Thursday, August 3, 2017
ကင်းဝန်မင်းကြီး၏ အကောင်အထည်မပေါ်ခဲ့သည့် စီမံကိန်းများ
Image
         ကုန်းဘောင်ခေတ်နှောင်းပိုင်းအကြောင်းပြောမည်ဆိုလျှင် ကင်းဝန်မင်းကြီးဦးကောင်းသည် မပါမဖြစ် သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အင်္ဂလိပ်လက်အောက်သို့ မြန်မာ့ထီးနန်းကျဆုံးခဲ့ရသည့် ၁၂၄၇ခုနှစ်ကိုပင် မြန်မာတို့က “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”ဟူ၍ အမှတ်သညာပြုခဲ့ကြသည်။ ဦးကောင်းသည် ကုန်း ဘောင်မင်းဆက် ပြုတ်ခဲ့ရခြင်း၏ တကယ့်တရားခံ ဟုတ်၊ မဟုတ်ကို ကျွန်တော် ငြင်းချက်မထုတ်လိုပါ။ ထို အရာက သမိုင်းသုတေသီတို့၏ အရာဖြစ်သည်။
      ကျွန်တော်ဖတ်မှတ်ဖူးသည့် စာအုပ်၊ စာပေများအရမူ ဦးကောင်းသည် ကုန်းဘောင်ခေတ်တွင် ခေတ်မီ မီ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သည့် နိုင်ငံရေးသမားတစ်ယောက်သာ။ သူသည် အမိန့်နာခံမှုကောင်းသည့် စစ် သားကောင်းတစ်ယောက်မဟုတ်ခဲ့သလို နိုင်ငံအတွက် တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်သည့် ပညာရှင် ကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ သူသည် သူ၏ နိုင်ငံကို ခေတ်မီတိုးတက်စေလိုသော ဆန္ဒရှိပြီး ကြိုး စားသလောက် အကောင်အထည်မပေါ်ခဲ့သည့် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်ပေသည်။
         “ကင်းဝန်မင်းကြီးနှင့် ပတ်သက်၍ကား စေတနာရင်းမဆိုးပါ။ မိမိ၏ အကြံအစည်တို့သည် အကြောင်း အမျိုးမျိုးကြောင့် လိပ်ပတ်မလည်ဖြစ်ပြီး မိမိအပေါ်တွင် အပြစ်ဖို့လျက် ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်” ဟု အမျိုး သားပညာဝန်ဦးဖိုးကျားက သူ၏ ပါတော်မူအရေးတော်ပုံစာတမ်းတွင် ရေးသားခဲ့ပါသည်။
      ကင်းဝန်မင်းကြီးသည် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည့်အားလျော်စွာ ခေတ်မမီတော့သော သက် ဦးဆံပိုင်ဘုရင်စနစ်အစား စည်းမျဉ်းခံဘုရင်စနစ်ဖြင့် ခေတ်မီအစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့လိုခဲ့သည်။ သူ၏ အကြံအစည် ကို ထောက်ခံသူတစ်ဦးမှာ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန်ဦးဖိုးလှိုင်) ဖြစ်သည်။
       ဥရောပတစ်ခွင်တွင် လှည့်လည်ခဲ့ဖူးသော ကင်းဝန်မင်းကြီးသည် ၁၈၆၁-၁၈၆၅ခုနှစ်တွင် အခြားလွှတ် တော်ဝန်ကြီးတစ်ဦးဖြစ်သည့် မကွေးမင်းကြီးနှင့် ပူးပေါင်းကာ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစာတမ်းတစ် စောင် တင်သွင်းခဲ့သည်။ ၄င်းစီမံကိန်းတွင် ဘုရင်အား သက်ဦးဆံပိုင်ဘုရင်အဖြစ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ လက်အောက်ခံအကြီးအကဲအဖြစ် ထားရှိရန်၊ ဘုရင်ကို နိုင်ငံဝန်ထမ်းတစ်ဦးအဖြစ် လစာသတ်မှတ်ပေး ရန်နှင့် ၀န်ကြီးဌာနများဖွဲ့စည်းကာ ၀န်ကြီးများကို ရာထူးဌာနအလိုက် ခန့်ထားရန်တို့ ပါဝင်သည်။ ကင်းဝန်မင်း ကြီးနှင့် မကွေးမင်းကြီးတို့သည် သီပေါမင်းနှင့် စုဖုရားလတ်အား ဥရောပတစ်ခွင် လှည့်လည်လေ့လာရန်လည်း စည်းရုံးခဲ့ကြရာ သီပေါမင်းက သဘောတူသယောင်ယောင် ရှိခဲ့သော်လည်း စုဖုရားလတ်မှ ခွင့်မပြုခဲ့ဟု ဆိုကြ သည်။ ထို့နောက်တွင် ကင်းဝန်မင်းကြီး၏ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစီမံကိန်း မအောင်မြင်တော့ဘဲ ၀န်ကြီး(၁၄)ပါး ပါဝင်သော ၀န်ကြီးအဖွဲ့ ဖွဲ့နိုင်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သို့သော်လည်း ထိုဝန်ကြီးအဖွဲ့ မှာ ဖွဲ့စည်းပြီးလေးလအကြာမှာပင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နာမည်ပျက်ခဲ့ကြပေသည်။
         ၁၈၈၀ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းသည် နန်းရင်းဝန်ကြီး၊ လွှတ်တော်ဥက္ကဌ၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဥက္ကဌ စသဖြင့် ရာထူးအမျိုးမျိုးခန့်ထားခြင်းခံခဲ့ရသော်လည်း နန်းတွင်းတွင် သြဇာကြီးနေသည့် ရနောင်မင်းသားမောင်မောင်တုတ်ကြောင့် မည်သည့်လုပ်ပိုင်ခွင့်အာဏာမျှ မရရှိခဲ့ပေ။
     ၁၈၈၂ခုနှစ်တွင် ရနောင်မင်းသားဂိုဏ်းဖြိုခွဲခံခဲ့ရပြီးနောက်မှ ကင်းဝန်မင်းကြီး၏ အာဏာအရှိန်အ၀ါ ပြန် ကြီးလာခဲ့ရာ ၁၈၈၃ခုနှစ်တွင် ဌာနဆယ်ခုပါသော လွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ကျွန် စနစ်တိုက်ဖျက်ရေးစီမံကိန်းကို ရေးဆွဲကာ မန္တလေးရွှေမြို့တော်ရှိ ကျွန်များနှင့် ဘုရားကျွန်များကို သန်းခေါင်စာ ရင်းကောက်ခံပြီး ကျွန်ပိုင်ရှင်များကို ကျွန်ဝယ်စာချုပ်များ တင်ပြစေခဲ့သည်။ ကျွန်များရွေးနုတ်ရန် ရံပုံငွေ တည် ထောင်ခဲ့ပြီး (၁၃၉၄)ယောက်သော ကျွန်များကို ပြန်လည်ဝယ်ယူရွေးနုတ်နိုင်ခဲ့သည်။ သို့သော် ကျွန်စနစ်မှာ ပ ပျောက်မသွားဘဲ အခြားနည်းများဖြင့် တည်ရှိမြဲ တည်ရှိနေခဲ့ပြန်သည်။
