Feeds:
Posts
Comments

Archive for April, 2011

၂၀၀၇တုံးက မြစ်ထဲခုန်ချဖို့ သူစိတ်ကူးနေခဲ့တယ်..ဘ၀မှာ နေ့တိုင်းဟာ အရေးကြီးမနေဘူးဆိုတာ သူ့ကို မနည်းပြောပြရတယ်.. နောက်တော့လည်း ဘုန်းကြီးအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းက သူ့ကို သယ်ဆောင်သွားခဲ့တယ်..အနုပညာဓာတ်ခံရှိတဲ့လူတွေရဲ့ ထုံးစံအတိုင်း သူ့ရင်ထဲမှာ မိန်းမတယောက်ကို အကြာကြီး နေရာမပေးဘူး..နေရာမပေးဘဲလည်း အကြာကြီးမနေဘူး..မူးလာရင် (ရမ်ခေတ်တုံးက တစ်ပိုင်း..၀ီခေတ်ရောက်တော့ ဟိုက် ခြောက်ပက်ဆိုရင် သူမူးလေ့ရှိတယ်) သူငယ်ချင်းဆိုတာ အချင်းချင်း judge မလုပ်ရဘူးလို့ ပြောလေ့ရှိတယ်..လူဖြစ်တဲ့သူ့မှာ လူရိုသေရှင်ရိုသေဖြစ်ချင်စိတ်လေးတော့ ရှိတယ်..ဒါပေမယ့် ၁၉၉၀ပြည့်နှစ်များမှာ လူလားမြောက်သူပီပီ အဲဒီစိတ်လေးကို အတင်းဖုံးထားရှာတယ်..ဆေးပေါ့လိပ်ပြာတွေ သူခိုနားနေတဲ့ ဂျာနယ်တိုက်ရဲ့ကောဇောပေါ် ချွေချွေချရင်း ငါဟာ fifth element ပါကွာလို့ ဆိုတယ်..ဒီအဆိုကို သူ့ဘလော့မှာ ဟစ်ကောင့်ဘယ်လောက်ရှိသလဲ နေ့တိုင်းအင်တာနက်ဆိုင်ပြေးကြည့်နေတာက ငြင်းဆိုတယ်..ကလေးတွေကတော့ ဒီလိုပဲ စားပွဲတွေကြား ပြေးလွှာနေမှာပဲပေါ့..မင်းလည်းတစ်နေ့လေးနာရီလောက် ဟောလီးဝုဒ်ရုပ်ရှင်တွေကြည့်လာတာပဲ ဒါတွေသိပါတယ်ပြောပြီး ဖြောင်းဖြရတယ်..နောက်တော့လည်း တွဲဘက်ကျောင်းတစ်ခုမှာ ဆရာလုပ်မယ်ဆိုပီး နယ်ဘက်ထွက်သွား..ရန်ကုန်ပြန်ရောက်တဲ့အခါ နေပြည်တော်အောက်က ကော်ဖီဆိုင်ထိုင်ဟိုဒီပြောကြ..ညနေစောင်းတော့သူ့ကိုမjudgeကြတဲ့သူတွေပဲ သူမပီးမော်ရွှေလီချီတက်..တခါတော့ ဦးပေါ်ဦးမသာချတဲ့ပုံဟာ မြန်မာ့ပထမပါဖောင်းမင့်ဆိုပြီး ဆောင်းပါတပုဒ်ရေးယူလာလို့ တောင်းယူထားပြီး ဖျောက်ပစ်လိုက်တယ်..ဒီသင်္ကြန်တော့ ဆံပင်တွေဆေးဆိုးပီး ပေါက်ချလာတယ်.. ကွန်ယက်ထဲ ၀င်မယ်ပြောတယ်..ယောက်လမ်းထဲမှာ စစရ ရှိသေးလားမေးတယ်..

