
Monday, December 31, 2007
Thursday, December 27, 2007
Just for Laugh :D
ဘာသာတရားကိုင်းရှိုင်းသူ
တစ်ခါက လူငယ်တစ်ယောက်ဟာ ဆေးဆိုင်မှာ ကွန်ဒုံးလာဝယ်သတဲ့။
သူက ဆိုင်ရှင်အဖိုးကြီးကို ဘာပြောလဲဆိုတော့
“ကျွန်တော့်ကို ကျွန်တော့်ကောင်မလေးက ညစာစားဖို့ ဖိတ်ထားတယ်ဗျာ။ သူ ကျွန်တော့်ဆီက တစ်ခုခု မျှော်လင့်နေသလိုပဲ။ ကျွန်တော့်ကို ကွန်ဒုံးတစ်ခု ရောင်းပေးပါ။”
ခဏကြာတော့ သူဆေးဆိုင်ကို ပြန်ရောက်လာပြန်ရော
“ကျွန်တော့်ကောင်မလေးရဲ့ ညီမလေးက ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်က တစ်မျိုးပဲဗျာ။ သူ ကျွန်တော့်ဆီက တစ်ခုခု မျှော်လင့်နေသလိုပဲ။ ကွန်ဒုံးနောက်တစ်ခုလောက် ရောင်းပေးပါဦး။”
နည်းနည်းကြာတော့ သူ တစ်ခေါက်ပြန်ရောက်လာပြန်ရော
“ကျွန်တော့် ကောင်မလေးရဲ့ အမေကလည်း ကျွန်တော့်ကို ကြည့်ကြည့်နေတယ်ဗျာ။ သူလဲ ကျွန်တော့်ဆီက တစ်ခုခုမျှော်လင့်နေသလိုပဲ။ ကွန်ဒုံးနောက် တစ်ခုလောက်။”
ညနေကျတော့ အဲဒီကောင်လေးလဲ ကောင်မလေးအိမ်ကို သွားတာပေါ့။ ညစာစားပွဲမှာ ကောင်မလေးရယ်၊ သူ့ညီမရယ်၊ သူအမေရယ်၊ သူ့အဖေရယ် ထိုင်နေတယ်။ ခရစ္စယာန်ထုံးစံအတိုင်း စားပွဲမစခင်ဆို ဆုတောင်းကြတော့ ကောင်လေးဆုတောင်းတာ ငါးမိနစ်လည်း မပြီး၊ ဆယ်မိနစ်လည်းမပြီး၊ မိနစ်နှစ်ဆယ်လည်း မပြီးနဲ့ နောက်ဆုံး နာရီဝက်ကြာမှ ပြီးသွားပါတယ်။
ကောင်မလေးက တအံ့တသြနဲ့ ကောင်လေးကို ပြောပါတယ်။
“ရှင်တော်တော် ဘာသာတရား ကိုင်းရှိုင်းတာပဲနော်။ ကျွန်မ အဲဒါကို မသိခဲ့ရပါလား”
ကောင်လေးပြန်ဖြေလိုက်တာကတော့
“မင်းတို့ အဖေ ဆေးဆိုင်ဖွင့်ထားတာ ဘာလို့ ငါ့ကိုမပြောပြခဲ့တာလဲ”တဲ့။
Posted by
Ulmuka
at
10:30 AM
2
comments
Labels: ရယ်သောသူ အသက်ရှည်၏
Saturday, December 22, 2007
Happy Christmas
ဘလော့ မရေးနိုင်သေးပေမယ့် ဘလော့များကို လိုက်လည်ခြင်းနှင့် ဆီပုံးတွင် အော်ဟစ်ခြင်းများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။
အားလုံးပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ။


Posted by
Ulmuka
at
6:11 PM
2
comments
Labels: ဟိုဟိုဒီဒီ
Thursday, December 20, 2007
ဗိုင်းရပ်စ် ပြဿနာ
အော် flashy တဲ့လား
ဒီလထဲမှာ ကျွန်တော် ကွန်ပြူတာ ဗိုင်းရပ်စ် နှစ်ခါ ကိုက်ခံရပါတယ် ။ နှစ်ခါစလုံး flasy.exe ပါ။
သူက USB flash drive ကနေ အများဆုံးကူးပါတယ်။
ကျွန်တော်စက်လဲ ပထမတစ်ခါက USB flash drive ကနေ ၊ နောက် တစ်ခါက ကင်မရာ Memory Card ကနေ ကူးတာပါ။
ပထမဆုံး သူက ဘာလုပ်လဲဆိုတော့ USB Flash device ထည့်လို့ Auto Play တက်လာရင် OK နှိပ်မိရင်တာနဲ့ ကို install လုပ်ပြီး flash drive ထဲက file တွေကို ဖွက်လိုက်ပါတယ်။ ပြီးတော့ အဲဒီ file နာမည်နဲ့ပဲ အနောက်က .exe ထည့်ပြီးတင်ထားပေးပါတယ်။ ဥပမာ folder နာမည် က owl ဆိုရင် သူက owl.exe ဆိုပြီးတင်ထားပေးတယ်။ file name extension ကို ဖျောက်ထားလို့ ကိုယ်ကြည့်ရင် owl လို့ပဲ မြင်ရမှာပါ။ အဲဒီ file ကို ဖွင့်လို့လဲ မရပါဘူး။
ပြီးတော့ ကိုယ့် ကွန်ပြူတာ ထဲမှာ tools ထဲက folder option ကို လည်းဖျောက်လိုက်ပါတယ်။
ကျွန်တော့် ကွန်ပြူတာမှာက antivirus ကို NOD 32 + flashy fix တင်ထားတာပါ။ အဲဒါကို လည်း NOD32.exe ဆိုပြီး file ကို hack လုပ်သွားပါတယ်။ ပြီးတော့ ကျွန်တော်က command ကနေ regedit ကို သွားပြီးပြင်မလို့ command> regedit လို့ ရိုက်လိုက်တော့ you do not have administer privilege ဆိုပြီး ကွန်ပြူတာက restart ဖြစ် သွားပါလေရော။ Ctrl+Alt+Del နဲ့ Tasks Manager ခေါ်တော့လည်း အဲဒီလိုပဲ restart ဖြစ်သွားတယ်။ အဲဒါနဲ့ Norton 2007 ကိုတင်ပြီး update လုပ်ပြီး စစ်တယ်။ မတွေ့ဘူး။ No Virus တဲ့။ Kaspersky တင်ပြီး စစ်တော့လည်း မတွေ့ဘူး။ အင်တာနက်မှာ တွေ့သမျှ flashy killer , flashy remover အကုန်သုံးတယ် ။ မရဘူး။
နောက်ဆုံးတော့ ရှိသမျှ ဒေတာတွေကို D ထဲပြောင်းပြီး C ကို format ချလိုက်ရတယ်။ ကိုယ်သုံးနေကျ soft ware တွေ ပြန်သွင်းပြီးတာမှ တစ်ပါတ်မရှိသေးဘူး။ ဒီနေ့ မနက် ကင်မရာထဲက ဓါတ်ပုံတွေ ယူထားပေးပါဆိုလို့ ကင်မရာကို စက်နဲ့ ဆက်လိုက်တာနဲ့ autorun တောင် မပေါ်လာတော့ဘူး။ တစ်ခါထဲကို flashy ၀င်သွားတာပဲ။ Memory Card ကို မသကာင်္လို့ စစ်မယ်လုပ်တော့ NOD 32 က မရတော့ဘူး။ folder option ကို ကြည့်လိုက်တော့လည်း မတွေ့တော့ဘူး ။ ပိုဆိုးတာက Word တို့ Excels တို့ ကို double click ပေးပြီး ဖွင့်လို့ မရတော့ဘူး။ Right click> open ဆိုမှ ဖွင့်လို့ရတယ်။
အဲဒါနဲ့ format ပြန်ချပြီးတော့ window ပြန်တင်တယ်။ ကံဆိုးချင်တော့ Network Card Driver က ဘယ်လိုဖြစ်ပြီးပျက်နေတယ်မသိဘူး။ မရဘူးဖြစ်နေတယ်။ အဲဒါနဲ့ သိတဲ့လူတွေဆီကနေ ဘယ်လို download လုပ်ရမလဲမေးပြီး Download လုပ် ။ USB flash drive ထဲထည့်ပြီး သွင်းလိုက်တာ flashy ပါ ပါသွားရော။ သေတာပဲ။ Format ပြန်ချရတော့မယ်။
ဒီမှာတော်သေးတာက လုပ်ဖော်ကိုင်ဖက် တစ်ယောက် ခွင့်ပြန်နေလို့ သူ့ကွန်ပြူတာ ယူသုံးနေတာ။ နို့မို့ဆိုရင် မလွယ်ဘူး။
ဒီပို့ကို တင်တာက ကျွန်တော် ကွန်ပြူတာ ကျွမ်းကျင်လို့ မဟုတ်ပါဘူး။ ဒီ flashy.exe ဘယ်လောက် ဆိုးတယ်ဆိုတာ မသိ သေးတဲ့ သူတွေ သိစေချင်လို့ရယ်၊ သိတဲ့လူတွေကလည်း ဘယ်လို ကာကွယ်ကုသရမယ်ဆိုတာ ပြောပြစေချင်လို့ပါဗျာ။ နေ့တိုင်း format ချရရင်တော့ မသက်သာဘူးဗျ။
ကယ်ကြပါဦး ဆရာတို့ရေ။
Posted by
Ulmuka
at
4:48 PM
2
comments
Labels: ဟိုဟိုဒီဒီ
Wednesday, December 19, 2007
IQ Test (2)
ဥာဏ်စမ်း (၂)
ဒီတစ်ခါတော့ သချာင်္ ပုစ္ဆာလေးမေးမယ်ဗျာ။
အဖိုးအို တစ်ယောက်မှာ သိုး ၁၇ ကောင်ရှိတယ်တဲ့။ သူ့မှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ကျတော့ အဖိုးကြီးဆုံးပါလေရော။ သူက ခေတ်မှီတယ်ဗျ။ သူသေရင် သူ့သား သုံးယောက် အမွေလုမှာ စိုးလို့ သေတမ်းစာ ရေးခဲ့တယ်။ သူ့ရဲ့သေတမ်းစာက ဒီလို…
'ကျွန်ုပ်၏ သိုး ၁၇ကောင်အား သားသုံးယောက်ကို ဤသို့ ခွဲဝေပေးခဲ့သည်။ ဤအချိုးအတိုင်း သိုးများကို မသတ်ဖြတ်ပဲ ခွဲဝေပါ။
သားကြီးအား ရှိသမျှ သိုးအရေအတွက် ၏ တစ်ဝက်
သားလတ်အား ရှိသမျှသိုး အရေအတွက်၏ သုံးပုံတစ်ပုံ
သားငယ်အား ရှိသမျှသိုးအရေအတွက်၏ ကိုးပုံတစ်ပုံ ခွဲဝေပေးပါ။'
အဲဒီတော့ သားတွေလည်း ဦးနှောက်စားကုန်တာပေါ့။
၁၇ ကောင် ရဲ့ တစ်ဝက်ဆိုတော့ ရှစ်ကောင်ခွဲ ။ ခွဲဆိုကတည်းက တစ်ကောင် ကို သတ်ရတော့မယ်။ အဖေကလည်း မသတ်ပါနဲ့တဲ့။
အဖေ စကားကို လည်း မဖယ်ရှားချင် ………
၁၇ ကောင်ကို တစ်ဝက် မသေပဲနဲ့လည်း မခွဲနိုင်……….
အမွေကို လည်းလိုချင်နဲ့ ဘယ်လိုလုပ်ရပါ့ပေါ့။
ကဲ စာဖတ်သူရေ သင်ဆိုရင်လဲ ဘယ်လိုခွဲပေးမလဲ။……
…………
…………………..
……………………………….
…………………………………………….
နောက်ဆုံးတော့ သူတို့လည်း မခွဲတတ်တော့ တရားသူကြီး ပညာရှိ ဇီးကွက် ကို ခေါ်ပြီးခွဲခိုင်းတာပေါ့လေ။
ကြော်ညာဝင်တာ.. ဟတ်... ဟတ်.... ဟတ်…
(ကြော်ညာ= ကြော်အောင် ညာခြင်း )
အထင်များ ကြီးမလားလို့ :P
တရားသူကြီး ဇီးကွက် ကလည်း တကယ် တရားမျှတတဲ့ လူ အဲလေ ဇီးကွက်ဆိုတော့ (လာပြန်ပြီ ကြော်ညာ….. :P)
“ဟုတ်ပြီ။ မင်းတို့ခွဲရခက်နေရင် ငါက လူကြီးဆိုတော့ သိုးတစ်ကောင် စိုက်ပေးမယ်။
အဲဒီတော့ စုစုပေါင်း ၁၈ကောင်ပေါ့။
သားကြီးက ၁၈ ကောင်ရဲ့ တစ်ဝက်ဆိုတော့ ၁၈/၂= ၉ ကောင်ယူ
သားလတ်က ၁၈ကောင်ရဲ့ သုံးပုံတစ်ပုံဆိုတော့ ၁၈/၃= ၆ ကောင်ယူ
သားငယ်က ၁၈ကောင်ရဲ့ ကိုးပုံတစ်ပုံဆိုတော့ ၁၈/၉= ၂ ကောင်ယူ
အဲတော့ စုစုပေါင်း ၉+၆+၂= ၁၇ ကောင် ဆိုတော့ တစ်ကောင်ပိုတဲ့ဟာက ငါ့ကို ပြန်ပေးလိုက်။ “
ဆိုပြီးခွဲပေးလိုက်တယ်တဲ့။
တရားပါတယ်နော်။
Posted by
Ulmuka
at
6:34 PM
2
comments
Labels: ဥာဏ်စမ်း
Tuesday, December 18, 2007
Emotional
Emotional ဆိုတာ
၁) စိတ်ခံစားမှု နှင့်သက်ဆိုင်သော (pertaining to or involving emotion or the emotions.)