       ၁၈၈၅ခုနှစ်တွင် ကင်းဝန်မင်းကြီးသည် မန္တလေးတက္ကသိုလ်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲတင်ပြ ခဲ့သည်။ ထိုတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ပါဠိနှင့် အခြားသော ဘာသာရပ်အများအပြား သင်ကြားပေးသွားမည်ဖြစ်ပြီး ထိုတက္ကသိုလ်၏ အဓိပတိအဖြစ် ပြင်သစ်လူမျိုး ဒေါက်တာဘိုဒန်အား တာဝန်ပေး ထားပြီးဖြစ်သည်။ သို့သော် သီပေါမင်းက စာပြဆရာတစ်ဦးကို လစာငွေတစ်ရာမျှသာ ထောက်ပံ့ခွင့်ပြုခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအား ထိုမျှလောက်လစာငွေဖြင့် ခွင့်ပြုရန်မသင့်ဟု တင်ပြကြသောကြောင့် တည်ထောင် အံ့ဆဲဆဲ မန္တလေးတက္ကသိုလ်စီမံကိန်းသည်လည်း အလိုလိုပင် နိဌိတံသွားရလေသည်။
      ဦးကောင်း အကောင်အထည်ဖော်ဖြစ်ခဲ့သည့် စီမံကိန်းမှာကား အထက်မြန်မာနိုင်ငံတော်အတွက် ခရိုင် များခွဲ၍ အုပ်ချုပ်စေသော အုပ်ချုပ်ရေးစီမံကိန်းဖြစ်သည်။ အဆိုပါအုပ်ချုပ်ရေးစီမံကိန်းတွင် အထက်မြန်မာနိုင်ငံ အား ဆယ်ခရိုင်ခွဲကာ ခရိုင်ဝန်များခန့်အပ်၍ အုပ်ချုပ်ရန်ဖြစ်ပြီး ၁၈၈၄ခုနှစ်တွင် သီပေါမင်းအား အကြံပေးကာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုသို့ ခရိုင်ဝန်များ ခန့်အပ်ခွဲဝေအုပ်ချုပ်စေခြင်းဖြင့် ခရိုင်ဝန်များ၊ လွှတ်တော် နှင့် ဘုရင်တို့အကြားတွင် စနစ်ကျသော ဆက်သွယ်ရေးပုံမှန်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ကိုးကား
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ၁ - မြသန်းတင့်
©
မင်းအရိပ်
Tuesday, August 1, 2017
ပျင်းရိခြင်းကို အနိုင်ယူနိုင်သည့် ဂျပန်တို့၏ နည်းစနစ်တစ်ခု
Image
          လူတော်တော်များများဟာ ရည်မှန်းချက်အသစ် (ဒါမှမဟုတ်) စိန်ခေါ်မှုအသစ်တစ်ခုခုကို အခါအား လျော်စွာ ချမှတ်အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ဘဲ ကျရှုံးမှုနဲ့ အဆုံးသတ် ရလေ့ရှိတာ များနေပြန်တယ်။ အဲဒီအခါ တော်တော်များများ ပြောတတ်ကြတာက ဒီအချိန်မှာ ငါ အဆင်သင့်ဖြစ် မနေသေးလို့ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကျရင် အောင်မြင်အောင် ပြန်လုပ်မယ်တဲ့။ ဒါ ပေမယ့် ဘာမှ ထပ်ပြီး အကောင်အထည်မပေါ်လာခဲ့ကြပါဘူး။
          ကျွန်တော်တို့ဟာ အစပိုင်းမှာ ဇွဲနဘဲကောင်းကောင်းနဲ့ အကောင်အထည်ဖော်လေ့ရှိကြပေမယ့် အနည်း ငယ်လောက် ကြိုးပမ်းအားထုတ်ပြီးရင်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ လုံလောက်ပြီလို့ ထင်တတ်သွား ကြတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်း တုံ့နှေးသွား ကြရတော့တာပါပဲ။
          ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မြန်မြန်နဲ့ များများ လိုချင်လို့ပါပဲ။ ဆို လိုတာက အချိန်တိုအတွင်းမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်မိကြလို့ပါ။ တာဝန်အသစ်တွေကို ထမ်းဆောင်ဖို့ အားနည်းကျလို့ပါ။ အကျင့်ဟောင်းတွေကို ပြင်ဖို့ ခက်ခဲသလို အကျင့်အသစ်တွေ မွေးမြူဖို့ ခက်ခဲ ကြလို့ပါပဲ။
ခိုင်ဇံ (သို့မဟုတ်) တစ်မိနစ်သဘောတရား
          ဂျပန်လူမျိုးတွေမှာ ခိုင်ဇံလို့ ခေါ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။ သေ ချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။
          သည်လိုလုပ်ရင်းနဲ့ အရင်က ကျွန်တော်တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေ ဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့လာရမှာပါ။ ဒီလိုနဲ့ အချိန်နည်းနည်းချင်းစီတိုးသွားလိုက်ရင် ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။
          တစ်မိနစ်သဘောတရားဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ ကျွန်တော်တို့ကို လွတ်မြောက်စေမှာ ဖြစ်ပါတယ်။ အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီတိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျမှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်တို့မျက်စိရှေ့မှာတင် တွေ့မြင်လာရမှာပါ။
