၁။ သူမဟာနေရပ်စွန့်ခွာရွှေ့ပြောင်းရသူတစ်ဦးဖြစ်တယ်။ သူမရဲ့နေရပ်ကို မစွန့်ခွာခင် နောက်ဆုံးညမှာ အဲဒီမှာရှိတဲ့ ဟိုတယ်တစ်လုံးမှာ သူမ အိပ်ခဲ့တယ်။ အဲဒီညက အဲဒီဟိုတယ်မှာ သူမတစ်ယောက်ထဲ သွားရောက်အိပ်စက်ခဲ့တာ ဖြစ်တယ်။ အဲဒီမတိုင်ခင်တုံးကတော့ အဲဒီဟိုတယ်မှာ သူမ သွားရောက်အိပ်စက်တိုင်း သူမနဲ့အတူတူ အဖော်တစ်ယောက်ယောက်ပါလေ့ရှိတယ်။ သူမရဲ့အလုပ်အကိုင်က အခကြေးငွေယူပြီး ယောကျ်ားတွေနဲ့ အိပ်စက်တာဖြစ်တယ်။ သူမရဲ့စားသုံးသူတိုင်းကို လုံခြုံရေးအကြောင်းပြပြီး အဲဒီဟိုတယ်တစ်ခုထဲဆီကိုပဲ ခေါ်ယူချိန်းဆိုလေ့ရှိတယ်။ နောက်တော့လည်း အဲဒီမြို့ကို သူမစွန့်ခွာဖို့ အကြောင်းဖန်လာတယ်။ အဲဒီနေ့က ကော်ဖီဆိုင်တဆိုင်မှာ ထိုင်နေရင်း မျက်နှာကြက်မှာလည်နေတဲ့ပန်ကာကို သူမ ကြည့်နေတယ်။ နောက်တော့ သူမ အကြည့်က နံရံမှာ ရှိနေတဲ့ ထားကျွန်မ အကြောင်းကံဆိုတဲ့ စာတန်းဆီကို ရောက်သွားတယ်။ အဲဒီစာတန်းကို ပန်းချီဆရာနဲ့သေချာရေးထားတာဖြစ်ပြီး ရှေးလွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ဆင်ယင်ထုံးဖွဲ့မှုမျိုးနဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ပုံကိုလည်း အဲဒီစာတန်းနားမှာ ရေးချယ်ထားတယ်။ နောက်တော့ ကော်ဖီဆိုင်မှာ ဖတ်ဖို့ချထားပေးတဲ့ သတင်းစာတစ်စောင်ထဲမှာပဲ အဲဒီသတင်းဆောင်းပါးကို သူမ တွေ့သွားခဲ့တယ်။ သတင်းဆောင်းပါးထဲမှာ အဲဒီမြို့ရဲ့ ဇီဝစနစ်မျှခြေကို ထိန်းထားပေးတဲ့ ပိုးကောင်တစ်မျိုး မျိုးတုံးတော့မယ်လို့ ရေထားတယ်။ အဲဒီပိုးကောင် မျိုးတုံးတာနဲ့ မြို့ဟာလည်း တဖြည်းဖြည်း ပျက်စီးသွားလိမ့်မယ်။ မြို့ကို စွန့်ခွာဖို့ သူမ ဆုံးဖြတ်လိုက်တယ်။ ဟိုတယ်ခန်းမှာ တစ်ယောက်ထဲလှဲလျောင်းနေရင်း သူမနဲ့ အိပ်စက်ခဲ့တဲ့ ယောကျ်ားတွေအကြောင်းလည်း ပြန်စဥ်းစားကြည့်တယ်။ သူတို့ကို ပြန်မြင်ယောင်တာ၊ သူတို့နဲ့ပြောခဲ့တစကားတွေကို ပြန်သတိရတာမျိုးတော့မဟုတ်ဘူး။ သူမ စုပ်ခဲ့တဲ့ သူတို့လီးတွေကို ပြန်တွေးကြည့်ရင်း အဲဒီအချိန်မှာ အဲဒီလူတွေဖြစ်သွားတဲ့မျက်နှာတွေကို