၂) စိတ်ထိခိုက် ခံစားလွယ်သော (subject to or easily affected by emotion)
၃) စိတ်ကို စွဲဆောင်နိုင်သော (appealing to the emotions)
၎) စိတ်ခံစားမှုကို ပြသသော (showing or revealing very strong emotions)
၅) စိတ်ခံစားမှုကို ဦးစားပေးသော (actuated, effected, or determined by emotion rather than reason)
၆) စိတ်ခံစားမှု၏ နောက်သို့လိုက်သော၊ စိတ်ခံစားမှု၏ ထိန်းချုပ်ခြင်းကို ခံရသော (governed by emotion)
လို့ ဘာသာပြန်ရမယ်ထင်တယ်။ (အင်္ဂလိပ်-မြန်မာ အဘိဓါန်မရှိလို့ ကိုယ်ထင်သလို ဘာသာပြန်ဆိုပါတယ်။ ဆီလျှော်အောင် ပြန်ဆိုတယ်လို့တော့ မပြောရဲဘူးလေ။ ဆီလျှော်လား မလျှော်လားက ကိုယ်မှ မသိပဲကိုး။ မှားရင်လဲ ခွင့်လွှတ်ကြပါဗျာ။)
လူတစ်ယောက် က စိတ်နောက်ကိုယ်ပါ လုပ်တယ်ဆိုရင် ကျွန်တော်တို့ က အလွယ် တကူပဲ ဒီလူ emotional ဖြစ်တယ်လို့ ပြောတတ်ကြတယ်။ အမှန်က စိတ်သွားတိုင်း ကိုယ်ပါတာ ကောင်းတာပေါ့ လို့ပြောကြမလားပဲ။ ဒါပေမယ့် တစ်ကယ်ကောင်းရဲ့လား။ ကိုယ်က စိတ်ခံစားမှု ကို ဦးစားပေးမယ် ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ။ အရင်ဆုံးတော့ ကိုယ်ဟာကိုယ်ထိခိုက်တာပဲ။
ဥပမာ ဆရာဝန် တစ်ယောက်ဆိုပါတော့ ၊ သူ့လူနာတစ်ယောက်ဆုံးတိုင်း သူငိုနေရင် နေ့တိုင်းနီးပါးငိုနေရမှာပဲလေ။ အစပိုင်းမှာတော့ ကိုယ့်လူနာ တစ်ယောက်ဆုံးသွားတိုင်း အနည်းနဲ့ အများတော့ စိတ်ထိခိုက် ခံစားကြရမှာပဲလေ။ တဖြည်းဖြည်းနဲ့ အရေထူလာတယ်ပဲ ပြောရမလား။ လူနာတစ်ယောက်ဆုံးသွားရင် “အော် သူဆုံးသွားပြီကိုး။” နဲ့ပြီးသွားတာမျိုးဖြစ်လာတယ်။ အဲဒါနဲ့ပဲ ကြာလာတော့ ဒီဆရာဝန်တွေ၊ ဆရာမတွေက အသည်းနှလုံးမရှိဘူး၊ ခံစားချက်မရှိဘူး ဆိုပြီးတော့ ကြားလာရတယ်။ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့လည်း ခံစားတတ်ပါတယ်။ ဒါပေမယ် လူနာတစ်ယောက် ဆုံးသွားတာ ကို ထိုင်ပြီးပူဆွေး ၀မ်းနည်းနေရင် ကျန်တဲ့ လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ နေရာမှာ လစ်ဟင်းသွားတာမျိုးတွေ ဖြစ်လာနိုင်တာပဲလေ။ ဒါက သေခြင်းတရားကို အမြဲတမ်း တွေ့နေရတဲ့ ဆရာဝန် ၊ ဆရာမတွေ။ သူတို့မှာ ခံစားမှု မရှိဘူးလို့ ပြောရင်တော့ မှားမှာပေါ့။ သူတို့ရဲ့ ခံစားမှု ကို အသိဥာဏ်က ထိန်းချုပ် ထားတယ်လို့ပြောကြမလား၊ ထုံသွားတယ်လို့ပြောကြမလား။
လူတစ်ယောက် က အကြောင်းအမျိုးမျိုး ကြောင့် သူ့ရဲ့ ခံစားမှု ကို ထုတ်မပြတာနဲ့ပဲ ဒီလူဟာ ခံစားချက် မရှိဘူးလို့ပြောမလား။ အတွင်းကြေက ပိုနာတတ်ပါတယ်။ သားသမီးဆိုးလို့ ရင်နာနာနဲ့ ဆုံးမရတဲ့ မိဘတွေလိုပေါ့။ ကိုယ့်သားသမီးကို အသားနာအောင် ဘယ်သူက ရိုက်ချင်ပါ့မလဲ။ လိုအပ်လို့ ရိုက်လိုက်ရတယ် ထားဦး မိဘတွေရဲ့ ရင်ထဲက အနာက သားသမီးတွေရဲ့ အသားနာတာထက်ပိုပါတယ်။
ဖြစ်သင့်တာ ကို ဦးစားပေးလိုက်ရလို့ ဖြစ်ချင်တာ ကို လက်လွှတ်လိုက်ရ တဲ့ လူတစ်ယောက်မှာ စိတ်နာကျင်ခံစားမှုတော့ ရှိမှာပါပဲ။ အဲဒါကို ငိုကြွေးခံစားနေပြီး ကိုယ် ဖြစ်နေတဲ့ ဘ၀မှာ ပျော်အောင်မနေရင် နှစ်ခါရှုံးတယ်။ တစ်ခါတစ်လေတော့ လည်း ( အမှန်ကတော့ အမြဲတမ်းလိုလိုပါပဲ) စိတ်ခံစားမှုကို အသိဥာဏ်နဲ့ ထိန်းချုပ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။
စိတ်ခံစားမှု မရှိရဘူးလို့လဲ မဆိုလိုပါဘူး။ စိတ်ခံစားမှု မရှိရင် လူမဟုတ်ပဲ စက်ရုပ်တွေ ဖြစ်သွားမှာပေါ့။ လူတစ်ယောက်ကို မချစ်ပါနဲ့ လို့ တားလို့မရသလို ၊ လွမ်းနေတာ၊ သတိရနေတာတွေကို မလွမ်းရ ဘူး ၊ သတိမရဘူးလို့ တားလို့မှ မဖြစ်နိုင်ပဲ။ ဒါပေမယ့် အဲဒီ စိတ်ခံစား မှု တွေ ကိုယ့်အပေါ်မှာ သက်ရောက်မှု မရှိအောင် ထိန်းချုပ်ဖို့ လိုပါလိမ့်မယ်။ ဥပမာ လွမ်းလို့ အအိပ်ပျက် အစားပျက် အလုပ်အကိုင်ပျက် ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာတော့ …….. မသိသေးဘူးဗျ။ လောလော ဆယ်တော့ ကျွန်တော်လည်း အအိပ်အစားပျက်နေတယ်။( အိပ်ရေးပျက်တာက ခြင်ကိုက်လို့၊ အစားပျက်တာက ဟင်းမကောင်းလို့....... လို့တော့ မထင်ကြပါနဲ့။ :P) အလုပ်တော့ ပျက်လို့မဖြစ်လို့ ဆက်လုပ်နေတုန်း။ ဆေးရှိရင် ပေးခဲ့ကြပါဗျာ။
Posted by
Ulmuka
at
3:08 PM
0
comments
Labels: ဟိုဟိုဒီဒီ
Saturday, December 15, 2007
သူငယ်ချင်း
သူငယ်ချင်း
ကားအကောင်းစား တွေမလိုပါဘူး
သူငယ်ချင်းတစ်ယောက်သာ ဘေးမှာရှိရင်
ငါလမ်းလျှောက်သွားနိုင်ပါတယ်
ခရီးဘယ်လောက်ဝေးဝေး
လမ်းဘယ်လောက် ကြမ်းကြမ်းပေါ့။
စားကောင်းသောက်ဖွယ်တွေ မလိုပါဘူး
အတူစားမယ့် သူငယ်ချင်းရှိရင်
ထမင်းကြမ်းလည်း ငါစားနိုင်ပါတယ်
ဆားနဲ့ဖြစ်ဖြစ်
ငရုတ်သီးနဲ့ ဖြစ်ဖြစ်ပေါ့။
ဟယ်ရီပေါ်တာတို့ နီကိုးကစ်မန်း တို့ မလိုပါဘူး
သူငယ်ချင်းရေးတဲ့ စာဖတ်ရရင်
ငါနေနိုင်ပါတယ်
ပေါက်ကရလေးဆယ်ဖြစ်ဖြစ်
အရူးချီးပန်းပဲဖြစ်ဖြစ်ပေါ့။
အခုတော့ …….