၁။ Troll Story, André Øvredal

၂။ Fifth Element, Roberson Davies

 

မဆ

Read Full Post »

ဖိုင်တွဲ

သူ့တစ်သက်လုံး ကျွမ်းကျွမ်းကျင်ကျင်လုပ်ခဲ့သည်အလုပ်မှာ ဖိုင်တွဲသည့် အလုပ်ဖြစ်သည်။ ယခုသူ့အသက် ငါးဆယ်ကျော်ပြီ။ သူ၏ ဖိုင်တွဲသက်မှာလည်း နှစ်သုံးဆယ်ခန့်ရှိပေပြီ။ ရှစ်ဆယ့်ရှစ်ခုနှစ်၏ ဟိုဘက်တုံးက သမ၀ါယမဆိုင်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ထိုစဉ်ကတည်းက သူ၏ အဓိကတာဝန်မှာ ဖိုင်တွဲခြင်းပင်။ ဖိုင်တွေတွဲရင်းနှင့်ပင် မြမြကြည်နှင့်တွေ့ခဲ့သည်။ မြမြကြည်နှင့် သူအပေးအယူလုပ်ခဲ့သည် စာတွေကိုလည်း သူဖိုင်တွဲထားခဲ့သည်။ မှတ်မှတ်ရရ မင်္ဂလာဆောင်ဖိတ်စာအစောင်နှစ်ရာရိုက်ခဲ့ရာ ပိုသည့်အစောင်နှစ်ဆယ်ကိုလည်း ဖိုင်တွဲထားခဲ့သည်။ ရှစ်ဆယ့်ရှစ်ကာလအတွင်း ထွက်သမျှကမ်းသမျှ စာစောင်တွေကိုပင် ဖိုင်တွဲထားခဲ့သေးသည်။ တစ်ရက်တော့ အဲဒီဖိုင်တွဲကို မြမြကြည်တွေ့သွားပြီး ရှင်းပစ်လိုက်ပုံရသည်။ သူလည်းသမဆိုင်အလုပ်ပြုတ်သွားပြီး အသိတစ်ယောက်၏ ကုမ္ပဏီတွင် အလုပ်ဝင်လုပ်သည်။ အစပိုင်းတော့ အဆင်ပြေသည်။ ရုံးအတွက် ဟိုဝယ်ဒီဝယ်တောက်တိုမယ်ရအလုပ်များ လုပ်ပေးရသည်။ ဖိုင်ကတော့ တွဲရမြဲပင်။ အဲဒီမှာလုပ်နေရင်း သုံးလေးနှစ်လောက်အကြာတွင် သူ့အတွက် ပြဿနာပေါ်လာသည်။ စာရွက်စာတမ်းများကို ဖိုင်တွဲရုံသာမက ကွန်ပျူတာများဖြင့် စာရင်းသွင်းသိမ်းဆည်းလာသောကြောင့်ဖြစ်သည်။ တကယ်တမ်းက အဲဒီအချိန်တုံးက လေးဆယ်မပြည့်သေးသော သူ့အသက်အရွယ်ဖြင့် ကွန်ပျူတာအခြေခံသင်တန်းလေးဘာလေးတက်ဖို့ ရုံးက တိုက်တွန်းသေးသည်။ သူက သင်တန်းလည်းမတက်တော့၊ အလုပ်ကပါ ထွက်လိုက်သည်။ အလုပ်မလုပ်ဘဲ အိမ်မှာနေတော့ အတော်နေရထိုင်ရခက်သည်။ မြမြကြည်က အိမ်ဆိုင်လေးထွက်တာမို့ စားရေးသောက်ရေးက သိပ်မပူရ။ အရင်က ၀က်သားနီချက်လေး တစ်ပတ်တခါလွေးရကနေ နှစ်ပတ်တခါ ဖြစ်သွားတာလောက်ပဲ သိသာသည်။ ခက်တာက ဖိုင်မတွဲရတာပဲဖြစ်သည်။ သူ့မှာအာသာပြေ ဖိုင်တွဲစရာ သတင်းစာပဲရှိသည်။ နောက်တော့ ကံအားလျော်စွာ အဖွဲ့အစည်းတစ်ခုမှာ သူအလုပ်ရပြန်သည်။ ဒီတခါတော့ တိုင်း၍ယက်သည့် ပက္ကလာဆိုတာမျိုးပင်။ အဆိုပါအဖွဲ့အစည်းမှာ ခေတ်မီကွန်ပျူတာများ အသုံးပြုသော အဖွဲ့အစည်းပင်။ ယခင် ကုမ္ပဏီမှာထက် ပိုဆိုးသည်က စာပေးစာယူပင်သိပ်မလုပ်ကြတော့ပဲ အီးမေးဆိုသည့်ဟာကို အသုံးပြုကြခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအဖွဲ့အစည်းမှာ အစိုးရဌာနများနှင့် များစွာဆက်ဆံရသည်။ ထိုအခါတွင်မူ ကွန်ပျူတာအသုံးပြု၍မဖြစ်ပြီ။ အီးမေးဆိုတဲ့ဟာတော့ ဝေလာဝေး။ သူ သမဆိုင်မှာလုပ်စဉ်ကကဲ့သို့ပင် ပေးစာများ၊ အစီရင်ခံစာများ၊ မူရင်းစာများ၊ မိတ္တူစာများ၊ ကန့်သတ်များ၊ လျှို့ဝှက်များ၊ အမိန့်များ၊ စာချုပ်များ စသည်စသည်ဖြင့် ..  သူ့အတွက်တော့ တွဲလိုက်စမ်းဟ တစ်ဖိုင်ပြီးတစ်ဖိုင်ပင်။ သူကတော့ ရုံးစာများသာမက ရုံးမှ ၀န်ထမ်းများ ၀ယ်ယူဖတ်ရှုပြီး ဟိုပစ်ဒီပစ် ဖြစ်သလိုထားသော ဂျာနယ်များစာစောင်များကိုလည်း စေတနာဗလပွဖြင့် လိုက်ပြီးဖိုင်တွဲပေးသည်။ လျှပ်တပြက်က တစ်ဖိုင်၊ အီလဲဗင်းက တဖိုင်၊ မှုခင်းသတင်းက တစ်ဖိုင်။ ရုံးက သူ့ဆရာမန်နေဂျာပင် သူတွဲထားသော ဖိုင်အတွဲလိုက်ကို အိမ်သို့ ဖတ်ရန်ယူသွားတတ်သည်။ ရုံးမှာ ဖိုင်တွဲပြီး ပြန်အလာ အိမ်ရောက်လျှင်တော့ မြမြကြည်ချက်ပေးသော ၀က်သားနီချက်လေးကို မန်ကျည်းရွက်ဟင်းချိုလေးနှင့် အားရပါးရလွေးသည်။ စားပြီးသောက်ပြီးလျှင် မြမြကြည်နှင့်အတူ ဆိုင်တစ်ဘက် ကိုရီးယားကားတစ်ဘက်ကြည့်ကြသည်။ တခါတလေ မြမြကြည်က သူ့ကို ဆိုင်အစောင့်ခိုင်းတတ်သည်။ သူမက ကားတစ်မှတ်တိုင်စီးပြီး ဟိုဘက်ရပ်ကွက်ရှိ ကွန်ပျူတာအင်တာနက်ဆိုင်သို့ သွားသည်။ ထိုဆိုင်တွင် ဆိုင်ရှင်ကောင်မလေးက  ကွန်ပျူတာဖွင့်ပေးပြီး မြမြကြည်က နားကြပ်ကြီးတပ်ကာ မလေးရောက်နေသော သားတော်မောင်နှင့် စကားပြောကြသည်။ သူကတော့ ပြတ်သည်။ သားနှင့်စကားပြောရအောင် တခါမှ လိုက်မသွား။ တကယ်တမ်းက သူ့သားကို လေဆိပ်ပို့ကတည်းက သူကမှာလိုက်ပြီးသား။ သူ့ထံစာမှန်မှန်ရေးရန်။ သူ့သားကလည်း သူ့ဆီစာမှန်မှန်ရေးသည်။ သူကလည်း သူ့သားပို့သောစာများကို တစ်စောင်မကျန် ….