ပြန်ပုံဖော်ကြည့်တာမျိုးပဲ။ ပြီးတော့ အရည်တွေရဲ့ မတူခြားနားတဲ့အရသာ။ အခုသူမရောက်နေတဲ့နေရာမှာတော့ အရာရာဟာ နှေးကွေးတယ်။ နေဟာ မြစ်ရဲ့တစ်ဖက်ကမ်း တောင်ကုန်းတွေနောက်ကို ဝင်သွားတာကို မြင်ရတယ်။ ညနေဆိုရင် မြစ်လယ်က သောင်ပေါ်မှာ ကောင်မလေးတေ စုစု စုစု လုပ်နေလို့ ဘာလဲဆိုပြီး သူမ စူးစမ်းကြည့်တယ်။ သူတို့တွေက မြစ်လည်သဲသောင်ပြင်မှာ တွင်းကလေးတွေ တူးကြတယ်။ ပြီးတော့ စိမ့်ထွက်လာတဲ့ရေကို ခပ်ကြတာ။ ရေရှားလို့လားလို့ မေးတော့ မဟုတ်ဘူးတဲ့။ ဒီဒေသမှာ ကုန်းပေါ်မှာ ရေတွင်းက ထွက်တဲ့ရေရဲ့အရသာက ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်။ အဲဒါကြောင့် မြစ်ထဲမှာ ထွန်းနေတဲ့ သဲပြင်ပေါ်မှာ လက်ယက်တွင်းတူးပြီး ရေခပ်ကြတာ။ အခုဆိုရင် ညနေ ညနေ နေဝင်ချိန်လာကြည့်ရင် သူမလည်း ရေသန့်ဘူးနှစ်ဘူးယူလာတယ်။ နေက အနောက်ဖက်က တောင်ပေါ်က ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘုရားရဲ့နောက်ကို ဝင်သွားတယ်။ သူမနဲ့ မျက်မှန်းတန်းမိနေတဲ့ ကောင်မလေးတစ်ယောက်ယောက်က သူမရဲ့ဘူးတွေကို ရေဖြည့်ပေးတယ်။
၂။ မြို့ကလေးရဲ့ လမ်းမီးတွေက ခရမ်းရောင်။ လမ်းတွေက lane ၃ ခုရှိတယ်။ အိမ်ကနေ ထွက်သွားနေတဲ့သူတွေအတွက် lane တခု အိမ်ပြန်နေတဲ့လူတွေအတွက် lane တခု။ ရပ်တန့်ချင်တဲ့သူတွေအတွက် အလယ်မှာ တ lane သပ်သပ်ရှိတယ်။ ပျော်ရွှင်ဖွယ်ရာ မှန်သမျှကို အပြုံးနဲ့ ဝယ်လို့ရတယ်။ ပျော်ရွှင်ဖွယ်ရာလို့ မြို့ရဲ့လမ်းညွှန်မှာ ဖော်ပြထားတာတွေက ရေခဲမုန့်၊ သတင်းစာ၊ နေကြာစေ့နဲ့ ချောဆီတို့ဖြစ်တယ်။
ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၂ရာကျော်နိမ့်တဲ့ ဒီမြို့လေးကို ချစ်သူရဲ့ ဖိတ်ကြားချက်ကြောင့် သူရောက်လာခဲ့တာ။ ဘူတာရုံကနေ မြို့ဆီကိုသွားတဲ့ လမ်းအတိုင်း သူလျှောက်လာတယ်။ လမ်းညွှန်မှာ ပါတဲ့အတိုင်း ထိုက်သင့်တဲ့အပြုံးကို ပြုံးပြီး ရေခဲမုန့်တစ်ခုကို သူရယူတယ်။ ရေခဲမုန့် မကုန်တကုန်လောက်မှာ အလယ်က lane တနေရာမှာ ရပ်စောင့်နေတဲ့ ချစ်သူကို သူတွေ့လိုက်တယ်။