ငါ့နံဘေးမှာ ဘယ်သူမှမရှိတော့
စားကောင်းသောက်ဖွယ်တွေ
ရုပ်ရှင်ကားတွေ
စာအုပ်တွေဟာ
အပိုတွေလို ဖြစ်လို့
မင်းသိထားဖို့က
အထင်လွဲမှားခံရတာဟာ သေစေနိုင်တယ်။
Posted by
Ulmuka
at
11:58 AM
4
comments
Labels: ကဗျာ
Wednesday, December 12, 2007
သစ်ပင်
ဆရာမောင်မြတ်ထင် ရေးတဲ့ သစ်ပင်ဆိုတဲ့ ဆောင်းပါးလေးပါ။ ကျွန်တော် ကြိုက်လွန်းလို့ တင်လိုက်ပါတယ်။
……………………………………………………………………………………………………………
သစ်ပင်
စိတ်ချမ်းသာခြင်းကိုတော့ ၀ယ်လို့မရပါ။ ထိုအရာကား ကျွန်တော်တို့ ကိုယ်တိုင် ပြုစုပျိုးထောင်ရသော အရာဖြစ်လေသည်။
တရုတ်စကားပုံ တစ်ခုရှိသည် မဟုတ်လော။” သုံးနာရီကြာ စိတ်လှုပ်ရှား သဘောခွေ့လိုသော် လောင်းကစားလုပ်၊ သုံးပတ်ကြာကြာ သဘောခွေ့လိုသော် ခရီးသွား၊ သုံးလ ကြာကြာ စိတ်ချမ်းသာလိုသော် ထိမ်းမြား၊ အိမ်သစ်တစ်လုံး ဆောက်လျှင်ကား သုံးနှစ်ကြာကြာ စိတ်ချမ်းသာ လိမ့်မည်။ အမှန်တကယ်နှင့် ကြာရှည်သော ချမ်းသာ ရလိုလျှင် သစ်ပင်စိုက်ကာ သစ်ပင်တို့နှင့်နေ။”
သစ်ပင်များကား ပွင့်သောအခါမှ အသီးသီး အရိပ်ရသော အခါမှ ပျော်ရွှင်စေသည် မဟုတ်။ မြေကြီးတွင် သစ်စေ့ များချသော တဒင်္ဂမှ စကာ၊ ရေလောင်းသောအခါ ပေါင်းသင်သောအခါ၊ မြေဆွသောအခါ၊ ပျော်ရွှင်သော ခံစားမှု ခံစားရသည်။ ပျိုးစေ့မှ အပင်ပေါက်လာ၊ တဖြည်းဖြည်း ကြီးလာသည်နှင့် အတူ ကျွန်တော်တို့၏ ပျော်သော ခံစားမှု များလည်း တဖြည်းဖြည်း ကြီးလာလေ့ရှိသည်။ “သဘာဝ” ထဲမှာနေရင်း အချိန်ကုန်လေ့ ရှိသူတို့ ဒါကိုသိကြသည်။ ငြီးငွေ့စရာ ချည်းဟု ထင်ရသော ဘ၀ကား စင်စစ် ချမ်းသာသောဘ၀၊ ပင်ကိုယ် ငြိမ်းအေးမှု၊ ငြိမ်သက်မှု နှင့် ပြည့်လျှမ်းသော ဘ၀။
သစ်ပင်စိုက်ဖို့ ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့နှင့် သဘာဝ၏ အစိတ်အပိုင်း ဖြစ်စေဖို့ အခွင့်အရေးရခြင်းကား ကျွန်တော့် အဖို့ တကယ့်သုခ ဖြစ်သည်။ သဘာဝ၏ အကျိုးကျေးဇူးကို ခံစားရုံ၌သာ ရပ်မနေဘဲ ပတ်ဝန်းကျင်ကို ပြုစု စောင့်ရှောက်ရာတွင် ကျွန်တော်တို့ တက်တက်ကြွကြွ လုပ်သင့်သည်။ ယခုကာလတွင် ထိုသို့သော အခွင့်အရေး မျိုး နည်းတော့နည်းသည်။ တောအုပ်ရိုင်းများ ဆက်တိုက်ကြုံ့လာသည်။ တောရိုင်းများ ပြန်လာအောင် လက်တွဲ ဆောင်ရွက် ကြဖို့လိုသည်။ ဒါသည် ကျွန်တော်တို့ ကိုယ်ပိုင် လက်များဖြင့် ‘ပျော်ရွှင်ခြင်း’ ကို စိုက်ခြင်း၏ နိဒါန်းဖြစ်သည်။
တချိန်တည်း၌ မိမိ နှလုံးသား၌ရှိသော “သစ်ပင်တစ်ပင်” ကို လည်း အပြင်မှ သစ်ပင်ထက် မလျှော့ဘဲ ဂရုစိုက်ဖို့ အရေးကြီးသည်။ ထိုသစ်ပင် ရှင်သန်သည်နှင့်အမျှ ကျွန်တော်တို့ စိတ်ငြိမ်းချမ်းသောကြောင့် ဖြစ်သည်။ ထိုသစ်ပင် ဘယ်လိုနေ သလဲ၊ ကျန်းမာသန်စွမ်းသလား၊ ကြုံ လှီညှိုးရော်သလား၊ ကျွန်တော်တို့ စိတ်မနော အတွင်းမှ ထိုသစ်ပင်အား ကျွန်တော်တို့ ဘယ်လောက် ဂရုစိုက်ပါသလဲ။
လူအများစုကြီးကတော့ သူတို့ အထဲတွင် သူတို့ ကိုယ်တိုင် ပြုစု ဂရုစိုက်ရန်လိုသော သစ်ပင်တစ်ပင် ရှိနေလေရဲ့ ဆိုသညါကိုပင် သတိထား ကြပုံမပေါ်။ ထိုသစ်ပင် ရှင်သန်ရဲ့လား ၊ ညှိုးနွမ်းသလား ၊ လုံးလုံးလျားလျား သတိမထားနိုင်ကြ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကျွန်တော်တို့ အချိန်မပေးနိုင်ကြသောကြောင့် ဖြစ်၏။ အချိန် အများစုကို ဗဟိဒ္ဓ အရာများနှင့် အလုပ်ရှုပ်နေကြသကိုး။ မိတ်ဆွေ၊ အလုပ်၊ တီဗွီ နှင့် မဆုံးနိုင်ကြတော့။ ထိုအရာများ ကို မလုပ်မဖြစ်ဟု ကျွန်တော်တို့ တွေးကြသည်။ အတွင်း အဇျွတ္တ ပြဿနာ များကိုရှောင်ရန် အပြင် ဗဟိဒ္ဓ သို့ ကြည့်နေကြသည်။ စိတ်ထဲက သစ်ပင်ကို လျစ်လျှူရှုလိုက်ကြသည်။ ဖျက်ပိုးများ၊ ပေါင်းပင်များ ၊ မိုးခေါင်ခြင်းများ နှင့် သူ့ခမျာ တိုးတော့သည်။ သို့သော် ယခုကား ပြန်လှန်ကြည့် ၍ “ကျွန်တော်တို့ ၏သစ်ပင်” ကို ပြုစုဖို့ အချိန်ကျပြီ။
ဤုကိစ္စမျာ လုံးဝ မခက်ခဲပါ။ ကောင်းတာ တစ်ခုလုပ်လျှင်၊ တစ်ခုခုပေးကမ်းလိုက်လျှင်၊ တစ်စုံတစ်ယောက် စိတ်ချမ်းသာအောင် ပြုလိုက်လျှင် ကျွန်တော်တို့ အတွင်းက သစ်ပင်ကို ကျွန်တော်တို့ ရေလောင်းနေတာ ဖြစ်သည်။ ပို၍ ပိုင်ဆိုင်လေလေ ပို၍ ပျော်လေလေဟု ကျွန်တော်တို့ သင်ခဲ့ရသည်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ၀ယ်လို့ရသည်ဟု လူတော်တော်များများ တွေးခဲ့ကြသည်။ ထို့ကြောင့် အရာဝတ္ထုများနောက် ပြေးလိုက်ခဲ့ကြသည်။ ပေးကမ်းခြင်းမှရသော ပျော်ရွှင်ခြင်းမှာ ပို၍နက်ရှိုင်းကြောင်း ပို၍သာကြောင်း လူအနည်းစုသာသိသည်။ ပေးကမ်းခြင်းကား စိတ်ထဲမှ သစ်ပင်ကို ရေလောင်း၏။ ရှင်သန်ကြီးထွားလာသော် အပွင့်များ၊ အသီးများ၊ အရိပ်များ ပေးလိမ့်မည်။ မယှဉ်သာအောင် ငြိမ်းချမ်းမှု ခင်ဗျားကို ပေးမည်။
သစ်ပင်စိုက်သော ပရောဂျက် တစ်ခုတွင် လုပ်အားပေးသူ အများစုသည် မထင်မှတ်သော ပျော်ရွှင်ချမ်းမြေ့မှုကို ရကြောင်း ပြောကြသည်။ ၂ ရက်ကြာသော ထိုပရောဂျက် အဆုံး၌ မိန်းမပျိုတစ်ယောက်က ၀န်ခံသည်။ မထမ ကနဦး စေတီပုထိုးရှေ့က ကွင်းပြောင်ပြောင်ကို ကြည့်ရင်း သူဟာ မြက်ပင်တွေလို အစုဝေးပဲဟု ခံစားရသတဲ့။ သစ်ပင်များ စိုက်ပြီးသော အခါမူ သူ့စိတ်အနေမြင့်မားလာသတဲ့။ အခုသူဟာ သစ်ပင်တစ်ပင်လို့ ခံစားရသတဲ့။ သူ့စိတ်ထဲက သစ်ပင်ရှင်သန်လာသကိုး။ မိတ်ဆွေများနှင့်အတူ အသုံးဝင်သော တစ်စုံတစ်ရာကို နှစ်ရက် လုပ်ရုံမျှနှင့် အင်အားရှိလာသည်။ မြက်ပင်မှ သစ်ပင်ဖြစ်လာသည်။ ကျွန်တော်တို့လည်း သည်အတိုင်း ပင်။ တစ်ယောက်ချင်းအပေါ် မူတည်သည်။ ကျွန်တော်တို့ အတွင်းက သစ်ပင်ကို ဘယ်လိုစိုက် ၊ ဘယ်လိုပြုစု စောင့်ရှောက်မလဲ။ စိတ်ချမ်းသာမှုကား သစ်ပင်နှင့် မခြားနား။ ငယ်သေးလျှင် မိုးကောင်းကင်နှင့် ဥယျာဉ်မှူးထံမှ ရေလိုသည်။ ကြီးလာသော် အထက်သို့သာ တက်သည်မဟုတ်၊ အောက်မြေကြီးသို့လည်း အမြစ်တွယ်သည်။ အမြစ်များ ရေကြောသို့ ရောက်လျှင်မူ မိုးခေါင်သည်ဆိုဦး စိမ်းလန်းနေမည်။ အောက်မှ ရေရနေသကိုး။
အမှန်စင်စစ် ခြောက်သွေ့ ပက်ကြားအက် ခရောင်းမြေပင် အောက်၌ရေရှိနိုင်သည်။ ကျွန်တော်တို့လည်း မကြာ ခဏ ခရောင်းမြေလိုပင် မျှော်လင့်ချက် ကင်းသယောင် ခံစားရသည်။ စိတ်ပျော်ရွှင် ဖို့အတွက် ခရီးသွား၊ စားကောင်းသောက်ဖွယ် ၊ အပျော်အပါး၊ စိတ်လှုပ်ရှားဖွယ်ရာများ ရှာကြံရသည်။ ထိုသို့သော ခံစားမှုများ ကြာရှည်မခံ။ ကောင်းကင်မှ မိုးရေ အပေါ် မှီခိုနေသော သစ်ပင်နှင့်သာတူသည်။ ဥတုခန်းခြောက်သော ထိုသစ်ပင် ကြုံလှီသည်။ မြေကြီး၌ နက်နက်ဝင်သော အမြစ်ရှိသည့် သစ်ပင်၊ အတွင်းမှ ရေကြောသို့ ရောက်သော သစ်ပင်ကား အတွင်းမှ ပျော်ရွှင်ခြင်းကို ဖမ်းယူနိုင်လေသည်။ ထိုအရာကား ကျွန်တော်တို့ အထဲ၌ရှိပြီးသားအရာ၊ ကျွန်တော်တို့ ကိုယ်နှင့်စိတ်ကပ်သောအခါ၊ ထိုသို့ ကပ်ရန် အချိန်ယူသောအခါ၊ ဆင်းရဲခြင်ါး် ချမ်းသာခြင်း နှစ်ခုလုံးမှာ မိမိအပေါ်တွင်သာ တည်ကြောင်း သတိပြုမိလာပါမည်။
ပေးကမ်းခြင်း၊ ကောင်းမှု (ကုသလ) တစ်ခုခုပြုခြင်း၊ သူတစ်ပါးကို ကူညီခြင်း၊ ဧကစာ တစ်ဦးတည်း အချိန်ကုန်လွန်ခြင်းတို့အားဖြင့် “အတွင်းက ငြိမ်းချမ်းခြင်း”ကို တွေ့ထိနိုင်ပါသည်။ ဒါကိုပင် နာမ်ဝါဒ (spirituality) ဟုခေါ်သည်။ တကယ်တော့ ဘာသာတရားနှင့် မဆက်ဆိုင်ပဲလျက် ကျွန်တော်တို့ တစ်ဦးခြင်းစီ၏ အတွင်း၌ “ပျော်ရွှင်ခြင်း” တည်ရှိပြီးဖြစ်ပါသည်။ အဆိုး တစ်ခုခု ၊ မကောင်းတာ တစ်ခုခု မဖြစ်မချင်း သတိမပြုမိခြင်းသာ ဖြစ်သည်။ နေမကောင်းမှ မနေ့က ဘယ့်ကလောက် ပျော်စရာ ရွှင်စရာ ဖြစ်ကြောင်း ကျွန်တော်တို့ သိလေ့ရှိပါသည်။
ကျွန်တော်တို့ က တစ်စုံ တစ်ရာ ကိုတမ်းမှန်လျက် ရှိတတ်သည်။ ကိုယ့်ကံကို သတိမမူနိုင်ကြ၊ ကျန်းမာတယ်၊ မိတ်ဆွေ၊ မိသားစု ၊ ချစ်တဲ့သူ တွေနဲ့ အတူရှိနေတယ် စသော ကိုယ့် ကံကောင်းခြင်းများကို အောက်မေ့နေရန် ခဲယဉ်းနေတတ်သည်။ ကျွန်တော်တို့ နှလုံးသားက တခြား တစ်စုံတစ်ရာ ကို သာ တမ်းမှန်းနေလျက်ရှိသည်။
