Monday, March 12, 2012

အတိတ်လမ်းကလူ

Image


အတိတ်လမ်းကလူ
----------------
ခြောက်သွေ့တဲ့ရက်စွဲ
အက်ကွဲတဲ့နှလုံးတစ်စုံနဲ့
မဆုံနိုင်တဲ့လမ်းပေါ်လျှောက်
အတိတ်ပုံရိပ်ဟောင်းကို
လိုက်ကောက်နေမိဆဲပါချစ်သူ။

မင်းလာလေမလား
အိပ်မက်တမ်းကစားနေ
အရိပ်မျှမစေ
ကြားလေဝေးလေ ပါပဲလေ။

ခွန်ခမ်းဒွမ်
1/3/2012

ဆက်လက်ဖတ်ရှူရန်...

အတုံ့အလှည့်

Image


အတုံ့အလှည့်
---------------
သင့်လိုအင်ဆန္ဒပြည့်ဝဖို့သာ
သင်အခါခါတောင့်တလေရဲ့
သင့်ဆန္ဒပြည့်စေရေး
တစ်ခါတစ်လေ
သင်ပေးဝေမှသာ
ဆန္ဒသင့်ဆီပြန်လာမှာ။

အေးမြခြင်းကို သင်တောင့်တလေရဲ့
ဝေဒနာကို သင်ခင်တွယ်လေတော့
သင်သာသောက ပွေရပေါ့။

သင်ခူးဖို့
အသီးတွေရှိနေတာက
သင်စားဖို့
စေတနာနဲ့ စိုက်သူရှိလို့ပါ။

မေတ္တာဆိုတာ
သင့်မှာသာ ရှိနေလျှင်
သာယာခြင်းဆိုတာ
သင်မဖိတ်ပဲလည်း ရောက်လာဦးမည်သာ။

ခွန်ခမ်းဒွမ်
1/3/2012

ဆက်လက်ဖတ်ရှူရန်...

Friday, November 11, 2011

ရေကူးတတ်သူများ

Image








ရေရောက်ပြီလား။ မပြန်သေးဘူးလား။

မပြန်ဘူး၊ ရေကူးတတ်တယ်ဟေ့…။



အခုတော့ နှုတ်ဆက်စကားအသစ် ပေါ်နေတယ်။



ဒါက ဘန်ကောက်ရောက် မြန်မာပြည်သားတွေ ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့ကြရင်ပဲဖြစ်ဖြစ် မမေးမဖြစ်၊ မေးနေကြ၊ နှုတ်ဆက်နေကြတဲ့ စကားလုံးတွေပါ။



စက်တင်ဘာလ လဆန်းကတည်းက ရွာက တစ်ချို့မိဘတွေ ကိုယ့်သားသမီးကို ပြန်လာခိုင်းကြတာ တွေ့နေရတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းက ရေစကြီးကတည်းကပေါ့။



ဘန်ကောက်မှာရေကြီးတော့မယ်၊ နင်တို့တွေ မပြန်လာနိုင်ပဲဖြစ်ဦးမယ် အစုံပါပဲ။ သားသမီးတွေဘက်လည်း ဘာမှ မဖြစ်ဘူး၊ သူဌေးတွေ အာမခံတယ်၊ ထိုင်းတွေတောင် ဘာမှ မကြောက်ပဲ အဖေအမေတို့ ဘာလို့ ကြောက်နေရတာလဲပေါ့လေ…။



ခမ်းကီးတို့အဖွဲ့နေတဲ့ တိုက်ခန်းမှာလဲ တစ်နေ့ထက်တစ်နေ့ မြန်မာပြည်က ဖုန်းအထိုးပိုများလာတယ်။ တစ်ချို့မိဘတွေဆို သားသမီးမပြန်ကြလို့ ငိုနေကြတယ်။ ပိုက်ဆံမရလည်း လူပဲပြန်လာကြ၊ ငွေက အရေးမကြီးဘူး၊ လူပဲ အရေးကြီးတယ်။ အဲလောက်ထိ စိုးရိမ်နေကြတယ်။



ခမ်းကီးအပါအ၀င် တစ်ချို့ယောင်္ကျားတွေက မပြန်ဘူးဟေ့..၊ ငါတို့ ရေကူးတတ်တယ် လို့ ကြုံးဝါးလို့လေ။