သူတို့နှစ်ယောက် လမ်းထောင့်တခုကို ရောက်တော့ သူ့ချစ်သူက ရပ်လိုက်တယ်။ အဲဒီမှာ လူတယောက်က ချယ်လို တီးနေတယ်။ သူ့ချစ်သူက အဲဒီလူကို နမ်းလိုက်တယ်။ ဒီမြို့မှာက လမ်းဘေးမှာ တခုခုကို အခုလိုဖျော်ဖြေတယ်ဆိုတာက အနမ်းခံချင်လို့ပဲတဲ့။ ပြောရင်းနဲ့ သူမက နောက်ကိုခြေတလှမ်းဆုတ်ပေးလိုက်တယ်။ သူက သူမရဲ့နေရာကို ဝင်ရပ်လိုက်တော့ ချယ်လိုသမားရဲ့ နှုတ်ခမ်းမွှေးတွေက သူ့ပါးစပ်ထဲဝင်လာတယ်။
သူမရဲ့အိမ်အဝင်ဝမှာ ပန်းစည်းတစည်းကို ချထားတယ်။ အဲဒီပန်းစည်းနဲ့ ခြေသုတ်ပြီးမှ အိမ်ထဲကို ဝင်ရတယ်။ သူမ ပြင်ဆင်ထားတဲ့ ညစာက သူ့ကို တခြားတနေရာက တခြားနှစ်တချို့ဆီ ပြန်လည်ခေါ်ဆောင်သွားတယ်။ အဲဒီတုံးက သူတို့နှစ်ယောက်ရဲ့ အိမ်ပြန်နောက်ကျတဲ့ညတွေကျော်လွန်ပြီး နောက်တနေ့ရဲ့နေ့လယ်ခင်းတွေမှာ နံနက်စာနဲ့နေ့လယ်စာ ပေါင်းစားဖို့ တခုခု သူ ချက်ပြုတ်လေ့ရှိတယ်။ အခုသူမ ချက်ထားပြုတ်ထားတာတွေက အဲဒီတုံးက သူ့ရဲ့ recipe တွေပဲ။
၃။ အဲဒီမြို့မှာ ဖားတွေခပ်ရှည်ရှည်၊ မြွေတွေက ခပ်လုံးလုံး။
(က)
မြို့ထဲကလူတွေ သင်္ချိုင်းက ပြန်ရင်သုံးတဲ့ ဖြတ်လမ်းလေးရှိတယ်။ အဲဒီလမ်းလေးဘေးမှာ မြန်မာအက္ခရာတွေနဲ့တူတဲ့ ပန်းတွေပွင့်နေတတ်တယ်။ လမ်းကကျဥ်းတော့ အဲဒီလမ်းလေးကို အသုဘပို့ဖို့သုံးလို မရဘူး။ အသုဘပို့တာမဟုတ်ပဲ သင်္ချိုင်းဆီ သပ်သပ် အလည်အပတ်သွားချင်တာဆိုရင်တော့ သုံးလို့ရတယ်။ အဲဒီလမ်းမှာ ခပ်လုံးလုံးမြွေတွေ တွေ့ရတတ်တယ်။ မြွေတွေကလုံးပတ် ၄-၅လက်မလောက်နဲ့ အလျား ၆လက်မလောက်ပဲရှိတယ်။
ဒီအရေးအသားမှာ အဓိက ဇာတ်လိုက်က မြို့နယ် ငြိမ်ဝပ်ပိပြားရေးကော်မတီ အတွင်းရေးမှူး။ သူက သူ့ဖာသာ အရက်ချက်ပြီးသောက်တယ်။ သူရက်ချက်တဲ့အနံ့က အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ်ဆိုသလိုမျိုး သင်းပျံ့နေတယ်။