ဦးကြီးတစ်ယောက် ဟိုစဉ်က ကျိုက်ထီးရိုး တက်သည့်အကြောင်း ပြောဖူးသည်။ တောင်ထိပ်မရောက်မှီ အားကုန်ပြီး ဆက်မတက်နိုင်သဖြင့် အထမ်းခေါ်ရသည်။ အပြန်ခရီး အဆင်းတွင်မှ လမ်းဘေးဝဲယာ က ရှုမျှော်ခင်းကို မြင်နိုင်သတဲ့။ တောပန်းတောင်ပန်း တွေ၊ သဘာဝက သိပ်လှသကိုးတဲ့။ အတက်မှာ သည်အလှတွေကို သူမတွေ့ သူစိတ်က ထိပ်ရောက်ဖို့ပဲ စွဲနေလို့။ လူ့ဘ၀နှင့် မခြားနားလှပါ။ အနာဂတ်သို့ သူတို့ စိတ်များရောက်နေ သောကြောင့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ကျော်ကြားလိုခြင်း ၊ ဂုဏ်သိန်သရေနှင့် အောင်မြင်ပေါက်ရောက်လိုခြင်းတို့ကြောင့် အနာဂတ်ဆီက ပျော်ရွှင်ခြင်းကို ငံ့လင့်လျက်ရှိသောကြောင့် ၊ တကယ်တော့ ယခုမျက်မှောက် ကိုယ့်ရှေ့၌ ပျော်ရွှင်ခြင်းရှိနေသည်။ ပစ္စုပ္ပန်၌ ရှိနေသော “ကောင်းတာများ” ကို သတိမထားနိုင်၊ ရှေ့မှာ တည်ရှိသော ပျော်ရွှင်ခြင်းတို့ကို ရှာဖွေမဆုံးနိုင်သောအခါ၊ ယင်းတို့ ဖြစ်မလာသော် ဆင်းရဲကြသည်။
ပန်းတိုင်၌ ပျော်လိမ့်မည် ဟုတွေးကာ ယင်းနောက် လိုက်သောအခါ နေ့တိုင်း ကလေးများနှင့် မိသားစုနှင့် အချိန်တစ်ချို့ ကုန်ဆုံးစေလျက်၊ လေ့ကျင့်ခန်းလုပ်လျက်၊ ငြိမ်သက်စွာ ထိုင်နေလျက်၊ ကိုယ်နှစ်သက်ရာ တစ်ခုခု လုပ်လျက်လည်းပျော်နိုင်သည်ကို မေ့သွားသည်။ အနာဂတ်၌ချည်း အာရုံမစိုက်ဘဲ “ယခုခဏ”ကို ဂရုစိုက်ပါ။ ယခုခဏကို ဂရုစိုက်ပါဟု ပြောခြင်း၌ ယခုရရှိသမျှနှင့် ရောင့်ရဲပါဟုသာ ဆိုလိုသည်မဟုတ်။ အတိတ် သို့မဟုတ် အနာဂတ် အတွက် ကြောင့်ကြဗျာပါဒ မရောက်ရန်လည်း ဆိုလိုသည်။ အတိတ်က လွန်ပြီးသမျှနှင့် မရောက်လာသေးသော အနာဂတ်အတွက် ပူပန်နေတတ်ကြသည်။ ပစ္စုပ္ပန်နှင့် နေနိုင်က ကျွန်တော်တို့ ပို၍ ငြိမ်းချမ်းမည်။ ပို၍ တည်ငြိမ်မည်။
သစ်ပင်ကား နေရောင်ကို မကြောက်၊ ကြီးပြင်ုး၍ အကိုင်ထွက်က နေရောင်ကို အရိပ်အဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ သစ်မြစ်များကလည်း အမှိုက်သရိုက် ကို မကြောက်၊ မြေဆီသြဇာ အဖြစ်၊ မွှေးသော အပွင့်များ အဖြစ်၊ အရသာရှိသော အသီးများအဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ စိတ်ကို စောင့်ကြည့်သော် သတိနှင့် ပညာနှင့် ဆင်ခြင်သော် ၊ ဆင်းရဲခြင်း၊ ဆုံးရှုံးခြင်း ၊ နာကျင်ခြင်းနှင့် သေခြင်းကိုသော်မှ ကျွန်တော်တို့ ကြောက်မည်မဟုတ်။ ဆင်းရဲခြင်းအား ပျော်ရွှင်ချမ်းသာခြင်းသို့ ၊ ကံဆိုးခြင်းအား ကံကောင်းခြင်းသို့ ကျွန်တော်တို့ ပြောင်းလဲနိုင်၍ ဖြစ်သည်။ နေ၏အပူကို အေးမြသော အရိပ်သို့ ၊ အမှိုက်သရိုက် ကို ချိုမြိန်သော သစ်သီးနှင့် ပန်းပွင့်များသို့ ပြောင်းနိုင်သော သစ်ပင်လိုပင်။
သဘာဝမှ သစ်ပင်များနှင့် မိမိစိတ်မှ သစ်ပင်၊ ထိုနှစ်ခုလုံးကို စိုက်ပျိုးရန် စောင့်ရှောက် ယုယရန်တော့ ကျွန်တော်တို့ အားထုတ်ဖို့လိုသည်။ ဒါမှသာ ထိုသစ်ပင်များ ရှင်သန်၊ အနက်အရှိုင်းနှင့် အမြင့်အမား ပေါက်ရောက်လျက် အရိပ်ကိုလည်းပေးမည်။ ပျော်ရွှင်ခြင်းကို လည်းပေးမည်။
မောင်မြတ်ထင်
ချင်းတွင်းမဂ္ဂဇင်း
အမှတ် ၂၂၊ နိုဝင်ဘာ၊ ၂၀၀၇
Posted by
Ulmuka
at
9:07 PM
1 comments
Labels: မျှဝေခြင်း, ဆောင်းပါး
ခံစားခွင့် တိုးမြင့်ရေး နည်းလမ်းတစ်ခု
ဒီစာစုလေးကို ကိုလူအေး ဘလော့မှ ခွင့်ပြုချက်နှင့်ယူလာပါတယ်။
ခံစားခွင့်တိုးမြင့်ရေးနည်းလမ်းတစ်ခု…
ကုမ္ပဏီတွေကောင်းစားတဲ့ ခေတ်ကာလမှာ ကုမ္ပဏီ ၀န်ထမ်းအဖြစ် အလုပ်လုပ်နေကြတဲ့ ဘလော့ဂါ ညီ အစ်ကို မောင်နှမတွေ အတွက် အသုံးတည့်မဲ့ နည်းလမ်းလေးတစ်ခု။ ကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ခါကျတော့ ရတဲ့လခက နည်းတယ်။ ပေးထားတဲ့ လခနဲ့ မတန်အောင် အခိုင်းခံရတယ်။ တကယ်ဆို သူများကုမ္ပဏီမှာဆို ဒီလောက်လုပ်ရင် ဘယ်လောက်ရတာ… ဒါတွေက ညည်းနေကျ စကားရပ်များ အဖြစ် ကိုယ်တိုင်လည်း ညည်းခဲ့ဖူး၊ လုပ်ဖော်ကိုင်ဖက်တွေ ညည်းတာတွေလည်း ကြားခဲ့ဖူးမှာပါ။
ဒီလို အခြေအနေကို ကြုံလာခဲ့ရရင် အများစုက ဘာလုပ်သလဲ။ သေချာတာကတော့ ၁၀၀ မှာ ၈၀ က ပေးထားတာထက် လျှော့ပေါ့မလုပ်ရင်နေမယ်။ ပိုပြီးတန်အောင်တော့ မကြိုးစားကြတော့တာ တွေ့ရတယ်။ အစကတည်းက ခံစားခွင့်၊လခက မတိုးရတဲ့ ကြားထဲမှာ အလုပ်ကို တန်ရာတန်ကြေးပဲသဘောထားလုပ်တဲ့ခါကျတော့ အဲသည် အလုပ်သမား၊ ၀န်ထမ်းသည် ဘယ်သောအခါမှ ခံစားခွင့် ထပ်တိုးပေးခြင်းမခံရတော့ပါဘူး။ အဲဒါနဲ့ပဲ ချာလည် ချာလည်နဲ့ ကုမ္ပဏီတစ်ခုမှာ မလုပ်၊ မရှုပ်၊ မပြုတ် ၀န်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်နေကြရတော့တာပါပဲ။
ဒီတော့ ကုမ္ပဏီဝန်ထမ်းအဖြစ် တာဝန်ထမ်းနေကြတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများ …. (နည်းနည်းတော့ ဆရာလုပ်မယ်ပေါ့နော်…) ခံစားခွင့်၊ လစာ ဒီထက်မတိုးချင်ဘူးလား။ (ဘယ်ပြောပါလိမ့်နော်) ကဲ တိုးချင်တယ်ဆိုရင် ကျွန်တော့်တုံးက သုံးခဲ့တဲ့ နည်းလေးဝေမျှမယ်ဗျာ…
ကျွန်တော့်နည်းက ရှင်းရှင်းလေးပါ။ အခုလောလောဆယ် ကို ဒီလောက်ပဲရနေတယ်ဆိုတာ ကို့ရဲ့ လုပ်ရည်ကိုင်ရည်၊ လုပ်ကိုင်ဆောင်ရွက်မှုတန်ဖိုးဟာ ဒီလောက်ပဲ တန်သေးလို့ပါ။ အဲဒီတော့ ဒီထက်များများလိုချင်ရင် ဘာလုပ်မလဲ၊ ဒီထက် ထိုက်တန်အောင် ကိုက ကြိုးစားရုံပဲရှိတော့တာပေါ့။ ဘယ်လိုကြိုးစားရမယ်ဆိုတာကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ စပ်လျဉ်းပြီး ကိုယ်သာ အသိဆုံးဖြစ်မှာပါ။
ဒီလိုပြောတော့ စာရှုသူက ပြန်ပြောချင်မယ်။ အမယ် သူများကုမ္ပဏီတော့ ဟုတ်ချင်ဟုတ်မယ်။ တို့ကုမ္ပဏီကတော့ ဒီလို မဟုတ်ပေါင်… အခုထက် ဆယ်ဆမကလုပ်ပေးလည်း လခတိုးမပေးဘူး။ မောင်ရင့်နည်းက တို့ကုမ္ပဏီအတွက်တော့ မှားသွားပြီဆိုပြီး ပြောချင်သူတွေ ရှိနိုင်ပါတယ်။ အိုကေ… အဲဒီအတွက် အဖြေက ဒီလိုရှိပါတယ်။
လောကကြီးဟာ မျှခြေအခြေအနေမှာ အမြဲရှိနေတယ်။ လူတစ်ဦးနဲ့ သူရောက်နေတဲ့ နေရာရဲ့တန်ဖိုးကို လောကကြီးက အမြဲ ချိန်ညှိပေးရပါတယ်။ ၁၀ ဖိုးတန်တဲ့သူနဲ့ ၁၀ ဖိုးတန်တဲ့ နေရာနဲ့ အမြဲ ဒွန်တွဲပေးရပါတယ်။ အကယ်လို့ ကိုယ်ရောက်နေတဲ့ နေရာသည် ၁၀ တန်တဲ့နေရာဖြစ်ပြီး ကိုယ်က အဲဒီထက် ပိုတန်ဖိုးမြင့်နေခဲ့မယ်ဆိုရင် (၁၅ ကျပ်တန်တယ်ဆိုပါစို့ဗျာ) အခြေအနေနဲ့ လူသည် တန်ဖိုး မကိုက်ညီတော့ပါဘူး။ အဲဒီအခြေအနေမှာ လောကကြီးရဲ့ မျှခြေ ပျက်နေပြီဆိုတာ လောကကြီးက သိပြီး ပြန်ညှိပေးရပါတယ်။ ညှိတဲ့ ပုံစံက နှစ်နည်းဖြစ်နိုင်ပါတယ်။ လက်ရှိ မိမိလုပ်နေတဲ့ ကုမ္ပဏီက မိမိကို ခံစားခွင့်တိုးပေးသည်ဖြစ်စေ၊ အကယ်လို့ တိုးမပေးခဲ့ဘူးဆိုရင်လည်း မိမိရဲ့ အခု ခံစားခွင့်ထက်ပိုတဲ့ ခံစားခွင့် ပေးတဲ့ အလုပ်ကို ပြောင်းရွှေ့နိုင်မဲ့ အခွင့်အလမ်း ရရှိလာပါလိမ့်မယ်။ အဲဒီအခါ မိမိက နှစ်လမ်းထဲက တစ်လမ်းရွေးရုံပါပဲ။ မိမိကုမ္ပဏီက တိုးပေးတဲ့ ခံစားခွင့်ကို ကျေနပ်တယ်ဆိုရင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပြီး၊ တိုးမပေးခဲ့ဘူးဆိုရင်တော့ တိုးပေးတဲ့ ကုမ္ပဏီကို ပြောင်းရုံပါပဲ။
သို့အတွက် အခုလက်ရှိအလုပ်သည် မိမိအတွက် မထိုက်တန်ဘူးလို့ ပဲဖြစ်ဖြစ်၊ မိမိရတဲ့ ခံစားခွင့် လခသည် လုပ်နေရတဲ့ တာဝန်နဲ့ မထိုက်တန်ဘူးလို့ ယူဆခဲ့ရင်ပဲ ဖြစ်ဖြစ် အခုထက် ပိုတန်အောင်သာ ကြိုးစားလုပ်ပေတော့ ဗျို့… ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတချို့တော့ ဒီနည်းနဲ့ ကြိုးစားခဲ့တာ အောင်မြင်မှုရခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း အဆင်မပြေဘူးဆိုရင် စမ်းကြည့်နိုင်အောင်လို့ ဝေမျှလိုက်ခြင်းပါ။….
မောင်လူအေး
Posted by
Ulmuka
at
8:38 PM
0
comments
Labels: မျှဝေခြင်း, ဆောင်းပါး
Friday, December 7, 2007
ကြောက်တဲ့ အကောင်
မေပျိုTag ထားတာ တော်တော်ကြာနေပြီ။ အခုမှပဲ ရေးဖြစ်တော့တယ်။ တော်ပါသေးရဲ့ သူက အတိုးပါ လာမတောင်းလို့။ အခုဆပ်ပြီနော်။ ကောင်းကောင်းလေး ရေးပေးချင်လို့ ကြာသွားတာပါဗျ။
………………………………………………………………………………………………….