Read Full Post »

ကျွဲ

ရေချိုးရင်း လောင်းချလိုက်တဲ့ ရေခွက်တွေကို ရေတွက်နေမိတယ်။ ရေချိုးရင် ရေခွက်တွေကို ရေတွက်နေမိတဲ့ အကျင့်ကို သူဘယ်တုံးက စရခဲ့သလဲသူမမှတ်မိတော့ဘူး။ ရေချိုးခန်းကမထွက်ခင်ကလေးမှာ ဘယ်လိုကဘယ်လို ညီညီအောင့်ဆီ စိတ်ရောက်သွားမှန်းမသိဘူး။ ညီညီအောင့်အကြောင်းရေးမယ်လို့ တေးထားတာ ဒီတခါတော့ ရေးဖြစ်အောင်ရေးမယ်လို့ စိတ်ထဲဖြစ်လိုက်မိတယ်။

တကယ်တော့ ညီညီအောင်အကြောင်းပြောမယ်ဆိုရင်တော့ ဟို..သတင်းကြီးတဲ့ ရွှေမင်းသမီးဆီကပဲစရမယ်။ ရွှေမင်းသမီးက အဲဒီတုံးကတော့ မင်းသမီးပေါက်စတောင် မဖြစ်သေးဘူး။ ကြော်ငြာလေးတစ်ခုတစ နှစ်ခုစတော့ ရိုက်ဘူးနေပြီ။ ကြော်ငြာလေးဘာလေးရိုက်ဖို့ ရန်ကုန်တက်လာရင် ညီညီအောင့် အိမ်မှာတည်းတယ်။ တည်းတယ်ဆိုတာကလည်း ညီညီအောင့် အစ်ကိုကြီးနဲ့ မင်းသမီးလောင်းလျာလေးကို လျာထားတဲ့သဘောရှိတယ်။ ညီညီအောင့် အစ်ကိုကြီးဆိုတာကလည်း အမေရိကားလား အင်္ဂလန်မှာလား လေးငါးနှစ်သွားအလုပ်လုပ်ပီး ပြန်လာတာ။ ညီညီအောင့် အစ်ကိုကြီးက ညီညီအောင့်ကိုလည်း အတော်ချစ်ရှာတာ။ သူဟိုမှာရှိနေတုံးကတည်းက သူပို့တဲ့ ပိုက်ဆံနဲ့ ကားဝယ်ထားတာ။ အိမ်မှာက ယောက်ျားသားရယ်လို့ ညီညီအောင့်အဖေအဘိုးကြီးရယ်၊ ညီညီအောင်ရယ်ပဲ ရှိတော့ ကားက ညီညီအောင့် လက်ထဲမှာပေါ့။ အဲဒီတုံးကတော့ အပျော်အပါးလိုက်စားချင်ရင် ပဲခူးသွားကြရတဲ့ခေတ်ဆိုတော့ ကားရှိတဲ့ ညီညီအောင်က ဘော်ဘော်တွေကြားမှာ အတော်ရေပန်းစားတယ်။ နောက်တော့ သူ့အစ်ကိုကြီး ပြန်လာတယ်။ လန်/ကန်ပြန်အစ်ကိုကြီးရဲံ့ ချစ်ညီလေးဆိုတာ့ ညီညီအောင်အတွက် အတော်သာယာတဲ့ အချိန်တွေပေါ့။ နောက်တော့ မိဘတွေရဲ့စပ်ဟပ်မှုကြောင့် ရွှေမင်းသမီးလောင်းလေးက ညီညီအောင်တို့အိမ်မှာ စတည်းချဖို့ဖြစ်လာတယ်။ မရီးလောင်းကြော်ငြာမင်းသမီးလေးက ညီညီအောင်တို့ တစ်အိမ်လုံးနဲ့ အဆင်ပြေအောင် ပေါင်းနိုင်နေနိုင်တယ်။ အိမ်ရဲ့ဆွဲလဲ ညီညီအောင်နဲ့တော့ ပိုပြီး ပလဲနံပသင့်နေလေရဲ့။ ညီညီအောင့်အစ်ကိုကိုယ်တိုင်က သူ့ရဲ့ ဇနီးလောင်းဟာ သူ့ညီနဲ့တော့ အဆင်ပြေမှ ဖြစ်မယ်ဆိုတဲ့ သဘောမျိုး လှစ်ပြထားတာကိုး။ ဒီလိုနဲ့ ရက်ကို လစား၊ လကို နှစ်မစားခင်မှာပဲ ညီညီအောင်တစ်ယောက် ပြဿနာတက်တော့တာပဲ။ ပြဿနာရဲ့ အစကတော့..ဆိုပီး အစမချီတော့ဘဲ တကြောင်းထဲ ရေးပြရရင် ရွှေမင်းသမီးလောင်းလေးကို နို့စို့ပေးနေတဲ့ ညီညီအောင်ကို သူ့အစ်ကိုကိုယ်တိုင် မိသွားတာပဲ။