သူမြွေကိုက်ခံရပြီး မကြာခင် သူ့အိမ်ကို သူ့ခယ်မရောက်လာတယ်။ သူ့ခယ်မက သူ့အိမ်ရှေ့ဝရန်တာမှာ ခြေသလုံးတွဲလွဲချပြီး ဝတ္ထုထိုင်ဖတ်လေ့ရှိတယ်။ သူခယ်မကို သူတို့ဘေးအိမ်က တက္ကသိုလ်ကျောင်းသားက ကြိုက်တယ်။ တက္ကသိုလ်တွေ ပိတ်ထားတော့ အဲဒီဘဲက သူ့အဖေခြံထဲက ကျွဲကောသီးတွေပဲ ထိုင်ရောင်းနေတာ။ အတွင်းရေးမှူးရဲ့ခယ်မရောက်လာပြီးတော့ ဟိုအဘိုးကြီးခြံထဲက ကျွဲကောသီးတွေလည်း အမှည့်လွန်ကုန်တယ်။ ကျွန်တော်တို့ သတင်းကြားလို့သွားကြည့်တော့ ဟုတ်တယ်။ ခြံထဲမှာ ကျွဲကောသီးတွေက အမှည့်လွန် ပျော့တွဲကျပြီး အရှည်ကြီးတွေ ဖြစ်နေတယ်။ အဲဒီထက်ပိုဆိုးတဲ့ တချို့ကျွဲကော်သီးတွေဆို မြေကြီးပေါ်မှာ ချောင်းသေးသေးလေးတစ်ခုလိုတောင် စီးနေတယ်။
တစ်နေ့တော့ သူ့ခယ်မ ရုတ်တရက်ဆုံးသွားတယ်။ အသုဘမြေသတင်းမေးလားတဲ့လူတွေကို ကော်မတီ အတွင်းရေးမှူးက မုန့်ပျစ်စလက်ကျွေးတယ်။ သူ့အစ်မက လမ်းဆုံလမ်းခွတိုင်းမှာ ခေါင်းလောင်းတွေ လိုက်ချိတ်တယ်။ သူ့ညီမကို သတိရတဲ့အထိမ်းအမှတ်နဲ့ပေါ့။ နောက်ပြီး သူ့ယောကျ်ားနဲ့ လိင်ဆက်ဆံတာကိုလည်း ရပ်လိုက်တယ်။
ကော်မတီ အတွင်းရေးမှူးကတော့ အရက်ပဲ ဆက်သောက်တယ်။ သူ့ခယ်မ ဖတ်လက်စ မေငြိမ်းရဲ့ မီးခိုးငွေ့ မီးခိုးမျှင်ဆိုတဲ့ စာအုပ်ကို သူပြီးအောင်ဆက်ဖတ်တယ်။ စာအုပ်ဆုံးသွားတော့ သူပျင်းသွားတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ တက္ကသိုလ်ကျောင်းသားပေးတဲ့ အကြံကို ယူပြီး သူ့ရာထူးကြောင့်ရတဲ့ ဓာတ်ဆီခွဲတမ်းတွေကိုရောင်းတယ်။ ရတဲ့ပိုက်ဆံနဲ့ Sharp တံဆိပ် တီဗွီတစ်လုံးကို သူဝယ်တယ်။ Pal or NTSC မှာ Pal ကို အရင်ရွေးလိုက်တော့ အဖြူအမည်းအရုပ်တွေပဲထွက်လာတယ်။ NTSC ကို ပြောင်းလိုက်မှ အဆင်ပြေသွားတယ်။
တီဗွီမှာ ဖားစည်အကြောင်း documentary လာနေတာ သူတွေ့တယ်။ အရင်တုံးက ကရင်အကြီးအကဲတွေ သေရင် မိန်းမတွေ အစေခံတွေ ပစ္စည်းဥစ္စာတွေပါ ထည့်သွင်း မြှပ်နှံကြတယ်။ အခုတော့ စတိလောက်ပဲ လူဆိုရင် ဆံပင်၊ ဖားစည်လိုပစ္စည်းဆိုလည်း အစအနလောက်ပဲ ထည့်မြှပ်ကြတော့တယ်။ ဒီအကြောင်း ကော်မတီ ဥက္ကဌကို သူ ပြန်ပြောပြတော့ ဒါဟာ အစစ်အမှန်ကနေ သင်္ကေတကို ဦးတည်သွားတာပဲလို့ ဟိုလူကမှတ်ချက်ချတယ်။ အဲဒါမျိုးက လူတော်တော်များများကို စိတ်သက်သာရာရစေပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ထိခိုက်စရာပဲလို့ ဥက္ကဌလုပ်သူက ထပ်ပြောသေးတယ်။