ကြောက်တဲ့ အကောင်
စဉ်းစားကြည့်တော့ သက်ရှိသတ္တ၀ါတွေထဲမှာ ကြောက်တာက ဘာမှမရှိသလိုပဲ။ လူတွေကိုတော့ ကြောက်တယ်။ တခြားအကောင်တွေကိုတော့ မကြောက်သလိုပဲ။ အကောင်အထည် ရှိတဲ့ အကောင်တွေကိုတောင်မှ မကြောက်တာ။ အကောင်အထည်မရှိတဲ့ သရဲတို့ တစ္ဆေတို့ဆိုတာ မတွေ့ မချင်းမကြောက်ဘူး။ တွေ့ရင်တော့ ကြောက်မလားမသိဘူး။ :D တွေ့လဲ မတွေ့ဖူးဘူး။ တွေ့အောင်တော့ လည်းလိုက်မရှာချင်ဘူးလေ။ ဆေးရုံမှာ နေတုန်းကလည်း တစ်ခါတစ်လေ အခန်းအကျယ်ကြီးမှာ တစ်ယောက်ထဲ အိပ်ဖူးတယ်။ သူများပြောတဲ့ သူရဲတို့ ဘာတို့ မတွေ့ပါဘူး။ တစ်ခါတစ်လေတော့လည်း စဉ်းစားကြည့်မိတယ်။ ကိုယ့်ရုပ်ကပဲ သူရဲ ထက်ဆိုးနေလို့လားပေါ့။ ဖြစ်နိုင်ပါတယ်။ ညဆို မှန်တောင်မကြည့်ရဲဘူး။ လိပ်ပြာလွင့်သွားမှာ စိုးလို့။ အဲလေ ပြောချင်တာကတော့ အခုထိ သရဲတို့ တစ္ဆေတို့ဆိုတာ မတွေ့ဖူးသေးဘူး။ အဲဒီတော့ ကြောက်မကြောက်လည်း မသိသေးဘူးပေါ့။ မကြောက်ဘူးလို့ပဲ ယူဆလိုက်နော်။ :P
ကျွန်တော်ကြောက်တဲ့ အကောင်လေးတွေတော့ ရှိတယ်ဗျ။ သူတို့တွေက သာမန်မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ရောဂါပိုးလေးတွေပေါ့။ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် လို့ခေါ်တယ်လေ။
ဘက်တီးရီးယား
ဘတ်တီးရီးယား ဆိုတာက ဆဲလ် တစ်လုံးထဲရှိတဲ့ အလွန်သေးငယ်တဲ့ သတ္တ၀ါတွေပါ။ ပုံမှန်အားဖြင့် မိုက်ခရိုမီတာ (Micrometer) အနည်းငယ်သာရှည်ပါတယ်။ ပုံစံတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ စက်လုံးပုံ ( spheres) အချောင်းပုံ (rods) စပရိန်ပုံ သို့မဟုတ် ကြောင်လိမ်လှေကားပုံ ( spirals) စသည်ဖြင့်ပေါ့လေ။ ဒီကောင်လေးတွေက နေရာတိုင်းမှာ ရှိတယ်ဗျ။ မြေကြီးထဲမှာလဲရှိ၊ ရေပူစမ်းတွေမှာလည်းရှိ၊ ပင်လယ်ရေထဲမှာ လဲရှိ။ နောက်ဆုံး ရေဒီယို ဓါတ်သတ္တုကြွ စွန့်ပစ် ပစ္စည်း တွေမှာတောင် နေနိုင်တယ်တဲ့ဗျ။ မြေကြီး တစ် ဂရမ် (1g) မှာဆိုရင် ဘက်တီးရီးယားအကောင်ပေါင်း သန်းလေးဆယ်လောက်ပါလေ့ရှိပြီး လတ်ဆတ်တဲ့ ရေ (fresh water) တစ်မီလီမီတာ (1mm) မှာ ဆိုရင် ဘတ်တီးရီးယားပိုး တစ်သန်းလောက်ပါလေ့ ရှိပါတယ်တဲ့။
ဒီဘတ်တီးရီးယားတွေက အာဟာရတွေကို ပြန်လည် အသုံးချမှု (recycling of nutrients) ဖြစ်စဉ်မှာ အရေးကြီးတဲ့ အခန်းကနေ ပါပါတယ်။ လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားပိုးတွေဟာ လူ့ကိုယ်မှာရှိတဲ့ ဆဲလ်တွေ စုစုပေါင်းထက်ကို ၁၀ဆ များပါတယ်။ အများဆုံးနေတာကတော့ အရေပြားပေါ်မှာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ။ ဒီဘတ်တီးရီးယားတွေ အများစုက လူကို အန္တရာယ် မပြုတဲ့ အပြင် ကောင်းကျိုးတောင်ပေးပါသေးတယ်။ စက်ရုံတွေမှာ ဆိုရင် ဘက်တီးရီးယားတွေကို ရေဆိုးသန့်စင်တဲ့နေရာ (Waster Water Management) မှာရော၊ ချိစ် (cheese) တို့ ဒိန်ချဉ်(yoghurt) တို့ ထုတ်လုပ်တဲ့ နေရာမှာရော ၊ ပိုးသတ်ဆေးတွေ နဲ့ တခြား ဓာတုပစ္စည်း တွေထုတ်တဲ့ နေရာတွေမှာပါ အသုံးပြု ကြပါတယ်။
တစ်ချို့သော ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယား တွေရှိပါသေးတယ်။ သူတို့ကနေ ကူးစက်ရောဂါ တွေ ဖြစ်၊ လူတွေသေစေ နိုင်ပါတယ်။ လူသိများတဲ့ အကောင်တွေကတော့ ကာလ၀မ်းရောဂါပိုး (cholera) ၊ ဆစ်ဖလစ်ရောဂါပိုး (syphilis) (ကာလသားရောဂါ လို့လဲခေါ်ပါတယ်)၊ အနာကြီးရောဂါပိုး (leprosy) နဲ့ ပလိပ်ရောဂါပိုး (plague) တို့ဖြစ်ကြပါတယ်။ နောက်တစ်ခုကတော့ အခုနှစ် အတွင်းမှာ ခုခံအားကျဆင်းမှု ရောဂါ (Acquired Immune Deficiency Syndrome, AIDS) နဲ့ပေါင်းပြီး ပြန်ခေါင်းထောင်လာတဲ့ တီဘီ (tuberculosis) ပါ။ ကမ္ဘာပေါ်မှာ သူက တစ်နှစ်ကို လူ၂ သန်းလောက်ကို သတ်နေပါတယ်။
တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ ဘတ်တီးရီးယား တွေကို သတ်ဖို့ ပိုးသတ်ဆေးတွေကို ရောဂါကုတဲ့ နေရာမှာကော၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ရလာတဲ့ အကျိုးဆက်ကတော့ ဒီပိုးတွေဟာ ပိုးသတ်ဆေး ယဉ်ပါးလာတာပါပဲ။ ဆေးမျိုးစုံ ယဉ်ပါး တီဘီ (Multidrug Resistant TB, MDRTB ) ဆိုရင် အင်မတန်မှ ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော် တောင်ကြီးဆေးရုံမှာ နေတုန်းက ကလေးမလေး တစ်ယောက် တွေ့ဖူးပါတယ်။ အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ အင်းလေးကပါ။ ၇တန်းကျောင်းသူလေး။ စာလည်းတော်တယ်။ ဆရာဆရာမတွေလည်း သူ့ကို တော်တော်ချစ်ကြပါတယ်။ တီဘီကို ပထမအကြိမ် ဆေးပါတ်လည်အောင် မသောက်ဘူး။ ဒုတိယအကြိမ်ပြန်လာပြတော့ တီဘီက တစ်ကိုယ်လုံးကို ပျံ့နေပြီ။ (Disseminated TB ပေါ့။ )ကျွန်တော်တို့ ဆရာကြီးက ဆေးငါးမျိုး ( ဒါရှိတဲ့ ဆေးအကုန်ပါပဲ) ကို နှစ်လပေးတယ်။ လုံးဝမသက်သာဘူး။ နောက်ထပ် တစ်လထပ်ပေးတယ် မသက်သာဘူး။ MDR တီဘီလို့ ယူဆပြီး နောက်ထပ်ဆေးတွေ ထပ်တိုးပါတယ်။ နည်းနည်းပဲ သက်သာပါတယ်။ ကျွန်တော်တို့ တခြားဆေးရုံကို ပြောင်းတဲ့ အထိ ဆေးရုံမှာ နေနေရတုံးပါ။ နောက်ပိုင်းတော့ ဘာဖြစ်သွားလဲ ဆိုတာ အဆက်အသွယ် ပြတ်သွားလို့ မသိတော့ပါဘူး။ နေကောင်းပါစေလို့ ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
ပုံမုန်အားဖြင့် ဒီလိုဆေးမတိုးတဲ့ တီဘီတွေဟာ အရင်တုန်းက တော်တော်ကို ရှားပါတယ်။ စစချင်းကို ဆေးသုံးမျိုးတိုက် တာကြောင့် ဆေး တစ်မျိုး မဟုတ်ရင် တစ်မျိုးကတော့ ဒီပိုးကို နိုင်ပါတယ်။ဆေးပါတ်လည်အောင် မသောက်တာတို့ ၊ ဆေး ပုံမုန်မသောက် တာတို့ ၊ ကျန်းမာရေးဝန်ထမ်းတွေက ပိုးသတ်ဆေးတွေကို အရမ်းကာရော သုံးတာတို့ ကြောင့် ဆေးအကုန်ယဉ်ပါးပြီးတော့ ဆေးမတိုးတဲ့ အခြေအနေ ရောက်နိုင်တာပါ။ ( ဒီကိစ္စ မှာ ဆရာဝန်တွေ ဆရာမတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ကျွန်တော် အပါအ၀င်ပေါ့လေ။ ရိုးရိုးသာမန်ဖျားတဲ့ နာတဲ့လူတွေ ကို မလိုအပ်ပဲ ပိုးသတ်ဆေးတွေ ပေးတာမျိုးတွေပါ။အင်းထဲမှာဆိုရင် ရိုးရိုးဖျားတာ ကိုတောင်မှ စတက်တိုမိုင်စင် (Streptomycin, first line drug in TB) ထိုးတယ်လို့ ကြားတယ်။ ရောဂါပိုးတွေ ဆေး ယဉ်ပါးလာတာ ဒါတွေကြောင့်လည်း အများကြီးပါပါတယ်။ စကားချပ်။ )
ဒီ MDRTB မဖြစ်အောင် လူနာကို ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုပြီး ဆေးတိုက်ကျွေးတဲ့ စနစ် (Directly observed Treatment Short Course, DOTS) ကိုကျင့်သုံးနေပါတယ်။ မြန်မာ နိုင်ငံမှာလည်း တီဘီကို အမျိုးသား စီမံကိန်း (National Program ) အနေနဲ့ တိုက်ဖျက်နေပါတယ်။
ဒါပေမယ့် လူနာတိုင်းကို အဲဒီ DOTS စနစ်နဲ့ ဆေးတိုက်ကျွေးခဲ့ရင်တောင်မှ တီဘီ ကို ပျောက်အောင် ကုသနိုင်တဲ့ နှုန်းက ၉၅ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ကလည်း လူအင်အားမလုံလောက်တာ ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာ တွေကြောင့် လူနာတိုင်းကို စောင့်ကြပ်ကြည့်ရှုပြီး ဆေးတိုက်ပေးဖို့ ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ပျောက်ကင်းအောင် ကုသ နှိုင်တဲ့ နှုန်းဟာ ဘယ်လိုမှ ၉၅ ရာခိုင်နှုန်းမရှိနိုင် ပါဘူး။ လျှော့လျှော့ ပေါ့ပေါ့ စဉ်းစားရင်တောင် ၈၀ ရာခိုင်နှုန်းထက်တော့ ဘယ်လိုမှ မကျော်ဘူးလို့ ထင်မိပါတယ်။
ဒါကြောင့်လဲ အခု မြန်မာနိုင်ငံအတွက် ရောဂါသုံးခုအတွက် ရန်ပုံငွေ (3D fund) ကနေပြီးတော့ တီဘီ၊ ဌက်ဖျား (Malaria)နဲ့ ခုခံအားကျရောဂါ (HIV, AIDS) အတွက် ဒေါ်လာသန်းနဲ့ချီပြီး ငါးနှစ် စီမံကိန်း အနေနဲ့ ချပေးထားပါတယ်။ ဒီ အလျှူငွေတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊( ပြည်တွင်းရော နိုင်ငံတကာ ရောပေါ့၊) က နေ တဆင့် ပြည်သူတွေဆီကို ပို့ပေးမှာပါ။ အဲဒီတော့ တီဘီကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ အားလုံးလဲ ၀ိုင်းဝန်းကူညီသင့်ပါတယ်။ အနည်းဆုံးတော့ နီးစပ်ရာ သံသယရှိတဲ့ လူနာတွေကို ဆေးအမြန်ဆုံး ကုသမှု ခံယူဖို့ ၊ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေ ကိုလည်း ဆေးပါတ်လည်အောင်သောက်ဖို့နဲ့ ဆေးကို ပုံမုန်သောက်ဖို့ လောက်တော့ ပြောပြနိုင်မယ်လို့ ထင်မိပါတယ်။
Posted by
Ulmuka
at
6:13 PM
4
comments
Labels: tag ဂိမ်းဆော့သမျှ
Thursday, December 6, 2007
ကျွန်တော့်၏ ulmuka
ကိုပီကေ က Tag တယ်ဗျ။ သူများတွေကလည်း ရေးပြီးကုန်ကြပြီ။ ကိုယ်ကလည်း ဘယ်နေမလဲ။ရေးမှာပေါ့ ။ ရေးချင်နေတယ်လေ။ ကဲ ကိုပီကေ ရေးပြီနော်။
………………………………………………………………………………………………………………..
