Feeds:
Posts
Comments

Archive for August, 2013

တနေရာရာကို သွားဖို့ အဆင်သင့် ဖြစ်ပြီလား မသိ။ မနှစ်က ဒီလိုနေ့မှာ ဆေးရုံ တက်ခဲ့ရတာ သတိရတယ်။ မင်းတော့ သေမှာပဲလို့ ပြောတဲ့ ဆရာဝန်ကြီးရော အသက်မှ ရှိသေးရဲ့လား မသိဘူး။ အဲဒီ အချိန်တုန်းက သူကပဲ ခပ်ယိုင်ယိုင် ဖြစ်နေခဲ့တာ။ နှာခေါင်းထဲကို ထိုးသွင်းထားတဲ့ ပိုက်တန်လန်းနဲ့ စကား ပြောရတာဟာ အရသာရှိမှန်း အဲဒီတုန်းက မသိခဲ့ဘူး။ ဒါမျိုးဆိုတာ ခဏ ခဏ ပြန်ရ တတ်တဲ့ အတွေ့အကြုံမှ မဟုတ်တာ။ လူတွေနဲ့ ကတောက်ကဆ ဖြစ်တာကို ပြန် မပြောပြတော့ဘူး။ သူတို့တွေ ထွက်ခွာသွားတာ။ သူတို့တွေ ပြန် ရောက်လာတာ။ ဘာအရေးမှ မဟုတ်တော့ဘူးလေ။ ဘာတွေ လုပ်ဖြစ် နေသလဲ မေးရင်လည်း မသိဘူးလို့ပဲ ဖြေရမှာ။

ကုန်လာတဲ့ အချိန်တွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ဖြစ်ချင်တာ ဆိုလို့ ဘာမှန်း ရေရေရာရာ မသိခဲ့တော့ မရေမရာ တွေပဲ လုပ်ဖြစ် ခဲ့တယ်ပေါ့။ ဒီလိုပဲ ဖြေရမယ်။ မကောင်းတာတွေကို စနစ်တကျ လုပ်တတ် လာတယ်။ ဒါဟာ တိုးတက်မှုပဲ။ လွန်ခဲ့တဲ့ သုံးလေး ငါးနှစ်ကလို မိုက်ရူးရဲ ဆန်တာတွေ  ဘာတွေ မရှိတော့ဘူး။ စိတ်ထဲ ပေါ်လာသမျှ ကောင်းသည် ဆိုးသည် ခွဲခြားရတာ ပင်ပန်းတယ် မဟုတ်လား။ အလေးချိန် တက်လာတဲ့ အတ္တဘောကို ထောပနာ ပြုသံတွေက နေရာအနှံ့က လာနေတယ်။ ၀ီစကီကို ပုံမှန် သောက်တတ် လာတာ။ ၀ီစကီ ကောင်းကောင်းကို ဘယ်လို သောက်ရမယ် ဆိုတာ သိလာခဲ့တာ။ ကွမ်းတစ်ယာ၊ ရေတစ်မှုတ် ဆိုသလို  ကွမ်းစားခြင်းကို စနစ်တကျ တတ်မြောက် လာတာ။ နောက် ရှိသေးတယ်။ မင်းတော့ သေမှာပဲ ဆိုတဲ့ အသံနဲ့ စည်းချက် ညီညီ လုပ်တတ် ကိုင်တတ် လာတာ။ အနာဂတ် အကြောင်း တွေးရတာ လေးကန် တယ်။ မနိုင်ရင် ချထား ခဲ့ပေါ့။

မူရာကာမိရေးတဲ့ စာအုပ်တွေကို စလယ်ဆုံး တစ်ခါမှ ဆုံးခန်း တိုင်အောင် မဖတ်ဖူးပေမဲ့ ဟိုတစ်နေ့က သူ့စာအုပ် အသစ် ထွက်လာတာကို မျှော်လင့် ခဲ့သေးတယ်။ အထီးကျန်ခြင်းနဲ့ ပျောက်ဆုံးခြင်း။ ဒီပုတ်ထဲက ဒီပဲတွေလို တစ်ခါလာ မဲပြာ ပုဆိုး၊ မဲပြာ ပုဆိုး။ ဒီဇာတ်လမ်းတွေကို ဘာကြောင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးနေ ရတာလဲ။ နိုဘယ်ဆု မရလည်း သေဖို့ ကောင်းပြီလို့  တွေးတယ်။ ဒီလိုမှ မဟုတ် မူကာရာမိ ခရေဇီတွေ ပေါင်းပြီး တစ်နေထဲမှာ ကိုယ့်ကိုကိုယ် သတ်သေကြရင် သိပ်ကောင်းတဲ့ ပါဖောင့်မန့် ဖြစ်မှာပဲလို့ မစ္ဆရိယစိတ် ပွားမိသေးတယ်။ ကီဇုကီက ကိုယ့်ကိုကိုယ် သတ်သေသွားတယ်။ တိုရုက နာရိုကိုကို စောင့်ရှောက်ဖို့ ကျန်နေခဲ့တယ်။ အိုက်ရှီဒ ရောက်လာတယ်။ မီဒီုရီ ရောက် လာတယ်။ ရောက် လာတယ်။ ရောက်လာ တယ်။ မိန်းမတွေ ရောက်လာတယ်။  လေဆိပ်ထဲက သီချင်းသံ ကြားရတယ်။

ဒါ ဒါ့ဒါဒါဒါ… ဒါ့ဒါဒါဒါ ဒါဒါဒါဒါ့။

I once had a girl, or should I say, she once had me…

She showed me her room, isn’t it good, Norwegian Wood?

အိပ်မက်ဆိုးတွေပဲ။ ဒါနဲ့ပဲ သေမှာလို့ ပြန်ပြောလိုက်တယ်။ အမှန်တော့လည်း ကြာခဲ့ပြီ မဟုတ်လား။ အဖြူအမည်း သဲကွဲချိန်တောင် မရလိုက်ဘူး။ လေထဲမှာတင် ပျောက်သွားတယ်။ တစ်ခုခုကို ပြောပြ နိုင်ဖို့အတွက် တစ်ခုခုကို မွေးယူခဲ့ကြတယ်။ တစ်ခုခုကို ဖမ်းဆုပ်နိုင်ဖို့ တစ်ခုခုကို လွှတ်ချလိုက်တယ်။ ကိုဝင်းမြင့်ဦးနဲ့ တွေ့တုန်းက နေရာလွတ်တွေ အကြောင်း ပြောကြတယ်။ မရေမရာ ထိုးဖောက် ကျော်လွှားမှုများ အကြောင်းတို့။ သေချာခြင်းမှ မရေရာခြင်း အကြောင်းတို့။ အကြောင်း ပေါင်း များစွာ ပြောတယ်။ ပြောတယ်။ ပြောတယ်။ ပြောတယ်။ ဘယ်အရာကို မဆို ကြိုက်သလို ကောက်ကိုင်လိုက်။ အကုန်လုံးက ကျွတ်ဆတ်နေတာပဲ။

ဧပြီ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။

နေထွန်းနိုင်

Read Full Post »

Design a site like this with WordPress.com
Get started