အစစအရာရာ အဆင်ပြေနေတဲ့ ညီညီအောင်ရဲ့အခြေအနေတွေကလည်း အဲဒီနောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာတယ်။ မင်းသမီး နို့စို့တဲ့ ကိစ္စတခုတည်းကြောင့်ရယ်မဟုတ်ပေမယ့် ဒီအကြောင်းက အခြေခံတာပေါ့။ အရင်ဆုံးကတော့ ညီညီအောင်မောင်းနေတဲ့ကားကို သူ့အစ်ကိုက ရောင်းပစ်လိုက်တယ်။ သူစီးတဲ့တစ်စီးပဲ ချန်ထားတယ်။ ညီအစ်ကို နှစ်ယောက် ပေါ်တင်ကြီး ချဲကြတာမရှိပေမယ့် စစ်အေးတိုက်ပွဲဖြစ်ကြတယ်။ အစ်ကိုကလည်း ညီကို ရှောင်တယ်။ ညီကလည်း အစ်ကိုနဲံ့ မဆုံအောင်နေတယ်။ အစ်ကိုနဲ့မတည့်တော့ ညီညီအောင့်မှာ အသုံးလေးတွေလည်း နဲနဲကျပ်လာတယ်။ အဲဒီအချိန်မှာပဲ မြွေပူရာကင်းမှောင့်ဆိုသလို သုံးလေးနှစ်လောက်ပိတ်ထားတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်တယ်။ ညီညီအောင်က အဲဒီမတိုင်ကတည်းက သင်္ဘောပဲတက်မှာလိုလို၊ စလုံးပဲ သွားမလိုလုပ်နေတာ။ ကျောင်းဖွင့်တော့ သူ့အိမ်က သူ့ကို အတိအလင်းမေးလာတယ်။ မင်းကျောင်းတက်မှာလား။ အလုပ်လုပ်မှာလား။ ညီညီအောင်က ဒုတိယလမ်းကို ရွေးလိုက်တယ်။ သူ့အစ်ကို ဘော်ဒါတစ်ယောက်ရဲ့ အချိတ်နဲ့ သင်္ဘောပေါ်ရောက်သွားတယ်။ သင်္ဘောထွက်ပဟေ့ဆိုတာနဲ့ ညီညီအောင်တို့က စာမလာ သတင်းမကြားပဲ။ သတင်းကတော့ လုံးဝမကြားတာတော့ မဟုတ်ဘူး။ စလုံးမှာ ကမ်းတက်ရင် ညီညီအောင်တစ်ယောက် ဘယ်လိုပွေးနေတယ်ဆိုတာတွေတော့ တချက်တချက် အိမ်ကပြန်ကြားရတယ်။ တစ်နှစ်ကျော် နှစ်နှစ်လောက်ကြာသွားတယ်။ တစ်ရက်တော့ ညီညီအောင် ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး အိမ်ရှေ့မှာ ပေါ်လာတယ်။ မျက်နှာတွေက ချောင်ကျလို့။ ပထမသင်္ဘောတစ်စင်းက ရောင်းလိုက်လို့ နောက်တစ်စင်းအပြောင်းမှာ တင်ကာပေါ် ရောက်သွားသတဲ့။ တံတွေးထွေးရင်တောင် တံတွေးက ရေနံနံ့ နံနေတယ်။ ကျန်းမာရေး တော်တော်ထိသွားသလို လူလည်း တော်တော်ငြိမ်သွားတယ်။ သူ့အစ်ကိုကလည်း အိမ်မှာ မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာ မင်းသမီးနဲ့ ဇာတ်လမ်းအပြီး ကျောင်းဆရာမ တစ်ယောက်နဲ့ ငြိသွားတယ်။ မင်းသမီးကနေ ကျောင်းဆရာမဆီတောင် ခုန်ဆင်းသွားသလားလို့တော့ အတွေးမစောလေနဲ့။ ကျောင်းဆရာမအဖေက စက်ရုံမှုးတဲ့။ ညီညီအောင့်အစ်ကိုက အဲဒီမှာ ပစ္စည်းသွင်းတာလား..ထုတ်တာလားလုပ်ရင်း တော်တော်ခွင်မိသွားတယ်။ အဆင်ပြေပေမယ့် အိမ်ထောင်သည်ပီပီ မိဘတွေကိုတော့ သိပ်မကြည့်နိုင်တော့ဘူး။ ညီညီအောင့်ကိုလည်း အိမ်က ဆေးကုပေး၊ လေးငါးလလောက် အိမ်က ပေးနားထားပြီး တနေ့တော့ သူ့အမေကြီးက သူတို့အခြေအနေတွေ ဇယားချပြတယ်။ ညီညီအောင်နဲ့ သူ့အစ်ကိုကြားမှာက ညီအစ်မတွေချည်း။ ပြီးတော့ အားလုံးအိမ်ထောင်သည်တွေ။ သူတို့က ၀ိုင်းပြီးထောက်ပံ့ကြတယ်ဆိုပေမယ့် သားအကြီးအိမ်ထောင်ကျကတည်းက အိမ်က အတော့ကို အကျပ်ရိုက်တဲ့ အပိုင်းကို ရောက်နေတယ်။ ညီညီအောင့်ကို ဆေးကုထားတဲ့အကြွေးတွေကလည်း အတော်တက်နေတယ်။ လောလောဆယ်ဆယ် ဖြေရှင်းဖို့ကတော့ အိမ်ကိုရောင်းလိုက်ပြီး အစ်ကိုကြီးအိမ်ကို လိုက်နေဖို့ပဲ။ ညီညီအောင်ကတော့ နိုးတခွန်းပဲပြောလိုက်တယ်။ အဲလိုနဲ့ အဘိုးကြီးအဘွားကြီးက ညီညီအောင့်အစ်ကိုဆီရောက်သွားတယ်။ ညီညီအောင်ကတော့ သူ့အဒေါ်ဝမ်းကွဲနဲ့ သွားနေတယ်။ အဲဒီမှာက သူ့အဒေါ်ဝမ်းကွဲရယ်၊ သူနဲ့ဆို အဘွားလေးတော်တဲ့ သူ့အဒေါ်ရဲ့ အမေရယ်ပဲရှီတာ။