အဲဒီအချိန်က ကော်မတီဥက္ကဌနေရာကို စစ်တပ်က ဗိုလ်ကြီးတွေ ကိုင်ထားရာက အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးတွေကို လွှဲပေးခါစအချိန်ပဲ။ တနေ့တော့ ရေထုတ်ပြွန်တစ်ခုပိတ်နေတယ်ဆိုလို့ ဥက္ကဌနဲ့ အတွင်းရေးမှူးနှစ်ယောက်သား စစ်ရဆေးရအောင် သွားကြတယ်။ ရေမရလို့ ရေကန်ထဲက ရှင်ဥပဂုတ်ကျောင်းရော နဂါးရုံဘုရားပါ ကုန်းခေါင်ခေါင်မှာ ကြောင်တောင်တောင် ဖြစ်နေတယ်။ တန်ဆောင်းထဲမှာ ဘဲတစ်ပွေ တရားထိုင်နေတယ်။ အဲဒီလူက ရှမ်းကမ်းက ပြန်လာပြီး အေအိုင်ဒီအက်စ်ဖြစ်နေတာလို့ ပါလာတဲ့ တပည့်တွေထဲက တစ်ယောက်က သူတို့နှစ်ယောက်ကို ပြောတယ်။
အဲဒီမြို့မှာ စာသင်ခန်းထဲ တယောထိုးပြီး ဝင်လာတတ်တဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ ဆင်းရဲသောမိဘတွေရဲ့ စာတော်သော သားတွေရော၊ သမီးတွေပါ ရှိတယ်။ နောက်ပြီး လိင်တူဆက်ဆံတဲ့ ဘဲဥသည် အမျိုးသမီးနှစ်ယောက်ရှိတယ်။ သူတို့လီးတုသုံးတဲ့အကြောင်းက အထကကျောင်းသားတွေကြားမှာ ရေပန်းစားတယ်။ မျက်စိမမြင်တဲ့ သူတောင်းစားတစ်ယောက်လည်း ရှိတယ်။ ဒါပေမယ့် သူက ဘယ်တော့မှ တောင်းမစားဘူး။ သူ့မိန်းမက သူ့ကိုယ်စား လိုက်တောင်းပေးတယ်။ အဲဒီမြို့မှာ စခန်းမှူးက သွားဆရာဝန်လည်း ဖြစ်တယ်။ တခါတော့ သူစိတ်ပါရင် လက်ထိုးရုပ်သေးပြသူတတ်သူ ရေခဲစက်ပိုင်ရှင်ရဲ့ တမိသားစုလုံး အစာအဆိပ်သင့်ပြီး ဆုံးသွားတယ်။ ရေခဲစက်ပိုင်ရှင်တယောက်ပဲ ကျန်ခဲ့တော့ သူ အဖမ်းခံရတယ်။ စခန်းမှူးလက်မှာ Incisor တွေကုန်တဲ့အထိ အဲဒီလူက ဝန်မခံဘူး။ အဲဒီနောက်ပိုင်း လက်ထိုး ရုပ်သေးလဲ သူ ဘယ်တော့မှ မပြတော့ဘူး။ သူ့ မိသားစုရဲ့ အလောင်းတွေကို ပြန်ဖော်ပြီး စစ်ဆေးတော့ တမြို့လုံး အပုပ်နံ့တွေ လှိုင်နေတာပဲ။ ကော်မတီအတွင်းရေးမှူးရဲ့ ချက်အရက်နံ့ထက်ဆိုးတယ်။
(ခ)
နောက်တော့ သူတို့အားလုံးတွေ့ရတယ်။ ရေထုတ်ပြွန်ပိတ်နေတာ ဖားတွေကြောင့်။ ဖားတွေက အရှည်ကြီးတွေ။
မိုးဆတ်