သေးမီ ကာလအတွင်း ချစ်သောအောင်သန်းအတွက် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံး အရပ်ဒေသသည်ကား ရန်ကုန်ထောင်သာလျှင် ဖြစ်တော့သည်တကား။
ချစ်သောအောင်သန်း… သင့်အား လူရာမသွင်းသော နေပြည်တော်၌ အရှင်မရှိသော တိရစ္ဆာန်တကောင်ကဲ့သို့ လေလွင့်နေမည်လော။ သင့်အား ဘဝတူများက လေးစားကြင်နာကြသော ထောင်ထဲသို့ ပြန်လာမည်လော။
ဗန်းမော်တင်အောင်
(၂၁၊ ၁၁၊ ၅၅)
ရှုမဝမဂ္ဂဇင်း
http://mayaonlinemagazine.blogspot.com/ မှကူးယူဖေါ်ပြပါသည်။
World focus on Burma (30 March 2009)
.
Outlook: Where Are the Leaders?
Washington Post –
Certainly no one would want to believe that the Zimbabweans and the Burmese deserve their current leaders. Absolute power corrupts absolutely, …
Maldives : Nine websites muzzled by government
Minivan News –
Since coming to power, he has spoken out against 14-year detention of Nobel Laureate Aung San Suu Kyi by the Burmese military authorities and announced he …
MYANMAR – Karen Christians Face Joint Army and Buddhist Onslaught

The Seoul Times –
CSW issued the following statement which is that “We call on the UN Security Council to impose a universal arms embargo on the regime in BurmaMyanmar) and … (
Immediate talks unlikely between NMSP and junta
Mizzima.com –
Meanwhile, Thailand’s Foreign Minister Kasit Piromya said last week that he was asked by the Burmese junta in his last trip to the neighboring country to …
EU €1 billion “Food Facility” for developing countries …
ReliefWeb (press release) –
… Bangladesh, Burkina Faso, Burma/Myanmar, Burundi, Central African Republic, DR Congo, Cuba, Eritrea, Ethiopia, Gambia, Guinea Bissau, Haiti, Honduras, …
On Anti-Semitism, Boycotts, and the Case of Hermann Dierkes: An …
Alternative Information Center (AIC) –
Social justice movements have often called for boycotts or divestment, whether against the military regime in Burma or the government of Sudan. …
CANCELLED: Public lecture: Alan Clements – national tour on Human …
UQ News –
His interviews with Aung San Suu Kyi and speaking tours around the world demonstrate with startling clarity and even humour, how hope can be turned into …
Burma political prisoners jailed for wearing white

Mirror.co.uk –
“The junta is guilty of wholesale breaches of human rights, and the continued oppression of those working to bring democracy and the rule of law to Burma …
Tata Motors setting up heavy trucks unit in Myanmar
domain-B –
(See: Tata Motors plans more acquisitions; to raise $1 billion overseas) India’s bilateral trade with Burma for 2007-08 was $901.3 million while Myanmar’s …
Rights group demands migrant compensation
Mizzima.com –
Monday’s statement, forwarded to the UN Special Rapporteur Homayoun Alizadeh, United Nations High Commissioner for Human Rights (OHCHR)’s Regional …
Indonesia: a steady democratic light in a dark Southeast Asian tunnel
Vancouver Sun –
Burma is now even more disgusting than usual as both India and China wiggle their hips at the bone-headed generals in charge while mewling for the keys to …
Burma again chastised for lack of religious freedom
Mizzima.com –
Following the nationwide uprising of 1988, and principally after passage of the 2003 Burma Freedom and Democracy Act, the United States has maintained …
Radio is a sound salvation
Asia Pacific Media Network –
In a losing battle, they fought to preserve the forests on both sides of the border as well as promote good governance and human rights inside Burma. …
State Department Releases Religious Freedom Blacklist
Christian Today — Australia –
Former Secretary of State Condoleezza Rice re-designated the same eight countries named in 2006 – Burma, Eritrea, Iran, North Korea, the Peoples Republic of …
Texas Tech theater department presents ‘Raider Red’s One Act Play …
The Daily Toreador (registration) –
… from different time periods who are searching for peace and forgiveness. Lelanuj said the play was influenced by a woman named Aung San Suu Kyi from Burma.