ကမ္ဘာကြီးက စောင်းပြီးလည်ရင်း တစ်နေ့ပြီးတစ်နေ့ကုန်သွားသလိုပဲ ညီညီအောင်ကလည်း ဆက်ပြီးရွေ့နေတယ်။ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တော့လည်း သိပ်မခံဘူး။ တစ်ခါတော့ ကုမ္ပဏီကိစ္စနဲ့ နယ်ဘက်ဆင်းကြရတယ်။ ကုမ္ပဏီက သဌေးမမက ကားမစီးချင်ဘူးဆိုလို့ ရထားနဲ့ သွားကြတယ်။ တစ်နေရာ ရောက်တော့ ရထားပျက်ပါလေရော။ ရထားပျက်တုံး အောက်ဆင်းပြီး ခြေလက်ဆန့်ရအောင် ဟိုနားဒီနား လျှောက်ကြည့်ကြတာပေါ့။ အနားမှာကလည်း အိမ်လေးငါးလုံးသာသာရယ်ရှိတာ။ ခပ်လှမ်းလှမ်းမှာတော့ သစ်ပင်အုပ်အုပ်နဲ့ ရွာလိုမျိုးတွေ့နေရတယ်။  တစ်နာရီနှစ်နာရီလောက်နေတော့ ရထားပြန်ထွက်မယ်ဆိုပြီး ဥသြတွေဘာတွေဆွဲရော။ ခရီးသည်တွေအားလုံးနေရာယူပြီးပေမယ့် ညီညီအောင်က ပေါ်မလာဘူး။ ၀န်ထမ်းတွေလည်း အနီးအနားမှာ ရှာကြည့်သေးပေမယ့် မတွေ့ကြဘူး။ ရထားဆိုတာ ကားလို ဟိုး..နေပါဦးလုပ်လို့လည်း မရလေတော့ ညီညီအောင်တစ်ယောက် ကျန်ခဲ့တယ်။ သဌေးမမကတော့ အတော့်ကို ယမ်းပုံမီးကျဖြစ်သွားတယ်။ သူတို့သွားတဲ့နေရာကို နေ့တစ်ဝက်လောက်နောက်ကျပြီး ညီညီအောင်ရောက်လာတယ်။ ညနေကျတော့ အရက်ဝိုင်းမှာ သောက်ကြစားကြရင်း ညီညီအောင် ဘာဖြစ်လို့ ကျန်ခဲ့သလဲဆိုတာ မေးကြရင်း အကြောင်းစုံသိကြရတယ်။ အဲဒီနားမှာ ဆိတ်ကျောင်းတဲ့ ချာတိတ်တစ်ယောက်နဲ့ စကားပြောရင်း အနားက ရွာတစ်ရွာမှာ ရတယ်ဆိုလို့ လိုက်သွားပြီး သွားစားတာပါတဲ့။ နောက်တနေ့မနက်ကျတော့ သဌေးမမက ညီညီအောင့်ကို ခေါ်တွေ့ပါတယ်။ မနေ့က ဘာလို့ ရထားမမီဘဲ ကျန်ခဲ့တာလဲဆိုတာ မမေးပါဘူး။ လမ်းစရိတ်နဲ့ လစာတစ်လစာ ထုတ်ပေးပါတယ်။