အောက်တိုဘာလထဲရောက် တော့ ကိုယ့်ဘာသာကိုယ် ဘလော့ရေးချင်လာတယ်။ အဲဒါနဲ့ Chaos ကို မြန်မာလိုရေးတဲ့ ဘလော့ဂ် ဘယ်လိုလုပ်ရမလဲမေး ပြီးတော့ ဇီးကွက် တစ်ကောင်ရဲ့ ဘလော့ဂ် ကို စလုပ်ဖြစ်တယ်။ ဘလော့ဂ်မှာ user name ဆိုတော့ ဇီးကွက်လို့ပဲ ပေးချင်တယ်။ Owl လို့ လဲ မရေးချင်ဘူး။ Zee Kwet လို့လဲ မရေးချင်ဘူး။ အဲဒီတော့ ထုံးစံအတိုင်း google မှာရှာလိုက်တယ်။ အဲဒီမှာ ulmuka ဆိုတာ Sanskrit ဘာသာစကား (ဟိန္ဒူ ) လို ဇီးကွက်ကို ခေါ်တာလို့ သွားတွေ့တယ်ဗျ။ အဲဒါနဲ့ ulmuka.blogspot.com ဆိုပြီးဖြစ်လာရော။
စရေးဖြစ်တာ က အောက်တိုဘာ ၁၇ ရက် မှာ။ အင်တာနက်ကို ကျေးဇူးတင်ခြင်းဆိုပြီး ပို့စ် တစ်ခုရေးဖြစ်တယ်။ ပြီးတော့ ဘာရေးရမှန်းမသိဘူး ။ ဟန်နီက မြောက်ပေး အဲလေ အားပေးတယ် ။ ရေးချင်တာသာရေးတဲ့။ အဲဒါနဲ့ သူတောင်းစားအကြောင်း စရေးဖြစ်တယ်။ ပြီးတော့ လူလူသူသူဖြစ်အောင် စီပုံးလေးထည့် လိုက်တယ်။ မညလေးက font တွေ ကြီးနေတာကို ချုံ့လိုက်ဖို့ အကြံပေးတယ်။ အဲဒါနဲ့ပဲ ဇီးကွက် တစ်ကောင်ရဲ့ ဘလော့ဂ် က နည်းနည်းပုံစံကျ လာတယ်ပေါ့။ မလင်း က သူတောင်းစား အကြောင်းကို သူ့ရဲ့ ညနေခင်းသတင်းမှာ ကြော်ငြာ ထည့်ပေးတယ်။ (ကျေးဇူးပါဗျာ။ )
နောက်တော့ ဘလော့ဂ်တွေလိုက်လည်ရင်း သူငယ်ချင်းတွေတိုးလာတယ်။ ကိုယ်လည်း ဘလော့ဂ်ဂါ အိမ်ယာထဲမှာ အိမ်ခန်းတစ်ခန်းပိုင်လာတယ်လို့ပဲ ပြောရမှာပေါ့။ မနက်မိုးလင်းရင် ကိုယ့် စီပုံးမှာ ဘယ်သူတွေ ဘာလာအော်သွားလဲ ကြည့်ချင်တယ်။ သူများ ဘလော့ဂ်တွေ မွေးနေ့ပွဲ လုပ်ရင် သွားချင်တယ်။ မုန့်ကျွေးရင် စားချင်တယ်။ (ငတ်တယ်လို့ ပြောချင်ပြောဗျာ။) ကိုယ့် ဘလော့ဂ် မှာ ပို့စ် အသစ်မတင်နိုင်ရင် မျက်နှာငယ်တယ်။ (အဲဒီတော့ ညဥ့်နက် သန်းခေါင်ထိရေးတာပေါ့။ တစ်ခါ တစ်လေ ခရီးထွက်ရတာများလို့ စာမရေးနိုင်တာတော့ ခွင့်လွှတ်ပေးကြပါဗျာ။) သူများ Tag တာကိုလည်းရေးချင်တယ်။ ကိုယ့်စိတ်ထဲ မှာ ရှိတာတွေလည်းရေးချင်တယ်။ မြင်သမျှတွေ့သမျှ ကို ရေးချင်နေတော့တာပဲ။ အဲဒါနဲ့ ဘလော့ဆေးသွားစစ်ကြည့်လိုက်တော့ ၆၀% စွဲနေပြီတဲ့။ အဲဒါက အောက်တိုဘာတုန်းက စစ်တာနော်။ အခုစစ်လိုက်ရင် ဂုဏ်ထူးတော့ အသာလေးထွက်တယ်။
ကျွန်တော့် အတွက်ကတော့ ဘလော့ဂ်ဆိုတာ အနားယူ အပန်းဖြေစရာ နေရာလေးတစ်ခုပါပဲ။ တစ်ခုရှိတာက ကျွန်တော် စာရေးမကောင်းဘူးဗျ။ ကိုယ်ဟာကိုယ်လည်း သိပါတယ်။ ရေးသာရေးနေရတာ ရေးရင်းရေးရင်းနဲ့ တောင်ရောက် မြောက်ရောက်တွေဖြစ်လို့။ (ခုတောင် ဘလော့ဂ် အကြောင်းရေးနေရင်း ဘယ်ရောက်သွားပါလိမ့်။ :P ) မတတ် နိုင်ဘူးလေ။ ရေးချင်တာကိုး။ ရေးတာကတော့ ရေးနေမှာပါပဲ။ တဖြည်းဖြည်းနဲ့ တိုးတက်လာပါစေလို့ မျှော်လင့်ရတာပဲလေ။
Posted by
Ulmuka
at
9:47 PM
3
comments
Labels: tag ဂိမ်းဆော့သမျှ
Tuesday, December 4, 2007
My December
ကျွန်တော်နဲ့ ဒီဇင်ဘာ
ဒီဇင်ဘာလတော့ ရောက်လာပြီ။ ပြန်စဉ်းစားကြည့်တော့ ဘာမှလည်း အမှတ်တရ သိပ်မရှိသလိုပဲ။ ငယ်ငယ်တုန်းက လည်း ဒီဇင်ဘာ ဆိုရင်အေးတာပဲ သိတယ်။ ဗုဒ္ဓဘာသာဝင် ဆိုတော့လည်း ခရစ်စမတ်တို့ ၊ နယူးရီးယားတို့ နဲ့ ဝေးတယ်လေ။ အမှတ်တရ တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော် ဆယ်တန်းနှစ်တုန်းကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲမှာ ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့မှာ မွေးတာတစ်ယောက်ပါတယ်ဗျ။ အဲဒီတော့ သူက သူ့မွေးနေ့နဲ့ နယူးရီးယားနဲ့ တွဲပြီး မီးပုံပွဲ လုပ်မယ်ပေါ့လေ။ သူငယ်ချင်းတွေကလည်း ခပ်ကဲကဲတွေပဲ ဆိုတော့ အကုန်သဘောတူကြတာပေါ့။ ကိတ်မုန့်တွေဘာတွေမှာ ထင်းတွေဘာတွေစုပေါ့။
အဲဒီမှာ ပြဿနာတက်တာ က အဆောင်နေတဲ့ သူငယ်ချင်းနှစ်ယောက်။ သူတို့ကလည်း လာချင်တယ်။ အဲဒီအဆောင်ကလည်း ကျွန်တော်တို့ရဲ့ ဘိုင်အို ကျူရှင်ဆရာမ ဖွင့်ထားတာ။ ဆရာမက စည်းကမ်း တအားကြီးတယ်။ ကျွန်တော်တို့ကလည်း ဆရာမဆို တစ်အားကြောက်တာ။ ဟိုနှစ်ကောင် ကလဲ ငကဲတွေဆိုတော့ လာကိုလာမယ်။ အဆောင်က ခိုးထွက်လာမယ်။ အဆောင်နောက်မှာ လာခေါ်ပေါ့။ အဲဒီနေ့က ဆရာမကလဲ အဆောင်မှာ နယူးရီယားပွဲ လုပ်တယ်။ အဲတော့ ကျွန်တော်တို့လဲ သူတို့ ပွဲပြီးတဲ့ အချိန်လောက် သွားခေါ်တယ်။ ဆိုင်ကယ်နဲ့ပေါ့။
ရောက်တော့ ဟိုနှစ်ကောင်က အိမ်သာနားမှာစောင့်နေပြီ။ အိမ်သာက အဆောင်နောက်မှာလေ။ ဟွန်းနှစ်ချက်လောက်တီးရင် ကို နံရံပေါ် ကျော်ပြီးဆင်းလာရော။ အဆင်ကို ပြေလို့။ ဟိုနှစ်ကောင်ကလဲ ဘေးကလူတွေကို မှာခဲ့တယ်။ ငါတို့ အပြင်သွားမယ် ။ ဆရာမ မေးရင် အိပ်နေပြီလို့ပြောပေးပါ ဘာညာပေါ့။ အဲဒီတော့ အေးဆေးပေါ့။ ဆိုင်ကယ်တွေနဲ့ မြို့ထဲ ပတ်။ ပြီးတော့ သူငယ်ချင်းအိမ်သွား ကိတ်မုန့်စား၊ မီးပုံ ဘေးမှာထိုင် ဂစ်တာတီးပြီး သီချင်းတွေဆိုကြ။ ပျော်လိုက်တာများ။ နှစ်နာရီလောက်ကျတော့ လူတိုင်းကလည်း အိပ်ချင်ပြီဆိုတော့ အိမ် ဧည့်ခန်းမှာစုပြီး အိပ်ကြတယ်။
သုံးနာရီလဲ ကျရော ဖုန်းလာပါလေရော။ အဆောင်မှာ ကျန်ခဲ့ တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တာ။ ဆရာမသိသွားပြီတဲ့။ ကျွန်တော်တို့ နေနေတဲ့ အိမ်ကို ထွက်လာနေပြီတဲ့။ ကျွန်တော်တို့လဲ ကြောက်ကြောက်နဲ့ ဟိုနှစ်ကောင်ကို ပြန်ပို့တာပေါ့။ ပျော်ထားတာတွေလဲ ဘယ်ရောက်ကုန်မှန်းကို မသိတော့ဘူး။ သူတို့ကို အဆောင်ပြန်ပို့ ရင် ကိစ္စပြီးပြီဆိုပြီး အဆောင်ပြန်ပို့တာလေ။
ပြန်လဲရောက်ရော ဆရာမလာသွားတယ်တဲ့။ သွားပို့တဲ့ လူတွေနဲ့ အ၀င် အထွက်ပဲ လွဲတာဆိုပဲ။ အိမ်မှာကျန်တဲ့လူတွေကလည်း ဆရာမ လာပြီဆိုတာနဲ့ အိမ်သာထဲ ၀င်ပုန်းတဲ့ လူကပုန်း။ ကုတင်အောက်ဝင်ပုန်းတဲ့သူ ကပုန်းနဲ့။ ပြီးတော့မှသာ တစ်ယောက်ကို တစ်ယောက်ပြောပြီးရီကြတာ။ ဘယ်သူက အိမ်သာထဲပြေးတာ ဘယ်သူက ကုတင်အောက်မှာပေါ့လေ။ အဲဒီတုန်းက ဘယ်လိုမှ မရီနိုင်ဘူး။ ဆရာမကို အိမ်ရှင်သူငယ်ချင်းကပဲ ရှင်းပြရတာပေါ့။ သူ့အိမ်မှာကိုး ။ (ကျန်တဲ့လူတွေကလဲ ပုန်းကုန်ပြီလေ) သူကလဲ ကြောက်ကြောက်နဲ့ ဟုတ်ပါတယ်။ လာသွားပါတယ်။ အခုပြန်သွားပါပြီဆိုပြီး ပြောလိုက်တယ်တဲ့။ ဘယ်သူပါသေးလဲ ဆိုတော့ မပါပါဘူးလို့တော့ပြောတယ်။ ဆရာမက ဘယ်ယုံမလဲ အိမ်ရှေ့မှာက ဖိနပ်တွေ အများကြီးလေ။ ဆိုင်ကယ်တွေကလည်း အကုန် အိမ်ရှေ့မှာ ဆိုတော့။
နောက်နေ့မှ သိရတာက ဆရာမက အဲဒီနေ့က မသင်္ကာလို့ လူဝင်စစ်တာတဲ့။ လူမရှိတော့ ဘေးကလူကို မေးတာပေါ့။ ဟိုလူတွေကလည်း ဆရာမ နှစ်ခါမမေးရပါဘူး။ ဘယ်သွားတယ် ဆိုတာ တန်းပြောတာပဲ။ တစ်ခါပြေး တစ်ခါမိပါပဲပေါ့။ ဟိုနှစ်ကောင်ကတော့ ကြိမ်လုံးစာမိတယ်။ ကျွန်တော်တို့ ကတော့ ဆရာမကို မျက်နှာပူလို့ ကျုရှင်ကို တစ်ပါတ်မတက်ဘူး။ မတက်မှပဲ ကျွန်တော်တို့ပါတယ်ဆိုတာ ၀န်ခံပြီးသားဖြစ်ရော။ တော်တော့်ကို အဆူခံလိုက်ရတယ်။ နယူးရီးယား အမှတ်တရ လေးပေါ့။
…………………………………………………………………………………………………….