          ကျွန်တော်တို့လိုအပ်တာက ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက် ဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခိုင်ဇံသဘောတရားကို အသုံးပြုပြီး လိုချင်တာရအောင် လုပ်နိုင်ကြပြီဖြစ်ပါတယ်။
https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကို ဆီလျော် သလို ဘာသာပြန်ပါတယ်။
©
မင်းအရိပ်
Thursday, July 27, 2017
လင်းယုန်ငှက်လိုပျံသန်းပါ
Image
အင်အားပြင်းတဲ့ မုန်တိုင်းတစ်ခု ချဉ်းကပ်လာပြီဆိုရင် လင်းယုန်ငှက်တွေ ဘာလုပ်လေ့ရှိသလဲ သင်သိပါသလား။
မုန်တိုင်းရောက်မလာခင်မှာ လင်းယုန်ငှက်ဟာ အမြင့်တစ်နေရာကို ပျံသန်းပြီး မုန်တိုင်းအလာကို စောင့်ပါတယ်။
မုန်တိုင်းရောက်လာတာနဲ့တပြိုင်နက် လင်းယုန်ငှက်ဟာ သူ့အတောင်ပံတွေကို အလိုက်သင့်ဖြန့်ရင်း မုန်တိုင်းကို သယ်ဆောင်လာတဲ့လေတွေကြားထဲ ၀င်လိုက်ပါတယ်။ လင်းယုန်ငှက်ဟာ အဆိုပါလေတွေက သူ့ကို ပင့်ယူသွားနိုင်အောင် အတောင်ပံတွေကို ဆော့ကစားပါတယ်။ တဖြည်းဖြည်းလေတွေက သူ့ကို ပင့်ယူသွားလိုက်တာ နောက်ဆုံးမှာတော့ လင်းယုန်ငှက်ဟာ မုန်တိုင်းရဲ့ အပေါ်စီးကို ရောက်ပြီး မုန်တိုင်းကနေလွတ်သွားပါတယ်။ အဲဒီအခါ သူဟာ သူအောင်နိုင်ခဲ့တဲ့ မုန်တိုင်းရဲ့ အပေါ်မှာ လေဟုန်စီးရင်း ပျံဝဲနေပါတော့တယ်။
လင်းယုန်ငှက်ဟာ မုန်တိုင်းလာလို့ ထွက်ပြေးမသွားပါဘူး။ မုန်တိုင်းနဲ့အတူ ပါလာတဲ့လေတွေကို အသုံးချပြီး အမြင့်ကို ရောက်အောင် တက်သွားလေ့ ရှိပါတယ်။
ထို့အတူပါပဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေထဲကို တခါတရံမှာ မုန်တိုင်းတွေ ၀င်ရောက်လာတတ်ပါတယ်။ ၀မ်းနည်းစရာတွေ၊ ကျရှုံးမှုတွေ၊ စိတ်ထိခိုက်စရာတွေ စသဖြင့်ပေါ့။ အဲဒီအခါထွက်ပြေးစရာမလိုပါဘူး။ လင်းယုန်ငှက်လိုပဲ လေကို စီးပြီး အပေါ်ကို မြင့်သထက်မြင့်အောင် ပျံသန်းကြဖို့ လိုပါတယ်။
မိတ်ဆွေ အခု ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။ စာရွက်တစ်ရွက်ပေါ်မှာ ခပ်သော့သော့ရေးချလိုက်ပါ။ ပြီးရင်တော့ လေဟုန်စီးပြီး မြင့်သထက်မြင့်အောင် ပျံသန်းလိုက်ပါတော့။
http://academictips.org/blogs/soar-like-an-eagle/ ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။
©
မင်းအရိပ်
Wednesday, July 26, 2017
ခေါင်းစဉ်မဲ့
ခေါင်းစဉ်မဲ့
Image
ဘ၀ဟာ
ကြက်ခြေတွေပြည့်နေတဲ့
သင်္ချာစာအုပ်လို
မှားလိုက် ပြင်လိုက်
ပြန်မှားလိုက်
စာအုပ်သာ နွမ်းကြေသွားတယ်
အမှန်ရောက်ဖို့ ခဲယဉ်းတုန်း
ဖောင်ဒေးရှင်းမခိုင်တဲ့ မျှော်စင်တစ်ခုလို
ယိုင်တိုင်တိုင်နဲ့
တစ်စုံတစ်ရာကို စိတ်ကူးယဉ်မျှော်လင့်လို့
အစမကောင်းတဲ့အခါ
နှောင်းတဲ့အခါ ထုထောင်းခံရ
ကိုယ်ကတော့
သင်ခန်းစာတွေထက်
နောင်တတွေသာ ပွေ့ဖက်မိနေတယ်…
©
မင်းအရိပ်
Sunday, June 25, 2017
ကံတရားတန်ဖိုး ၁.၁၁ဒေါ်လာ
Image
          တက်စ်ဟာ အသက်(၈)နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ပါ။
     တစ်နေ့မှာ သူမရဲ့မောင်လေးအန်ဒရူးအကြောင်းကို သူမရဲ့ ဖေဖေနဲ့ မေမေတို့ တီးတိုးပြောနေတာလေး ကြားလိုက်မိတယ်။ အဲဒီအချိန်တုန်းက မောင်လေးအန်ဒရူးဟာ အပြင်းအထန်ဖျားနေပြီး သူမတို့မိသားစုမှာ ပိုက် ဆံလဲ ပြတ်နေကြတယ်။ နောက်လမှာ လက်ရှိနေနေတဲ့ အိမ်ကနေ ဈေးပေါတဲ့ တိုက်ခန်းတစ်ခန်းကို သူမတို့ ပြောင်းရွှေ့ကြရတော့မှာဖြစ်ပြီး မောင်လေးဆေးကုစရိတ်ရော၊ အိမ်ငှားစရိတ်ပါ အကုန်အကျခံနိုင်ဖို့ သူမရဲ့ ဖေဖေထံမှာ ပိုက်ဆံမရှိတော့ပါဘူး။ အန်ဒရူးအတွက် အလွန်ငွေကုန်ကြေးကျများတဲ့ ခွဲစိတ်မှုလုပ်ဖို့ လိုအပ် နေပြီး ဘယ်သူ့ဆီကမှလဲ ပိုက်ဆံချေးနိုင်ဖို့ မမြင်ဘူး။ သူမရဲ့ ဖေဖေက မျက်ရည်လည်ရွှဲဖြစ်နေတဲ့ မေမေ့ကို တီးတိုးပြောနေတာလေး တက်စ် ကြားလိုက်မိတယ်။
          “ ကံတရားကပဲ ငါတို့သားလေးကို ကယ်နိုင်တော့မယ်မိန်းမရယ်… ”တဲ့။
          အဲဒါကို ကြားလိုက်တော့ တက်စ်ဟာ သူမအိပ်ခန်းလေးထဲ ၀င်သွားပြီး အ၀တ်ဗီရိုထဲမှာ ဖွက်ထားတဲ့ ဖန်ဂျယ်လီဗူးခွံလေးကို ထုတ်လိုက်တယ်။ အဲဒီဖန်ဗူးလေးဟာ သူမရဲ့ စုဘူးလေးပါ။ စုဘူးလေးထဲက အကြွေ တွေအားလုံးကို ကြမ်းပြင်ပေါ် သွန်ချလိုက်ပြီး သေသေချာချာ ရေတွက်ကြည့်လိုက်တယ်။ မသေချာမှာစိုးလို့ သုံးကြိမ်တောင် ရေကြည့်တယ်။ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ သေချာသွားတဲ့အခါ တက်စ်ဟာ အကြွေ လေးတွေကို စုဘူးလေးထဲ ဂရုတစိုက်ထည့်လိုက်ပြီး အဖုံးကို ပြန်ပိတ်လိုက်တယ်။ ပြီးတော့ စုဘူးလေးကို ပိုက် လို့ အိမ်နောက်ဖေးပေါက်ကနေ ထွက်ပြီး (၆)ဘလော့လောက်ဝေးတဲ့ ရက်ဆဲစ်ဆေးဆိုင်ကို ထွက်လာခဲ့ ပါတယ်။