နောက်တော့ ညီညီအောင်လည်း ဘာမှာမလုပ်ဘဲ ယောင်နေတာပေါ့။ ကြာတော့လည်း အလုပ်မရှိအကိုင်မရှိနဲ့ အဒေါ်ဝမ်းကွဲလုပ်စာထိုင်စားနေရတာ အားနာတယ်နဲ့တူပါတယ်။ အလုပ်ရဖို့ ကြိုးစားရှာတယ်။ ကြိုးစားရင်းက ပြဿနာထပ်တက်တော့ပါပဲ။ ဒီတခါတော့ သူ့အဘွားလေးသာမက သူ့အမေအရင်းကပါ သူ့ကို လက်မခံတော့ဘူးလို့ ဆုံးဖြတ်ချက်ချကြပါတယ်။ ဘာဖြစ်လိုဆိုတော့ ဒီတခါ သူရဖို့ကြိုးစားတဲ့အလုပ်က သူ့အဒေါ်ဝမ်းကွဲရဲ့ ယောက်ျားလုပ်ဖို့ ကြိုးစားတာ ဖြစ်နေလို့ပါပဲ။ ညီညီအောင်က ဘယ်လိုချုပ်လိုက်တယ်တော့ မသိဘူး။ သူ့အဒေါ်ဝမ်းကွဲကလည်း ညီညီအောင့်ကိုပဲ ယူမယ်တွေဘာတွေ ဖြစ်ကုန်ပါတယ်။

သူတို့နှစ်ယောက်အတူ ဘ၀ကို တည်ဆောက်နိုင်ဖို့ ပိုက်ဆံရှာမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ညီညီအောင်တစ်ယောက် မလေးကို ထွက်သွားတယ်။ သူ့အဒေါ်ကတော့ သူ့ကိုလေဆိပ်လိုက်မပို့နိုင်ပါဘူး။ ဒီမှာနေတာနဲ့စာရင် ဘာမဆိုပိုကောင်းမယ်လို့ယူဆပြီး ပိုက်ဆံဝိုင်းထုတ်ပေးကြတဲ့ သူ့ရဲ့သူငယ်ချင်းတချို့ပဲ ညီညီအောင့်ကို လေဆိပ်လိုက်ပို့ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ညီညီအောင်တစ်ယောက်ကတော့ သွားပြီဟေ့ဆိုတာနဲ့ ဘာသံမှကို မကြားကြရတော့ဘူး။ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း အဆက်အသွယ်လုံးဝမလုပ်ဘူး။ ထူးခြားတာတစ်ခုကတော့ မလေးဘက်ကလည်း ညီညီအောင်ကြီးတော့ ဘယ်မှာတွေ့တယ်ဆိုတာမျိုး ဘယ်သူမှ ပြန်မကြားကြရတာပါပဲ။ အစောပိုင်းကတော့ သူ့သူငယ်ချင်းတွေ သံသယဖြစ်တဲ့အချက်တစ်ခုရှိပါတယ်။ ဒီကောင်သူတို့နဲ့ မဆက်သွယ်ရင်တောင် သူ့အဒေါ်ဆီတော့ ဆက်သွယ်ချင်ဆက်သွယ်နေမှာပဲပေါ့။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အဒေါ်က တခြားဘဲတစ်ဗွေနဲ့ ယူလိုက်ပါတယ်။ ဒီလိုနဲ့ သုံးနှစ်လောက်ကြာသွားပါတယ်။

