တစ်ခါ ထမင်းစားကျောင်းဆင်း (နေ့ခင်းဘက်ကြီး) မိုးတွေတအားအုံ့တာကို ပြောဖို့စဉ်းစားတာ မိုးအုံ့တာကို အုံ့တယ်ပြောဖို့ မေ့နေတာ မနည်းစဉ်းစားယူရတာ မှတ်မိသေးတယ်။ လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်ကြီးမှာ ပြူးကြောင်ကြောင်နဲ့ ရပ်ပြီးကို စိတ်တိုင်းမကျသရွေ့ အကြာကြီး စဉ်းစားနေတာ။ တော်သေးတယ် ဗမာစကားတစ်ခုတည်း တတ်ထားတာမလို့။ အခုခေတ် ကောင်းစားနေတဲ့ ကလေးတစ်ချို့လို အင်တာနေရှင်နယ် ကျောင်းတက်ပြီး ကြီးခဲ့ရလို့ခဲ့တော့ လျှမ်းလျှမ်းတောက်လိုက်မယ့်ဖြစ်ခြင်း။ ဘာစကား ဘယ်လိုပြောရမလဲ စဉ်းစားနေမှာ မြင်ယောင်ပါသေး။ ဥနှောက် အဲလိုကောင်းလွန်းလို့ အဖေ ရိုက်တာ ခနတိုင်း ခံရလည်း ကြောက်ပြီး ပိုတောင် မေ့သေးတယ်။
အသက်အတော်ကြီးလာတဲ့အထိ ၂တန်းလောက်အထိကို ဖိနပ် ဘယ်နဲ့ညာ အမြဲ မှားစီးတယ်။ မှားစီးတိုင်း အဖေက သင်ပါတယ်။ နောက် အမြင်ကတ်လာသလား။ ပြောကို မပြောချင်တော့သလား မသိပါဘူး။ ညာဘက်ဖိနပ်ထိပ်တည့်တည့်မှာ သံမှို ပန်းရောင်လေးတွေ တပ်ထားပေးတယ်။ ဒါတပ်ထားတာ ထမင်းစားတဲ့ ဟောသည်လက်ကြီး ရှိတဲ့ဘက်က ခြေထောက်စွပ်ဖို့ ဆိုပြီး ပြောပြောပြီးကို စီးခိုင်းတာရယ်။ ပြောရမယ်ဆိုရင် ကျွန်တော်က တော်တော်ကို အမှတ်သညာ မရှိခဲ့တာပါ။ ဖိနပ်စီးကာနီးတိုင်း သေချာစဉ်းစားတယ်။ စဉ်းစားရင်း ဇဝေဇ၀ါဖြစ်လာပြီး အမြဲ ဘက်မှားပြီး စီးမြဲဆိုတော့ အဖေ တော်တော်ကို ဒေါသထွက်လာတယ် ထင်ပါတယ်။ ကိုယ့်အောက်က မောင်လေးဖြစ်သူက ဘာသံမှိုမှမလိုဘဲ စီးထားတာ အမြဲဆိုတော့ ဒေါသထွက်သူ အဆိုးတော့ မဟုတ်တော့ဘူးလေ နော်။ အဲဒါ ဘယ်လို အပြစ်ပေးပြီး အမောင်းခံရသလဲဆိုတော့ ဥပုသ်နေ့ ဈေးပိတ်တော့ အိမ်မှာ အဖေ တနေကုန်ရှိတဲ့နေ့ ကျွန်တော့ကို အိမ်က ဖိနပ်တွေ ဘက်စေ့အောင် အကုန်အိမ်ပြင်သယ်ခဲ့ခိုင်းပါရော။ အဲဒီအထိ ဖိနပ်တွေ အကုန် သေချာကို လိုက်ရှာပြီး အိမ်ရှေ့ကို သွားသွားချတာ။ အဖေက မတော်ခိုင်းသရွေ့ ချောင်ကြို ချောင်ကြား ပါ မကျန်အောင် သေချာ လိုက်ရှာပြီး အမိန့်ကို နာခံဖို့ပဲ သိတယ်။ ဘာလုပ်ဖို့ဆိုတာ သိကို မသိဘူး။ ပြီးလည်း ပြီးရော အဖေက အဲဒီဖိနပ်တွေ ဘက်မှန်အောင် စီပြခိုင်းပါရော။ တစ်ရန် စီတိုင်း ဟုတ်လားဆိုပြီး အဖေ့မျက်နှာ မော့ကြည့်ပြီး အဖြေမှန် မမှန် အကဲဖြတ်ရတာရော ကြောက်တာရော စိတ်အရမ်းကို ညစ်ခဲ့ရပါတယ်။ အခု အဖေ့ကို ပြန်မေးမေးပြီး ရယ်နေရတယ်။
သတိရတာလေးတွေ ပြောပြနေတာ။ နောက်အားရင်လည်း ပို့စ်အသစ်လေးတွေ တင်ဖို့ ကြိုးစားပါဦးမယ်။ အားလုံး ပျော်ရွှင်ပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