          တက်စ်ဟာ ဆေးဆိုင်ထဲဝင်သွားပြီး ဆေးရောင်းသူက သူမကို ဂရုစိုက်လာဖို့ စိတ်ရှည်စွာ စောင့်နေပေ မယ့် ဆေးရောင်းသူဟာ သူ့အလုပ်နဲ့သူ ရှုပ်နေခဲ့တယ်။ ဒါကြောင့် တက်စ်ဟာ ခြေဖ၀ါးကို ကြမ်းပြင်နဲ့ ပွတ်ပြီး ဖိနပ်ရှပ်တိုက်တဲ့ အသံတွေ ပေါ်အောင် လုပ်ပေမယ့် ဆေးရောင်းသူက လှည့်တောင် မကြည့်ပါဘူး။ တက်စ်ဟာ ချောင်းဟန့်၊ လည်ချောင်းရှင်းလိုက်ပြီး သူမ,တတ်နိုင်သမျှ အသံသေး၊ အသံကြောင်တွေ လုပ်လိုက်တယ်။ ဘာ မှ ထူးမလာပြန်ဘူး။
          နောက်ဆုံးမှာ တက်စ်ဟာ သူမရဲ့ စုဘူးထဲက အကြွေလေးပုံတစ်ပုံလောက်ထုတ်ပြီး မှန်ကောင်တာပေါ် ကို ပစ်တင်လိုက်တဲ့အခါမှာတော့ အလုပ်ဖြစ်သွားပါတယ်။
          “ ဘာလိုချင်လို့လဲ… ”
          ဆေးရောင်းသူက စိတ်ပျက်တဲ့ လေသံနဲ့ မေးလိုက်တယ်။
          “ မတွေ့တာအရမ်းကြာပြီဖြစ်တဲ့ ချီကာဂိုက ငါ့ညီနဲ့ ငါ စကားပြောနေတာကွ… ”
          တက်စ်ဆီက အဖြေကို မစောင့်ဘဲ ဆေးရောင်းသူက ပြောပြန်တယ်။
          “ ဟုတ်… သမီးကလဲ သမီးမောင်လေးအကြောင်းကို ပြောပြချင်တာပါ… ”
          တက်စ်က ရောင်းသူ၊ ၀ယ်သူ အသံတူဆိုသလို အသံမျိုးနဲ့ ပြန်ပြောလိုက်တယ်။
          “ သူ အရမ်း… အရမ်းကို ဖျားနေတယ်။ အဲဒါကြောင့် သမီး ကံတရားဆိုတာကို ၀ယ်ချင်လို့ပါ… ”
          တက်စ်ရဲ့စကားကြောင့် ဆေးရောင်းတဲ့သူ အံ့သြတကြီးဖြစ်သွားတယ်။
          “ ဘယ်လို… ဘယ်လို… ပြန်ပြောပါဦး”
          “ သမီးမောင်လေးနာမည်က အန်ဒရူးပါ။ သူ့ခေါင်းထဲမှာ မကောင်းတဲ့အရာတစ်ခုခုက ကြီးထွားလာနေ တယ်တဲ့။ သမီးအဖေကပြောတယ်။ ကံတရားကပဲ သူ့ကို ကယ်နိုင်မှာတဲ့။ ကံတရားက ဘယ်လောက်ကျလဲဟင် … ”
          “ ဦးတို့ဆိုင်မှာ ကံတရားမရောင်းဘူးကောင်မလေးရဲ့။ ကံတရားကို ရောင်းမပေးနိုင်လို့ စိတ်မကောင်းပါ ဘူးကွယ်… ”
          ဒီတစ်ခါမှာတော့ ဆေးရောင်းသူရဲ့ လေသံဟာ ခပ်ပျော့ပျော့ဖြစ်သွားပါပြီ။
          “ ဒီမှာဦးရယ်… သမီးမှာ အဲဒါဝယ်ဖို့ ပိုက်ဆံရှိပါတယ်။ မလောက်ဘူးဆိုရင်လဲ ထပ်ပေးပါ့မယ်။ ဘယ် လောက်ကျမလဲသာ ပြောပါနော်… ”
          ဆေးရောင်းသူရဲ့ ညီဖြစ်သူဟာ ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူတစ်ယောက်ပါ။ စကားသံများကို ကြားပြီးနောက် သူရှေ့ထွက်လာခဲ့ပြီး ကောင်မလေးကို ငုံ့ကြည့်ကာ မေးလိုက်တယ်။
          “ ဘယ်လိုကံတရားမျိုးကို သမီးမောင်လေးက လိုအပ်နေတာလဲကွယ့်… ”
          “ ဒါတော့ သမီးမသိဘူး… ”
          တက်စ်က မျက်ရည်ဝဲနေတဲ့ မျက်လုံးအစုံနဲ့ ပြန်ဖြေရှာတယ်။
          “ သမီးသိတာက သမီးမောင်လေး တကယ်နေမကောင်းဘူး။ မေမေပြောတာကတော့ ခွဲစိတ်ဖို့ လို မယ်တဲ့။ ဒါပေမယ့် ဖေဖေ့မှာ ပေးစရာပိုက်ဆံမရှိဘူးဖြစ်နေတယ်။ ဒါကြောင့် သမီးပိုက်ဆံတွေ ထုတ်သုံးဖို့ လို အပ်လာပြီလေ… ”
          “ သမီးမှာ ပိုက်ဆံဘယ်လောက်ရှိလို့လဲ… ”
          ဆေးရောင်းသူရဲ့ ညီ ချီကာဂိုမြို့သားက ထပ်မေးလိုက်တာပါ။
          “ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်(ပြား)… ”
          တက်စ်က ခပ်ကျယ်ကျယ်လေး ပြန်ဖြေတယ်။
          “ အဲဒါ သမီးဆီမှာ ရှိတာ အကုန်ပါပဲ။ ဒါပေမယ့် လိုသေးရင် ထပ်ရှာလို့ ရနိုင်ပါသေးတယ်… ”
          “ အိုး… တိုက်ဆိုင်လိုက်တာ ”
          ချီကာဂိုမြို့သားက ပြုံးပြီး ပြန်ပြောလိုက်တာပါ။
          “ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ပြား၊ အင်း… အဲဒါ သမီးမောင်လေး လိုနေတဲ့ ကံတရားအတွက် ကုန်ကျမယ့် ငွေ အတိအကျပဲကွ… ”
          ချီကာဂိုသားဟာ တက်စ်ပေးတဲ့ ပိုက်ဆံအကြွေလေးတွေကို သူ့လက်ဖ၀ါးတစ်ဖက်ထဲ ထည့်ယူလိုက်ပြီး နောက်လက်ဖ၀ါးတစ်ဖက်နဲ့ တက်စ်ရဲ့ လက်အိတ်ဝတ်ထားတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်တယ်။
          “ သမီးနေတဲ့ နေရာကို ဦးကို ခေါ်သွားပါလား။ သမီးမောင်လေးကို ကြည့်ပြီး သမီးမိဘတွေနဲ့လဲ တွေ့ ချင်တယ်။ ဦးမှာ ရှိတဲ့ ကံတရားက သမီးလိုအပ်နေတဲ့ ကံတရားဟုတ်မဟုတ် သိရတာပေါ့ကွာ… ”
          တကယ်တော့ အဲဒီချီကာဂိုသားဟာ ဦးနှောက်နဲ့ အာရုံကြောအထူးပြု ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကာလ်တန်အမ်းစထရောင်းဖြစ်ပါတယ်။