တစ်နေ့တော့ သူ့ကို မလေးရှာဝိုင်းပို့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ကိစ္စတစ်ခုနဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဆီ ရောက်သွားပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်း ဟိုကြည့်ဒီကြည့်နဲ့ ဆိုင်မှာ ချိတ်ထားတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတစ်ခုထဲမှာ ညီညီအောင့်ပုံကို သွားတွေ့ပါတယ်။ မောင်မင်းကြီးသားက သတို့သားနေရာမှာရပ်နေတာပါ။ ကမန်းကတန်း ဆိုင်ရှင်ကိုမေးကြည့်တော့ ဒီဓာတ်ပုံက အရင်ဆိုင်ရှင်လက်ထက်ကတည်းက ကျန်ခဲ့တာလို့ ပြောပါတယ်။ အဲဒီမှာ ရှေ့မီနောက်မီ ဖျော်ဆရာက၀င်လာပြီး ညီညီအောင်နဲ့ အရင်ဆိုင်ရှင်ရဲ့ မွေးစားသမီးတို့ မင်္ဂလာဆောင်တုံးက ဓာတ်ပုံဖြစ်တဲ့အကြောင်းပြောပြတယ်။ ဆက်မေးစမ်းကြည့်တော့ အိမ်ထောင်ကျပြီးမကြာခင် ညီညီအောင်တို့ လင်မယားလည်း ပြောင်းသွားကြတယ်လို့ ပြောတယ်။ နောက်တော့ အရင်ဆိုင်ရှင်လင်မယားလည်းနှစ်လုံးကြွေးတွေဝိုင်းနေလို့ ဆိုင်ကိုကြိတ်ရောင်းပြီး ပြောင်းသွားလိုက်ကြတာ ဘယ်ကို ပြောင်းသွားမှန်းတောင်မသိဘူးလို့ ဆက်ပြီး ပြောပြတယ်။ ဖျော်ဆရာက အဲဒီမင်္ဂလာဆောင်ကို သတို့သားဘက်က သတိုးသားတစ်ယောက်တည်းလာတာ၊ နောက်တစ်ခုက သတို့သားက တစ်နာရီနှစ်နာရီလောက် နောက်ကျပြီးမှ ရောက်လာတာတွေတောင် သူမှတ်မိနေသေးတယ်လို့ ပြောနေတဲ့အချိန်မှာ ညီညီအောင့် သူ့ငယ်ချင်းကတော့ နည်းနည်းဝါးနေပေမယ့် ဖတ်လို့တော့ ရနေသေးတဲ့ ဓာတ်ပုံထဲက ရက်စွဲကိုပဲစိုက်ကြည့်နေမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဲဒီရက်စွဲက မှတ်မှတ်ရရ သူတို့ သူငယ်ချင်းတစ်သိုက် ညီညီအောင့်ကို ကိုယ်တိုင် လေဆိပ်လိုက်ပို့ခဲ့ကြတဲ့ ရက်စွဲဖြစ်နေလို့ပါပဲ။

Read Full Post »

KB: စာပေဆောင်းပါး ကောင်းသဗျာ

Sent at 2:46 PM on Friday

me:  ကောင်းရမယ်လေ..

လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အင်းဂလိပ်စာအုပ်တွေဖတ်ပီးရေးတာတွေပဲ ခင်ဗျားတို့ ဖတ်နေရတာမဟုတ်လား ကိုဘုတ်ရဲ့.

KB: အင်းပေါ့….ဗျာ ..ကျနော်ဖြင့် ဖတ်သာဖတ်နေရတာ ဘယ်နှစ်က ထုတ်တာတွေကို ဖတ်ပီး ရေးနေကြမှန်းကိုမသိတော့ပါဘူး

Sent at 2:55 PM on Friday

KB: နောက်ပိုင်းတော့ ဖတ်တောင်မဖတ်ဖြစ်သလောက် ..

Sent at 2:56 PM on Friday

me:  အင်း..

ကလေးသာရလို့ကတော့..

ဂျီမေးတောင် စစ်နိုင်မယ့်ပုံမရှိဘူး ဒီပုံနဲ့ဆို..

ဘာပဲဖြစ်ဖြစ်..

စာမရေးဘူးဆိုတာ..

KB:   ကလေး ကရပီးဘိလေဟာ

me:  အဆင်ပြေတဲ့ လက်ခဏာပဲ..

getting along with life

ပေါ့..

KB:   နေဦး မီးစက်ပိတ်တော့မယ် ဘိုင်း နောက်မှဆက်

..

 

မဆ

 

Read Full Post »

Design a site like this with WordPress.com
Get started