ဒီဇင်ဘာ အမှတ်တရကတော့ အဲဒါပါပဲ။ အဲဒီတုန်းက လုံးဝ အရက်မသောက် တတ်သေးပါဘူး။ (မယုံရင် ပုံပြင်မှတ်ပေါ့ဗျာ ဟတ် ဟတ် ဟတ်) ။နောက်ပိုင်းနှစ်တွေကတော့ နယူးရီးယားဆိုရင် ၁၂နာရီအထိ သောက်တယ်။ ပြီးရင် မမူးသေးရင် ထပ်သောက်တယ်။ မူးရင် ၀င်အိပ်တယ်။ ဒီတော့ ဒီဇင်ဘာမှာရတာ hangover ပဲရှိတော့တယ်။
Posted by
Ulmuka
at
9:42 PM
1 comments
Labels: tag ဂိမ်းဆော့သမျှ
IQ test
ဥာဏ်စမ်းပဟေဠိ
အားလုံးပဲ ဖြေကြည့်ကြပါ။ ပျော်စေဖို့သာ ရည်ရွယ်ပါတယ်။ မေးခွန်းလေးခု မေးမယ်နော်။ ပြီးရင် အပိုတစ်ခု ထပ်မေးပေးမယ်။ ဒီမေးခွန်းတွေကို မစဉ်းစားပါနဲ့။ မြန်မြန်နဲ့ ဆက်တိုက်ဖြေပါ။ အားလုံးမှန်ရင် မုန့်ကျွေးမယ်ဗျာ။
ကိုယ့်ကိုယ်ကို ဘယ်လောက်တော်လဲ စမ်းချင်နေကြပြီမလား။
ကဲ စပြီနော်။
မေးခွန်း (၁)
သင်ဟာ အပြေးပြိုင်ပွဲ တစ်ခုမှာ ၀င်ပြိုင်နေတယ်ဆိုပါစို့။ ဒုတိယလူကို သင်ကျော်တက်လိုက်ရင် သင်ဘယ်အဆင့်ကို ရောက် လာမလဲ။
ကဲအဖြေပေးမယ်နော်။
အားလုံးသိပ်တော်ကြတာပဲ။ အကုန်မှန်ကြတယ်။
သင်ဒုတိယနေရာကို ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယလူကို ကျော်တက်လိုက်ရင် ကိုယ်က သူ့နေရာ ရသွားပြီလေ။ အဲဒီတော့ ဒုတိယပေါ့။ ပထမလို့ ဖြေတဲ့ လူတွေလည်း စိတ်ဓါတ်မကျ ကြပါနဲ့။ ဒုတိယမေးခွန်းကိုဖြေကြည့် ကြပါဦး။
မေးခွန်း (၂)
ခုနကပြေးပွဲမှာပါပဲ။ သင်က နောက်ဆုံးလူကို ကျော်တက်လိုက်တယ် ဆိုပါတော့။ သင်ဘယ်အဆင့် ကို ရောက်လာမလဲ။
အဖြေ။ ။
မှန်ကြပါတယ် တော်တယ်ဗျာ။
နောက်ဆုံးလူပါဆိုမှ သူ့ကို ဘယ်လိုကျော်တက်ကြမလဲ။ ဟုတ်ဘူးလား။
နောက်ဆုံးက ရေရင်ဒုတိယ လို့တစ်ယောက်မှ မဖြေကြဘူး။ ဘယ်ဖြေကြပါ့မလဲ မှားနေတာကို။
ကဲ တတိယမေးခွန်းလာပြီနော်။
ဒီကခါကတော့ သချာင်္တွက်ကြမယ်။ ကိုယ့်စိတ်ထဲမှာပဲ ပေါင်းပေးကြပါ။ ဂဏန်းပေါင်းစက်တို့ ဘောပင်တို့ ခဲတံတို့ မသုံးကြပါနဲ့။
ပထမဆုံး ၁၀၀၀ ကို ၄၀ ပေါင်းပါ။
နောက်ပြီး ၁၀၀၀ ထပ်ပေါင်းပါ။
ပြီးရင်း ၃၀ ထပ်ပေါင်းပါ။
ပြီးရင်နောက် ၁၀၀၀ ထပ်ပေါင်းပါ။
ပြီးရင်နောက် ၂၀ ထပ်ပေါင်းပါ။
ပြီးရင်နောက် ၁၀၀၀ ထပ်ပေါင်းပါ။
ပြီးရင်နောက် ၁၀ ထပ်ပေါင်းပါ။
ကဲ ဘယ်လောက်ရလဲ ကြည့်ရအောင်။
အဖြေ။ ။
အားလုံးမှန်ပါတယ်။ အဖြေက လေးထောင့်တစ်ရာပါ။
၅၀၀၀ မဟုတ်ပါဘူး။
ကဲနောက်ဆုံးမေးခွန်းလာပြီနော်။
မေးခွန်း (၄)
အိုက်စံတို့ အဖေမှာ သားသုံးယောက်ရှိပါတယ်။
ပထမဆုံးတစ်ယောက် နံမည်က ကိုကိုကြီး
ဒုတိယတစ်ယောက်က ကိုကိုလတ် တဲ့။
တတိယ တစ်ယောက် ဘယ်သူဖြစ်မလဲဟင်။
အဖြေ။ ။
အားလုံးတော်ကြပါတယ်ဗျာ။ မှန်ပါတယ်။
ဘယ်သူမှ ကိုကိုလေးလို့ မဖြေကြဘူး။
အဖြေက မေးခွန်းမှာ ပါပြီးသားပါ။
တတိယသားကတော့ အိုက်စံပါ။
ကဲ အပိုမေးခွန်းလေး တစ်ခုလောက်တော့ ဖြေသွားကြပါ။
အပိုမေးခွန်း။ ။
စကားမပြောတတ်တဲ့ လူတစ်ယောက်က သွားတိုက်တံ ၀ယ်ချင်လို့ဆိုပြီး ဆိုင်ကိုသွားတယ်။ ဆိုင်ရှင်ကို သွားတိုက်တဲ့ပုံလုပ်ပြ လိုက်တော့ အဆင်ပြေသွားတယ်တဲ့။
နောက်တခါ မျက်မမြင် တစ်ယောက်က နေကာမျက်မျက် လိုချင်တယ်တဲ့။ သူကရော ဆိုင်ရှင်ကို ဘာ အမူအယာ လုပ်ပြရမလဲ။
အဖြေ။ ။
မှန်သွားပြန်ပြီ ဒီတစ်ခါလည်း။ တော်လိုက်ကြတာ။
ဟုတ်ပါတယ်ဗျာ။ သူက မျက်စိပဲ မမြင်တာလေ။ စကားပြောတတ်တယ်။ အဲတော့ နေကာမျက်မှန်ပေးပါလို့ ပြောလိုက်တာပဲပေါ့။
အားလုံးပဲ မှန်ကြပါတယ် ။ အဲဒီတော့ ချောကလက်ကျွေးမယ်ဗျာ။ (မမှန်တဲ့ လူတွေလဲ စားကြပါဗျာ။ )
စားသွားကြနော်။
Posted by
Ulmuka
at
2:29 PM
3
comments
Labels: ဥာဏ်စမ်း
Sunday, December 2, 2007
ပေါက်ကရလေးဆယ်
အရှေ့ဘက်ကမ်းကဘူတာကြီးကို ဘာမှထည့်ရေးစရာမလိုဘူးနော်။ သူ့ဘာသာ ဘယ်ဘက်ကမ်းရှိရှိ ငါနဲ့အလွတ်ကြီး။ငါ့ခုတ်မောင်သက်တမ်း ၂၅နှစ် ပဲရှိသေးတယ်။ နားခိုစရာဘူတာမရှိဘူးလို့ နင်ပုံသေမပြောနိုင်ပါဘူး ငှဲငှဲငှဲ နင့် ပို့စ်ကို ရပလိုင်းပြန်ချင်တာကတော့ အဲဒါပါပဲ… အခုမှ Ulmuka Reloaded လာမှာ။ သိပ်လည်းမကြောက်သွားပါနဲ့လေ… ဒီတစ်ခါလည်း အပေါ်ယံရှပ်ရှပ်လေးပဲလာမှာပါ ဟင်းဟင်း…
နင်မှန်းကြည့်စမ်း ငါတောင်ကြီးပြန်တာ နင့်အကြောင်းမေးတဲ့ ကောင်မလေး ဘယ်နှစ်ယောက်ရှိတယ်မှတ်သလဲ… နှစ်ဆယ်ကျော်အစိတ်ပိုင်း ဆိမ်းဘက်ခ်ျတွေမပါသေးဘူးနော် အနည်းဆုံး ၃ ယောက်ရှိတယ်ကိုယ့်လူ ကိုယ့်လူဘာအကွက်တွေ ခင်းထားသလဲ၊ ဘာပုံပြင်တွေပြောထားသလဲလို. (လုံးဝ) မတွေးမိပါဘူး။ ခန့်ချောဒေါင်းမျိုးတွေအလယ်မှာ ဇီးကွက်ကသိပ်မစားဘူးလို့ ရေးထားမိတာ ပြန်ရုပ်သိမ်းရမလို ဖြစ်နေပါပြီလား။ နောင်းနောင်းတွန်နေတဲ့ သာလိကာမလေးတွေကိုတွေ့တော့ ဖွတ်ထွက်မှတောင်ပို့မှန်းသိသလို (ဘွာတေး) သာလိသာတွန်မှ ဇီးကွက်စွံကြောင်းသိရပါသဗျို။
ငှက်မျိုးနွယ်မလေးတွေကို ပြောစရာကျန်တာက ဇီးကွက်ကြီးက ကျွဲမြီးတိုတတ်တယ်ဗျ။ ဟင် ဇီးကွက်မဟုတ်ပဲ ဇီးကျွဲကြီးလားလို့ မတွေးကြပါနဲ့ (animals တွေလည်းကုန်ပြီ) စိတ်ကြီးတာကိုပြောတာဗျိုး။ သူစိတ်တိုတာတွေ့ချင်ရင် တောင်ကြီးသားတွေ ဒေါသချည်းပဲလို့ ပြောကြည့်ပါလား။ အမယ် သူကသာ ဒေါသကြီးတာ သူများတွေဆဲရင်တော့ မကြိုက်ဘူးဗျ။ ဆဲတာက နားထောင်ရဆိုးသတဲ့ ။တစ်မျိုးပဲနော်။
ဇီးကွက်ကိုကြည့်ရတာ အသောက်ရော အစားပါဆင်ခြင်မဲ့သဘောမှာ ရှိပါတယ်။ ဆင်ခြင်တာနော်၊ ကင်းတယ်လို့ပြောတာမဟုတ်ဘူး မီးသင်္ဂြိုလ်စက်တွေပေါ်လာတည်းက လူရိုးဆိုတာသင်္ချိုင်းမှာတောင် မရှိတော့ပါဘူး ညီမလေးတို့ရေ သို့သော်ပေါ့ ဇီးကွက်က တော်တော်ရိုးသား တာတော့အမှန်ပါ။ တောင်ပေါ်သားရိုးသားတာတော့ မဆန်းဘူးပေါ့လေ (လာပြီ marketing)
အသောက်ဆင်ခြင်တဲ့အကြောင်းဆက်ပြောရရင် သူငယ်ချင်းတွေဆုံတုန်းက မလွှဲသာမရှောင်သာ (အမှန်ကတော့ ဘယ်သူမှ မသောက်ခိုင်းပဲနဲ့) သောက်ရတုန်းက တစ်ပက်ထဲနဲ့ မျက်နှာနီလာတာတွေ့တာပဲ။ တစ်ပက်ထဲနဲ့ မူးနေသတဲ့ စိတ်သာချလိုက်တော့ ညီမလေးရေ (အဲ ၃ ၊ ၄ ပက်လောက်ကြမှ ပြန်လန်းလာရင်တော့ လူ့ကံ ၀ကံပေါ့) သူငယ်ချင်းတွေကိုလည်း သိပ်ငဲ့ညှာတတ်တာ… မင်းခွက်ထဲကများနေတယ်။ ငါ့ကိုပေးလိုက်လို့လုပ်သေးတယ်။ စေတနာတွေ စေတနာတွေ။ (ရိုးတာကိုး) သေချာတာကတော့ သူက မူးနေတာတောင် French fries နဲ့မမြည်းဘူးဗျ။ (သူငယ်ချင်းတွေ ရှိနေလို့လားတော့ မသိဘူး) အသက်သာ အသေခံမယ်ဆိုတဲ့ ပုံမျိုး။ အင်း အဲဒါ အစားဆင်ခြင်တာနဲ့ ဘာဆိုင်တုန်းဆိုတော့ သူ့ကိုသာမေးကြည့်နော်။
အခုလည်း သူ့ဒေါသနဲ့ အဲဒီ French fries နဲ့တွေ့နေလို့ ရန်ကုန်ပြန်မယ်၊ တောင်ကြီးပြန်မယ်လုပ်နေတယ်ဗျာ ကြည့်လုပ်ကြပါဦး ကောင်းစေချင်လို့ မိုးနတ်မင်းက သံလွင်အရှေ့ပို့ထားတာ ဒင်းက နဖူးအေးတယ်ဆိုပြီး အိမ်ပြန်ချင်နေတယ်။ ဒါက ကြားဖြတ်မဲဆေ့ဂ်ျ။ သူရိုးတဲ့အကြောင်းဆက်ဖွရအောင် ဟိဟိ