          ဒေါက်တာအမ်းစထရောင်းတစ်ယောက် တက်စ်ရဲ့ အိမ်ကို လိုက်သွားပြီးတဲ့နောက်မှာ အန်ဒရူးအတွက် ဆေးရုံတစ်ရုံမှာ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့ပြီး အဲဒီအတွက် ကုန်ကျစရိတ်ကိုလည်း မတောင်းခံခဲ့ ပါဘူး။ သိပ်မကြာခင်မှာပဲ အန်ဒရူးဟာ ကျန်းမာရေးကောင်းမွန်လာခဲ့ပြီး ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။
          တက်စ်ရဲ့ ဖေဖေနဲ့ မေမေကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလုံးကို ပျော်ရွှင်စွာနဲ့ စမြုံ့ပြန် ပြောလို့ကို မပြီးနိုင်ကြတော့ပါဘူး။
          “အဲဒီ ခွဲစိတ်ကုသမှုလေ… အရမ်းအံ့သြဖို့ကောင်းတဲ့ ကံတရားပဲနော်။ ဘယ်လောက်တောင် ကုန်ကျ လိမ့်မလဲဆိုတာ ကျွန်မဖြင့် တွေးလို့တောင် မရနိုင်ဘူး… ”
          တက်စ်ရဲ့ မေမေက အဲဒီလိုမျိုး ရေရွတ်ပြောဆိုတဲ့အခါတိုင်း တက်စ်ဟာ ဘာမှ မပြောဘဲ ပြုံးနေလေ့ ရှိ ပါတယ်။
          ဒီအံ့သြဖွယ်ကောင်းတဲ့ ပြဇာတ်ဆန်ဆန်ဖြစ်ရပ်ဟာ ဘယ်လောက်ကုန်ကျသလဲဆိုတာ သူမ အတိ အကျသိနေတယ်လေ။
သူမ ကုန်ကျလိုက်တာကတော့ တစ်ဒေါ်လာ၊ ဆယ့်တစ်ပြားရယ်… နောက် ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ ယုံကြည်မှုတစ်ခုရယ်ပေါ့။
http://academictips.org/blogs/the-miracle-of-1-11-true-story/ ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါ သည်။
©
မင်းအရိပ်
Monday, June 12, 2017
အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး အပိုင်း(၂)
Image
၅။       လီကာရှင်း
          ဖခင်ဖြစ်သူသည် အဆုတ်နာရောဂါဖြင့် သေဆုံးသွားချိန်၌ လီကာရှင်းမှာ အသက်(၁၆)နှစ်သာ ရှိသေး သော်လည်း မိသားစုတာဝန်များက သူ့ပုခုံးပေါ်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူသည် ကျောင်းမှ ထွက်ခဲ့ရ ပြီး ပလတ်စတစ်ပန်းတုများ ပြုလုပ်သည့် စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုသို့ အလုပ်ဝင်ပြီး (၆)နှစ်ကြာ သောအခါ လီသည် သူ၏ ကိုယ်ပိုင်စက်ရုံကို တည်ထောင်နိုင်ခဲ့ရာမှ နောင်တွင် CK Hutchison Holdings ဟု အမည်ရသည့် လုပ်ငန်းကြီးအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ ယခုအခါ CK Hutchison Holdings သည် အိမ်ခြံမြေ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ထားသည့် စီးပွားရေးအင်ပါယာကြီးတစ်ခု ဖြစ်နေပေပြီ။ ထူးချွန်သော ရင်းနှီးမြှုပ်နှံရေးသမားဖြစ်သည့် လီသည် သူ၏ Horizon Ventures လုပ်ငန်းမှတဆင့် Facebook၊ Skype၊ Spotify နှင့် Hampton Creek တို့ကဲ့သို့ သော ကမ္ဘာကျော်လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
          အသက်(၈၇)ရှိပြီဖြစ်ပြီး ဒေါ်လာ(၁၉.၅)ဘီလီယံကြွယ်ဝသည့် လီကာရှင်းသည် အလုပ်များအား လျှော့ ချမည့်ဟန်မပေါ်သေးပေ။ သြဂုတ်လအတွင်းတွင် လီသည် သူ၏ အလှကုန်ပစ္စည်းများလက်ကားရောင်းချ လျက်ရှိသည့် AS Waston ကုမ္ပဏီအတွက် (၁၂၀၀၀)ခုမြောက် ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီး ၄င်းအား ကမ္ဘာ့အကြီး ဆုံးအလှကုန်ပစ္စည်းလက်ကားရောင်းချရေးကုမ္ပဏီ ဖြစ်လာစေခဲ့သည်။
၎။       အယ်ဝါလစ် ဘင် တာလာ ဘင် အဗ္ဗဒူ အဇစ် အယ် ဆော့
          မင်းသားအယ်ဝါလစ်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ပထမဆုံးဘုရင်ဖြစ်သူ အဗ္ဗဒူ အဇစ် အယ် ဆော့၏ မြေးတစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းတလွှားရှိ ကုမ္ပဏီမြောက်မြားစွာတို့တွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ထားသူဖြစ်သည်။ ၁၉၈၀ခုနှစ်တွင် အယ်ဝါလစ်သည် Kingdom Holding ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းမှသည် ဖျော်ဖြေရေးလုပ်ငန်းများအထိ လုပ်ကိုင်သည်။ သူသည် Twitter၊ The Four Seasons၊ Time Warner နှင့် Motorola စသည့် ကမ္ဘာကျော်ကုမ္ပဏီများတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီးဖြစ်သည်။
          အယ်ဝါလစ်၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ(၂၂.၅)ဘီလီယံရှိသည်ဟု ခန့်မှန်းကြသော်လည်း သူ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ယခုအချိန်မထိ မည်သူမျှ အတိအကျမသိကြချေ။ ၂၀၁၃ခုနှစ်တွင် အယ်ဝါလစ်သည် သူ၏ ကြွယ်ဝမှုအား လျှော့၍ ခန့်မှန်းသည်ဟု ဆိုကာ Forbes မဂ္ဂဇင်းအား တရားစွဲခဲ့သေးသည်။ သူ၏ ပိုင်ဆိုင် မှုများအားလုံးကို လှူဒါန်းမည်ဖြစ်ကြောင်း ၂၀၁၆ခုနှစ်၊ နွေရာသီတွင် ကြေငြာထားခဲ့သည်။
၃။       မူကက်ရှ် အန်ဘာနီ
          အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ မူကက်ရှ် အန်ဘာနီသည် သူ၏ ဖခင်ဖြစ်သူ ၂၀၀၂ခုနှစ်တွင် ကွယ်လွန်သွားပြီးနောက် Reliance Industries အား လက်လွှဲရယူခဲ့သူဖြစ်သည်။ Reliance Industries သည် စွမ်းအင်၊ ရေနံထွက်ပစ္စည်းများ၊ အထည်အလိပ်၊ သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် အခြားသော လုပ်ငန်း တို့မှ နှစ်စဉ် ဒေါ်လာ(၆၂)ဘီလီယံခန့် ၀င်ငွေရရှိလျက်ရှိသည်။
          မူကက်ရှ် အန်ဘာနီ၏ ကြွယ်ဝမှုမှာ ဒေါ်လာ(၂၄.၈)ဘီလီယံရှိပြီး အမေရိကန်ဒေါ်လာ(၁)ဘီလီယံကုန် ကျခံတည်ဆောက်ထားသည့် မွန်ဘိုင်းစံအိမ်ကြီးကိုလည်း ပိုင်ဆိုင်သည်။
          လွန်ခဲ့သောလေးနှစ်ခန့်က အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ဒေါ်လာ(၁.၁)ထရီလီယံရှိခဲ့ရာ ၂၀၃၀ခုနှစ်တွင် ဒေါ်လာ(၃၀)ထရီလီယံသို့ ရောက်သွားမည်ဖြစ်ကြောင်း အန်ဘာနီက ဟောကိန်းထုတ်ထားလေသည်။
၂။       ဂျက်မာ
          အာရှတိုက်နှင့် တရုတ်နိုင်ငံတို့၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဂျက်မာသည် ၁၉၈၈ခုနှစ်တွင် Yellow Pages ဟု အမည်ရသည့် တရုတ်နိုင်ငံ၏ ပထမဆုံးအင်တာနက်ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်သည်။ ၁၉၉၆ခုနှစ်တွင် ထိုကုမ္ပဏီကို နိုင်ငံပိုင်ကုမ္ပဏီအဖြစ် လွှဲပြောင်းပေးခဲ့ရပြီးနောက် (၃)နှစ်အကြာတွင် ဂျက်မာ သည် ဒေါ်လာ(၆၀၀၀၀)ဖြင့် အလီဘာဘာကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တည်ထောင်ခဲ့ပြီး (၁၅)နှစ် အကြာတွင် အဆိုပါကုမ္ပဏီသည် ဒေါ်လာ(၂၅)ဘီလီယံတန်ဖိုးရှိသည့် အင်တာနက်ပေါ်မှ အရောင်းအ၀ယ်များ ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့လေသည်။
          ၂၀၁၅ခုနှစ်တွင် အလီဘာဘာ၏ ၀က်ဘ်ဆိုက်များကို အသုံးပြုကာ ပစ္စည်းအတုရောင်းချသူများကြောင့် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ (၂၂)ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။ သို့သော် ဂျက်မာသည် မည်သို့မျှ စိုးရိမ်ပူ ပန်ပုံမပြဘဲ အလီဘာဘာ၏ ကာလကြာရှည်အောင်မြင်မှုအပေါ် ယုံကြည်မှုရှိနေသည်။ သူက သူ၏ ကုမ္ပဏီမှာ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုကို စိုးမိုးထားနိုင်ဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်း အပေါ် အနောက်နိုင်ငံများက အလွန်အကျွံစိုးရိမ်ပြနေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
          ဒေါ်လာ(၂၆.၅)ဘီလီယံကြွယ်ဝသူ ဂျက်မာသည် သူ၏ အလီဘာဘာအား တရုတ်နိုင်ငံ၏ ပြင်ပကမ္ဘာ တွင်လည်း အောင်မြင်မှုများ ရရှိလာအောင် အစီအစဉ်ရေးဆွဲလုပ်ဆောင်လျက်ရှိသည်။
၁။       ၀မ်ကျင်းလင်
          ဒေါ်လာ(၂၉.၂)ဘီလီယံကြွယ်ဝသူ ၀မ်ကျင်းလင်သည် တရုတ်နိုင်ငံသာမက အာရှတိုက်၏ အချမ်းသာ ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းဂုရုကြီး ၀မ်ကျင်းလင်သည် ၁၉၇၀မှ ၁၉၈၆ခုနှစ်အထိ တရုတ်ပြည်သူ့ တပ်မတော်တွင် စစ်မှုထမ်းခဲ့ပြီးမှ စီးပွားရေးလောကသို့ အခြေချလာခဲ့သူဖြစ်သည်။ ၀မ်သည် လုပ်ငန်းကဏ္ဍ ပေါင်း တစ်ဒါဇင်ကျော် လုပ်ကိုင်နေသူဖြစ်ပြီး သူ၏ Dalian Wanda Group မှတစ်ဆင့် ကုမ္ပဏီပေါင်း ရာနှင့်ချီ ၍ ပိုင်ဆိုင်သူလည်း ဖြစ်သည်။ ထိုကုမ္ပဏီများထဲတွင် ဗြိတိသျှမှ ရွက်သင်္ဘောများပြုလုပ်သည့် Sunseeker နှင့် အမေရိကန်ဖျော်ဖြေရေးကုမ္ပဏီ AMC တို့လည်း ပါဝင်ကြသည်။ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နှင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တို့ရှိ အိမ်ခြံမြေလုပ်ငန်းများသည် ၀မ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အကြီးဆုံးလုပ်ငန်းများ ဖြစ် ကြသည်။
          ၂၀၁၄နှင့် ၂၀၁၅ခုနှစ်များတွင် ၀မ်သည် သူ၏ Wanda Commercial Properties နှင့် Wanda Cinema Line တို့ကို အများပိုင်ရှယ်ယာစာရင်းတင်ခြင်းအားဖြင့် ပိုင်ဆိုင်မှုဒေါ်လာ(၁၃.၂)ဘီလီယံမှ ဒေါ်လာ (၃၀)ဘီလီယံသို့ နှစ်ဆမြှင့်တင်နိုင်ခဲ့သည်။ ထို့ပြင် ၀မ်သည် စပိန်နိုင်ငံမှ အက်သလက်တီကိုမက်ဒရစ်ဘောလုံး ကလပ်၏ ရှယ်ယာ(၂၀)ရာခိုင်နှုန်းအား ဒေါ်လာ(၅၂)သန်းဖြင့် ရင်းနှီးမြှုပ်နှံခဲ့ပြီး World Trithalon Corp; ကို ဒေါ်လာ(၆၅၀)သန်းဖြင့် ၀ယ်ယူခဲ့သည်။
အနှစ်ချုပ်
အချုပ်အားဖြင့် ဆိုရသော် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် မိမိဘာသာ ကြိုးစားရုန်းကန်ပြီး ချမ်းသာလာသူ (၇)ဦးအထိပါဝင်ပြီး မိဘအမွေအနှစ်များကို ဆက်ခံကာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သူ (၃)ဦး ပါဝင်သည်ကို တွေ့ရသည်။ ၄င်းတို့လုပ်ကိုင်သည့် လုပ်ငန်းများအနေဖြင့် ကြည့်မည်ဆိုပါက နည်းပညာ ကဏ္ဍမှ (၄)ဦး၊ အိမ်ခြံမြေကဏ္ဍမှ (၂)ဦး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ (၂)ဦး၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ (၁)ဦး နှင့် ရေနံနှင့်စွမ်းအင်လုပ်ငန်းမှ (၁)ဦးတို့ ပါဝင်ကြောင်း တွေ့ရှိရသည်။
အာရှတိုက်၏ အချမ်းသာဆုံး ဘီလျံနာများတွင် အသက်(၄၄)နှစ်မှ အသက်(၈၇)နှစ်အထိ အရွယ်အမျိုး မျိုး ပါဝင်ကြသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အချိန်တိုအတွင်း ဘီလျံနာဖြစ်လာကြသူများမှာ နည်းပညာကဏ္ဍ မှ ဖြစ်ကြောင်း တွေ့ရှိရပေသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံသည် အာရှတိုက်မှ ဖြစ်ပေရာ အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအကြောင်း ဖတ်ရှုရင်းဖြင့် မိမိတို့အတွက် အသိပညာတိုးစရာ တစ်စုံတစ်ခု ရရှိနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ကိုးကား
©
မင်းအရိပ်
Sunday, June 4, 2017
အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး အပိုင်း(၁)
Image
(အောက်ဆုံးမှနေ၍ ၀ဲမှယာသို့)
၁၀။     လေကျွင်း
          အခြားသော ၂၁ရာစုတရုတ်ဘီလျံနာများကဲ့သို့ပင် လေကျွင်းသည် နည်းပညာကဏ္ဍဖြင့် ကြွယ်ဝချမ်း သာလာခဲ့သူဖြစ်ပြီး ဒေါ်လာ(၁၄.၄)ဘီလျံ ကြွယ်ဝသည်။ ကမ္ဘာပေါ်တွင် စတုတ္ထအရောင်းအသွက်ဆုံးနှင့် တရုတ်နိုင်ငံတွင် အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်သည့် သူ၏ ရှောင်မီစမတ်ဖုန်းကုမ္ပဏီကို တည်ထောင်ပြီး (၃) နှစ်အတွင်းမှာပင် အဆိုပါဥစ္စာဓနများကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
          လေကျွင်းသည် ကောလိပ်ပြီးပြီးချင်း တရုတ်ဆော့ဖ်ဝဲလ်ကုမ္ပဏီ - Kingsoft တွင် အင်ဂျင်နီယာတစ်ဦး အဖြစ် အလုပ်ဝင်ခဲ့သည်။ သူသည် Kingsoft တွင် ၀န်ထမ်းဘ၀မှ နည်းပညာအရာရှိချုပ်၊ ဥက္ကဌနှင့် စီအီးအို တာဝန်များ အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ခုနှစ်တွင် နှုတ်ထွက်ခဲ့သည်။ ထို့နောက် စီးပွားရေးတစ်ဦး အနေဖြင့် နှစ်အနည်းငယ်ဖြတ်သန်းပြီးနောက် ဥစ္စာဓနအနည်းငယ်ကြွယ်ဝလာခဲ့သော စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးအနေနှင့် ၂၀၁၀ခုနှစ်တွင် ဂူးဂဲလ်တရုတ်၏ စီမံခန့်ခွဲရေးဝန်ထမ်းဟောင်းတစ်ဦးနှင့် ပေါင်းကာ ရှောင်မီကို တည်ထောင်ခဲ့သည်။ ၂၀၁၁ခုနှစ်တွင် လေကျွင်းသည Kingsoft ၏ ဘုတ်အဖွဲ့ဥက္ကဌလည်း ဖြစ်လာခဲ့ရာ ၄င်း သည် ကုမ္ပဏီနှစ်ခုကို လုပ်ဖော်ကိုင်ဖက်များအဖြစ် တည်ဆောက်ယူခဲ့ရာ ရှောင်မီစမတ်ဖုန်းများအတွက် Cloud – Storage ကို Kingsoft မှ ပံ့ပိုးပေးနိုင်ခဲ့သည်။
          တရုတ်နိုင်ငံ၏ Apple ဟု တင်စားခြင်းခံရသည့် ရှောင်မီကုမ္ပဏီသည် ယခုအခါ ကမ္ဘာပေါ်တွင် ဒုတိယ တန်ဖိုးအကြီးဆုံး တစ်ဦးတည်းပိုင်ဖုန်းကုမ္ပဏီအဖြစ် ဒေါ်လာ(၄၆)ဘီလီယံတန်ဖိုးဖြင့် ရပ်တည်လျက်ရှိသည်။ သို့သော် ယခုအခါ ရှောင်မီကုမ္ပဏီ၏ ရောင်းရနှုန်းများ ကျလာလျက်ရှိရာ ကျွမ်းကျင်သူများက နိုင်ငံရပ်ခြားဈေး ကွက်များတွင် တည်ငြိမ်မှုရှိစေရန် အာရုံထားသင့်ကြောင်း အကြံပြုထားကြသည်။
၉။       ဒလိဆန်ဒဗွီ
          ၁၉၈၂ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဒလိဆန်ဒဗွီသည် ဖခင်ဖြစ်သူ၏ ဆေးမျိုးစုံ လက်ကားရောင်းဝယ်ရေးလုပ်ငန်းတွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စိတ်ကြွစိတ်ကျရောဂါကုဆေးဖြစ် သော Lithuson ကို ထုတ်လုပ်ရောင်းချရန် အကြံဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်က အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် Lithuson ဆေးကို ၀ယ်ယူရရှိနိုင်ရန် အင်မတန်ခက်ခဲနေခဲ့သည့် အချိန်ဖြစ်သည်။ ထိုသို့ဖြင့် Sun ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်း သန္ဓေတည်လာခဲ့ပြီး ဆန်ဒဗွီ၏ ဖခင်က ဒေါ်လာ(၁၀၀၀)ကို စတင်ရင်းနှီးမြုပ်နှံပေးခဲ့သည်။
          စတင်တည်ထောင်သည့်နှစ်မှာပင် ဆန်ဒဗွီ၏ လုပ်ငန်းသည် ဒေါ်လာ(၁)သိန်းဖိုးခန့် ရောင်းချနိုင်ခဲ့ပြီး ၁၉၉၄ခုနှစ်တွင် ဘုံဘေစတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် လုပ်ငန်းတိုးချဲ့ကာ ဆေးဝါးပေါင်းစုံထုတ်လုပ်ရေးဈေးကွက်သို့ ၀င်ရောက်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ဆန်ဒဗွီသည် ကုမ္ပဏီဘုတ်အဖွဲ့ဥက္ကဌအဖြစ်မှ ဆင်းပေးခဲ့ပြီး ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ် လာ(၄.၅)ဘီလီယံတန်ဖိုးခန့်ရှိသော ဆေးဝါးများ ရောင်းချပေးနိုင်ခဲ့သည်။