ဇီးကွက်တို့ရိုးပုံများ သူငယ်ချင်းတွေနဲ့ကျတော့ အရူးချီးပန်း (ညစ်ညစ်ပတ်ပတ် ပြောတယ်တော့မထင်ပါနဲ့ အဲဒါသူ့ usage ပါ) ပြောလားပြောရဲ့။ အိုင်မိတ်ဆက်ပေးထားတဲ့ကောင်မလေးနဲ့ကြတော့ ဇီးကွက် အ ကြီး အမြီးနင်းခံရသလို (တင်စားတာနော် သူ့အမြီးကို ဘယ်သူမှ ဘာမှ လုပ်ရဲပါဘူး) အူတီးအူတ။ အဲဒီကောင်မလေးကလည်း korea ကား လုံးဝမကြည့်တော့ မိန်းကလေးဆိုတာ စကားစပြောရမှန်း မသိရှာဘူး။ ဇီးကွက်ကလည်း (မင်္ဂလာအချိန်စောင့်နေလားမသိ) ထ မ တွန်ဘူး။ ဟင်း… ငါနော် ။ အင်းပေါ့လေ ခမျာ ရိုးရှာတာကိုး။ ။
Posted by
Ulmuka
at
8:03 PM
1 comments
Labels: ဟိုဟိုဒီဒီ
Saturday, November 24, 2007
ဆောင်းတွင်းအေးအေး
စာကရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ မီးပုံးပျံကို ကိုးနတ်ရှင်နှေးနှေးနဲ့ စောင့်ကြည့်ရင်းရေးမလို့ ပါပဲ။ ကြည့်ရင်းနဲ့ စိတ်ပါလာလို့ မရေးနိုင်ဘူး ဖြစ်နေတာ။ အကြွေးဆပ်စရာ တွေကလည်းရှိသေးတယ်။ chaos ရဲ့အကြွေးအရင်ဆပ်မယ်နော်။ မေပျိုရေ အကြွေးမမေ့ပါဘူး ဆပ်မယ်နော်။
ဆောင်းတွင်းအေးအေး
ရာသီသုံးမျိုး ထဲမှာ ဆောင်းရာသီကို အကြိုက်ဆုံးပါပဲ။ နွေဆိုရင် လည်းပူတယ်လေ။ (ဇီးကွက်တို့က အအေးဒဏ်သာ ခံနိုင်တာ၊ အပူဒဏ်တော့ မခံနိုင်ဘူးဗျ။) မိုးရာသီကို လည်းမကြိုက်ဘူး။ မိုးတွင်းက သွားရလာရ ခက်တယ်လေ။ ဆောင်းတွင်းအေးအေးဆိုတော့ တောင်ကြီးတန်ဆောင်တိုင်ကိုပဲ ပြေးမြင်တယ်။ အခုကပွဲတွင်းဆိုတော့ ပိုဆိုးပေါ့။ တောင်ကြီးကို အရမ်းပြန်ချင်တာပဲ။ တောင်ကြီးချယ်ရီမြေက တိုက်ရိုက်လွှင့်ပေးလို့ တန်ဆောင်တိုင်ပွဲတော်ကိုတော့ ကြည့်ရပါတယ်။ (ကိုးနတ်ရှင်က မကောင်းတော့ ပြတ်တောင်းပြတ်တောင်းနဲ့) ကိုယ်တိုင် ကွင်းထဲမှာ ၀င်ကြည့်ရတာနဲ့တော့ ခံစားချက်ချင်းက လုံးဝ မတူဘူး။ ဘာပဲဖြစ်ဖြစ်လေမကြည့်ရတာနဲ့စာရင်တော့ တော်သေးတာပေါ့။ ကျေးဇူးတင်ပါတယ် တောင်ကြီးချယ်ရီမြေရေ။
တန်ဆောင်တိုင်ပွဲ မှာအမှတ်ရစရာတွေလည်း အများကြီးပါပဲ။ ဆယ်တန်းပြီးတော့ သူငယ်ချင်းတွေစုပြီး တန်ဆောင်တိုင်မှာ ဆိုင်ဖွင့်ကြသေးတယ်။ အဲဒီတုန်းက အပျော်လုပ်တာပါ။ ကိုယ်ဆိုင်မှာ ကိုယ် အကင်တွေစား အရက်တွေသောက်။ လူရှင်းရင် ကုန်းကင်း သွားဆွဲကြ။ မီးပုံးပျံကို ဆိုင်မှာထိုင်ကြည့်ကြနဲ့။ ပွဲပြီးတော့လည်း အမြတ်က ရသေးတယ်ဗျ။ နှစ်နှစ်ဆက်ဖွင့်ဖြစ်တယ်။ အခုတော့ သူငယ်ချင်းတွေက တကွဲတပြားတွေဖြစ်လို့။ ဆိုင်ဖွင့်ဖို့ နေနေသာသာ သူငယ်ချင်းတွေ အကုန်ပြန်ဆုံဖို့တောင် မလွယ်တော့ဘူး။ L
ပြီးတော့ မန္တလေးမှာ ကျောင်းတက်တုန်းကလည်း နှစ်တိုင်းနီးပါးပြန်ဖြစ်တယ်။ နောက်ဆုံးတစ်နှစ်ပဲ လွတ်တာ။ စာမေးပွဲနဲ့ တိုက်နေလို့လေ။ ဟောက်ဆာဂျင်ဆင်းတော့ တန်ဆောင်တိုင်ပွဲတွင်းကို ခွဲစိတ်ရုံမှာတာဝန်ကျတယ်။ စိတ်ကို ညစ်ရော။ တစ်ညတစ်ည ချုပ်လိုက်ရတဲ့ ခေါင်းတွေ။ ပွဲတော်ဆိုတာနဲ့ အရက်သောက်ဖို့နဲ့ လောင်းကစားလုပ်ဖို့ ပါမစ်ကျသလိုပါပဲ။ ပြီးတော့ ရန်ဖြစ်ကြ ရိုက်ကြ။ နောက်ဆုံးတော့ ခွဲစိတ်ဆောင်ကိုပဲ ရောက်တာပေါ့။
မြန်မာပြည်မှာ လူတွေက ပွဲတော်တွေကို ဘာလို့ အရက်လောင်းကစားနဲ့ တွဲမြင်ကြလဲမသိဘူးနော်။ ဆုဝေ ပြောသလိုပဲ ဘာသာရေးပွဲတော်မှာ အရက်ပါတာ လူကြားလို့ မကောင်းပါဘူး။ ပိုဆိုးတာက ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းတွေ ပါလာတာပဲ။ လောင်းကစားပါလာတယ် ဆိုကတည်းက အရက်သမားတွေ၊ ဖဲသမားတွေ၊ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ လည်း အတူတူပါလာတာပဲလေ။ ပွဲတော်တွေမှာ ကြည့်လိုက်ရင် ပွဲဈေးတန်းမှာ လူနည်းတယ်။ လောင်းကစားဝိုင်းတွေမှာပဲ လူစည်တယ်။ ဘုရားဖူးတဲ့လူကနည်းနည်း လိပ်ဥတူုးတဲ့ လူက များများလို့ ပြောရမလိုဖြစ်နေပြီ။ ဘာပဲပြောပြော ပွဲတော်တွေက စည်ကားနေဦးမှာပါပဲ။ မြန်မာလူမျိုးတွေက ပွဲကြိုက်တယ်လေ။ အဲပြောရင်းဆိုရင်းနဲ့ ဆောင်းတွင်းအေးအေးကနေ ဘယ်ရောက်သွားပါလိမ့်။
ဒီနှစ်တော့ ဆောင်းတွင်းအေးအေးမှာ အိမ်နဲ့ဝေး၊ သူငယ်ချင်းတွေနဲ့ဝေး ၊ တောင်ကြီးတန်ဆောင်တိုင်နဲ့ဝေးနဲ့။ တော်ပြီဗျာ။ ဆောင်းတွင်းအေးအေးမှာ စာအုပ်လေးနဲ့ပဲ ကွေးနေတော့မယ်။
Posted by
Ulmuka
at
9:42 PM
2
comments
Labels: tag ဂိမ်းဆော့သမျှ
Something About Honey
အဲဒီ ပျားရည်က ဟင်းချက်ကောင်းတယ်ဗျ။ မယုံရင် သူချက်ကျွေးတဲ့ ငါးပိစော်နည်းနည်းနံ သွားတဲ့ဟင်းရည် (အနံ့ထွက်ရုံလောက်ပါပဲ)၊ ကြက်သွန်ဖြူ အနံ့မပျောက်တဲ့ ပန်းမုန်လာကြော်၊ ချဉ်ရည်ဟင်းနဲ့ အစပ်အဟပ်တည့်အောင် ထည့်ထားပေးတဲ့ မန်ကျည်းသီးထောင်း၊ ရေတစ်ခွက် လျှော့ထည့်မိလို့ မာသွားတဲ့ အုန်းထမင်း (သက်သေအဖြစ် အကောင်မပေါက်သေးတဲ့ ငုံးတစ်ကောင် ကိုမေးလို့ရပါတယ်။ ) တို့ကို စားကြည့်တာနဲ့ကို သိနိုင်ပါတယ်။ စားချင်ရင်ပြောနော် မကုန်လို့ ချန်ထားတာရှိသေးတယ်။ စတာပါဗျာ။ တကယ်ကို စားလို့ကောင်းပါတယ်။ ကျွန်တော်တောင် နှစ်ပန်းကန်စား ခဲ့တယ်။ (နောက်တစ်ခါလာရင် ချက်ကျွေးဦးနော်။ ဟိဟီး)
သူကတော့ သူကိုယ်သူ ဘယ်တော့မှ မရပ်တဲ့ရထားတစ်စင်းလို့ပြောတယ်။ အမှန်က သူ့ရထားလမ်းကြောင်းမှာ ဘူတာရုံမရှိဘူး။ ဘူတာရုံက နေရာမှားပြီး အရှေ့ဖက်ကမ်းပါးမှာ ဆောက်ထားမိတာကိုး။ ဆိုးလိုက်တဲ့ကံ။ သူ့လမ်းကြောင်းမှာ လာဆောက်တဲ့ ဘူတာတွေကလည်း နိမ့်နေတော့ ၀င်ရပ်လို့မရဘူး ဆိုပဲ။ အမှန်ကတော့ နိမ့်နိမ့်မြင့်မြင့် ဘူတာက ဘူတာပါပဲ သူငယ်ချင်းရေ။ ထားပါတော့လေ။ သူမှာဘူတာမရှိတော့ ဒီတိုင်းပဲ မောင်းနေရတာပေါ့။ သူ့ရှေ့မှာ ၀င်ရပ်ပြီးတားချင်တဲ့ သူတွေလည်း ရှိသေးတယ်ဗျ။ ၀င်ရပ်မယ့် လူတွေကို သတိပေးချင်တာကတော့ သူမျက်မှန်ပျောက်နေတယ်ဗျ။ အသစ်လည်းမလုပ်ရသေးဘူး ။ အဲတော့ သိပ်တွေ့မှာမဟုတ်ဘူး ။ သတိထားရပ်ကြပေါ့ဗျာ။ ရထားတိုက်ခံရရင်တော့ သက်သာမှာ မဟုတ်ဘူးနော်။
သူက ပေါင်မုန့် မရှိလို့ ကိတ်မုန့် စားတဲ့လူတွေကို ကြည့်မရပေမယ့် သူကိုယ်တိုင်ကျတော့ ချောကလက် ရေခဲမုန့် မရရင် စတော်ဘယ်ရီရေခဲမုန့် စားတယ်ဗျ။ (မယုံရင် ၀ယ်ကျွေးကြည့်လေ။)
ပြောလို့ပြောတာ မဟုတ်ဘူး။ အညိုရောင်ပျားရည်က တော်တော်ချောတာဗျ။ ငါးရှဥ့်တောင် အရှုံးပေးရတယ်။ ယင်ကောင်တောင် သူ့ပေါ်မနားရဲဘူး။ ချော်လဲမှာ စိုးလို့တဲ့။ ပျားရည်တို့က အဲဒီလောက်တောင်ချောတာ။ (လုံးဝ လုံးဝ ပိုမပြောပါဘူးဗျာ။ မယုံရင် ဟိုတစ်နေ့က သူ့ပေါ် မသိပဲနားမိလို့ ချော်လဲပြီး ခြေထောက်ကျိုးသွားတဲ့ ယင်ကောင်ကိုမေးကြည့်ကြပါ။ )
သူက သီချင်းဆိုလည်း ကောင်းတယ်ဗျ။ (သူ့ကိုယ်သူ ပြောတာပဲလေ။) ဟုတ်မဟုတ်တော့ နားမထောင်ဖူးလို့ မသိဘူးဗျ။ ကောင်းချက်ကတော့ သူ့ အဖေကတောင် သမီးရေ မိုးချုပ်နေပြီ ၊ အိပ်တော့နော် ဆိုပြီးပြောယူရသတဲ့။ တောင်ကြီးပြန်တာ လည်းသုံးရက်ပဲ ရှိသေးတယ် သူ့အစ်မ က ရန်ကုန်ဘယ်တော့ပြန်မလဲ မေးနေပြီတဲ့။ ကဲ ပျားရည်တို့ သီချင်းဆိုကောင်းလိုက် ပုံများ ။ အဲလို အဲလို။
အညိုရောင်ပျားရည် အကြောင်းက ဒီလောက်ဆိုတော်ပြီနော်။ ဒီတေးစ် (Details ကိုပြောတာပါ။ ဒီ အမြီး (ဒီ tail ) မဟုတ်ဘူးနော်။ ) သိချင်သူများ စာရင်းပေးထားနိုင်ပါတယ်။ စာပို့ပြီးတော့ အဖြေပေးပါမယ်။ ဘလော့ဂ်မှာတင်ရင် ကျွန်တော့်ကို သတ်လိမ့်မယ်ဗျ။
Posted by
Ulmuka
at
4:22 PM
2
comments
Labels: ဟိုဟိုဒီဒီ