          ဒေါ်လာ(၁၆.၄)ဘီလီယံကြွယ်ဝသော အိန္ဒိယနိုင်ငံသား ဆန်ဒဗွီသည် ရှန်တီလာဆန်ဒဗွီဖောင်ဒေးရှင်း ကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
၈။       အာဂျင်ပရန်ဂျီ
          ၁၉၆၆ခုနှစ်တွင် စတန်းဖို့တက္ကသိုလ်၌ ပညာသင်ကြားနေသော အသက်(၂၁)နှစ်အရွယ် အာဂျင်ပရန်ဂျီ သည် ဖခင်ဖြစ်သူ ကွယ်လွန်သွားသောကြောင့် ဖခင်ကြီး၏ West India Vegetable Products ကုမ္ပဏီအား အမွေဆက်ခံ၍ ခန့်ခွဲအုပ်ချုပ်ရန်ဖြစ်လာခဲ့သည်။ ပရန်ဂျီ၏ ဦးဆောင်မှုအောက်တွင် ကုမ္ပဏီအား Wipro ဟု အမည်ပြောင်းခဲ့ပြီး လုပ်ငန်းပေါင်းစုံလုပ်ကိုင်ခဲ့ရာ အိမ်သာ၊ ရေချိုးခန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းမှ IT လုပ် ငန်းများပြုလုပ်ခြင်းအထိ ပါဝင်ခဲ့သည်။ Wipro သည် ယခုအခါ အိန္ဒိယ၏ တတိယအကြီးဆုံး ITကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိပြီး ဒေါ်လာ(၇.၆)ဘီလီယံအထိ ၀င်ငွေရရှိခဲ့သည်။
          ယခုနှစ်စပိုင်းမှာပင် ပရန်ဂျီသည် အမေရိကန်နိုင်ငံ၊ ဒါးလက်စ်မြို့အခြေစိုက် အကြံပေးလုပ်ငန်းလုပ်ကိုင် သူ အဘီဒါလီနီမက်ဝါလာအား ကုမ္ပဏီ၏ စီအီးအိုအဖြစ် ခန့်အပ်ကာ Wipro အား နောက်တစ်ဆင့်သို့ တက် လှမ်းနိုင်ရေး ကြိုးပမ်းနေသည်။ နီမက်ဝါလာသည် ပြိုင်ဘက်ကုမ္ပဏီ တာတာအကြံပေးလုပ်ငန်းမှ ပြောင်းရွှေ့ လာခြင်းဖြစ်သည်။
          ဒေါ်လာ(၁၆.၅)ဘီလီယံကြွယ်ဝသော ပရန်ဂျီသည် စိတ်သဘောထားကောင်းမွန်ခြင်းကြောင့် နာမည် ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူ၏ ပိုင်ဆိုင်မှုတစ်ဝက်အား လှူဒါန်းရန်ကတိပြုလက်မှတ်ရေးထိုးထားသူလည်း ဖြစ်သည်။
၇။       မာဟွာထန်
          ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ မာဟွာထန်သည် ၁၉၉၈ခုနှစ်၌ တရုတ်နိုင်ငံ၏ အကြီးဆုံး အင် တာနက်ပေါ်တယ်ဖြစ်သည့် Tencent Holdings ကို တည်ထောင်ခဲ့သူဖြစ်သည်။ ထိုစဉ်က သူ၏ အသက်မှာ (၂၅)နှစ်သာ ရှိသေးသည်။ မာ၏ ကုမ္ပဏီသည် ထင်ရှားပြီး လူသုံးများသည့် မက်ဆေ့ခ်ျဝန်ဆောင်မှုဖြစ်သော QQ၊ အသုံးပြုသူပေါင်း သန်း(၆၀၀)ကျော်ရှိသည့် မိုဘိုင်းစာပို့ဝန်ဆောင်မှုဖြစ်သော WeChat၊ မိုဘိုင်းကုန်သွယ် ရေးဝန်ဆောင်မှုတစ်ခုဖြစ်သော WeChat Wallet နှင့် တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်သော အွန်လိုင်းဂိမ်း ၀န် ဆောင်မှုဖြစ်သည့် Tencent Games တို့ကို ပိုင်ဆိုင်သည်။
          လွန်ခဲ့သည့်နှစ်က မာဟွာထန်သည် ကြီးမားသော အရောင်းအ၀ယ်နှစ်ခုကို ပြုလုပ်ခဲ့သည်။ ဧပြီလတွင် 58.com ၏ ရှယ်ယာတန်ဖိုး ဒေါ်လာသန်း(၄၀၀)ကို ၀ယ်ယူခဲ့ပြီး ထိုလအတွင်းမှာပင် မိုဘိုင်းဂိမ်းများ ရေးဆွဲ သည့် Glu Mobile ၏ ရှယ်ယာ ဒေါ်လာ(၁၂၆)ဖိုး ၀ယ်ယူခဲ့ခြင်းတို့ ဖြစ်သည်။ မာ၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ် လာ(၁၇.၁)ဘီလီယံဖြစ်သည်။
၆။       လီကျောက်ကျီး
          ၁၉၄၈ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကွန်မြူနစ်တို့ အာဏာရယူလိုက်သောအခါ ဟောင်ကောင်သို့ ထွက်ပြေး လာကြသူများအနက် လီကျောက်ကျီးသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။ ရွှေနှင့် ငွေကြေးအိတ်ချိန်း အ ရောင်းအ၀ယ်တို့ကို လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၇၃ခုနှစ်၌ Henderson မြေယာဖွံ့ဖြိုးရေးလုပ်ငန်းကို စတင် တည် ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ နောက်(၄၃)နှစ်အကြာတွင် Henderson သည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ တို့တွင် ထိပ်တန်းအိမ်မြေခြံလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။
          တက်ကြွသော ပရဟိတသမားဖြစ်သည် လီသည် ပညာရေးမှ စ၍ လယ်သမားများ လေ့ကျင့်ရေးပရို ဂရမ်များ စသော ပရဟိတလုပ်ငန်းများတွင် ဒေါ်လာသန်း(၁၀၀)ကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။ ဒေါ်လာ(၁၈.၅) ဘီလီယံကြွယ်ဝသူ လီသည် အောက်တိုဘာလတွင် သူ၏ ခုနစ်ယောက်မြောက်မြေးကလေးမွေးဖွားသည့် အထိမ်းအမှတ်အနေနှင့် ဒေါ်လာ(၁.၉)သန်းခန့်အား သူ၏ မိတ်ဆွေနှင့် အလုပ်သမားများအား ပေးအပ်လှူ ဒါန်းခဲ့သေးသည်။
ကိုးကား
©
မင်းအရိပ်