အယုဓ္ဒယအထိ ရေကြီးလာတော့ တစ်ချို့လူတွေ မပြန်လို့ မဖြစ်တော့ဘူး။ မိဘတွေက တစ်နေ့လုံး ဖုန်းထိုးနေတော့တာ။ ဒါနဲ့ မိန်းမတွေ၊ ကလေးတွေကို အရင်ပြန်ခိုင်းလိုက်တယ်။ ဘန်ကောက်ရေကြီးမယ်လို့ လုံးဝ မထင်တဲ့ ယောင်္ကျားသားတွေက ငါတို့ရေကူးတတ်တုန်းပဲပေါ့…။



နယ်စပ်မှာလည်း အရစ်တွေ၊ အညစ်တွေ သတင်းကလည်း ကျယ်လောင်လာတယ်။ ယာယီပတ်စပို့မရှိသေးတဲ့ ခမ်းကီးတို့ရွာသားတွေ အားလုံးထိကြတယ်။



အောက်တိုဘာလကုန်ခါနီးမှာ ခမ်းကီးတို့အဖွဲ့ ဆယ်ယောက်ကျော်လောက်ပဲ ကျန်တော့တယ်။ ရေကူးတတ်တဲ့ လူတွေပေါ့…..။



လေဆိပ်ဟောင်းမှာ ရေ၀င်နေပြီဆိုတဲ့ သတင်းမြင်လိုက်ရတော့မှ.. မဖြစ်ဘူး။ ရိက္ခာတွေစု၊ ရေကူးတတ်သူတစ်ချို့လည်း ပြန်ဖို့ပြင် ဖြစ်ကုန်ရော။ ပြီးတော့ ဟိုလူ၊ဒီလူတွေဆီ ဖုန်းလိုက်ဆက်တော့ ပြန်တဲ့လူတွေ ပြန်ကြပြီ။



မပြန်နိုင်တာက ခမ်းကီးတို့ရယ်လေ…….။



သူငယ်ချင်းတွေက ခမ်းကီးကိုမေးနေကြတယ်။ မပြန်သေးဘူးလားပေါ့…။ မပြန်ဘူးဟာ..။ ငါရေကူးတတ်တယ်..လို့။



အမှန်အတိုင်းပြောရရင် ခမ်းကီးလည်း ပြန်ချင်နေတာပါ။ ကိုယ်က လာတာမှ မကြာသေးတော့ လမ်းခရီးစရိတ် မကြေသေးဘူးလေ။ ပြီးတော့ အိမ်ကလူကလည်း ဖုန်းမလာသေးဘူး။ သူမက ခမ်းကီးကို စိတ်ဆိုးနေတာလေ။

တစ်ရက်ပြီးတစ်ရက် သူမဆီကဖုန်းကို မျှော်လိုက်ရတာ။ အော် သူများတွေများ အသီးသီးစိတ်ပူကြလို့ ခေါ်လိုက်ကြတာ။ သူမက ဘယ်လိုပဲ…။ ကမ္ဘာကြီးပျက်ချိန်ကျရင် ဒီလိုပဲ ခမ်းကီးကို စိတ်ဆိုးပြီး အသေထားမယ့်ပုံရတယ်…။ (!--!)



သူငယ်ချင်းမောင်သန်းကို မေးကြည့်တယ်။ မပြန်သေးဘူးလားပေါ့။ သူကျတော့ လင်မယားနှစ်ယောက် အလာလမ်းစရိတ်က ဆယ်သိန်းကျော်တော့။ ဘာနဲ့ပြန်ဆပ်မလဲတဲ့။ မပြန်ဘူးဟာ.. ရေကူးတတ်တာပဲတဲ့လေ။



လှဦးကျတော့.. မပြန်သေးဘူးကွာ။ ပြန်ရင် သူများအိမ်မှာပဲ ကပ်နေရဦးမယ်။ အိမ်တစ်လုံးဆောက်နိုင်မှ ပြန်မယ်တဲ့။ ရေကြီးလည်း အခန်းမှာပဲ မာမား(ခေါက်ဆွဲ)ပဲစားမယ်တဲ့၊ လုံးဝမပြန်ဘူး ရေကူးတတ်တယ်တဲ့။



ကျန်တဲ့ လူအချင်းချင်း သူ့အကြောင်း၊ ကိုယ်အကြောင်း လိုက်မေးကြည့်တော့..။ အကြွေးရှိတဲ့လူနဲ့၊ အိမ်ယာမရှိတဲ့လူနဲ့၊ မိဘမရှိတော့တဲ့လူနဲ့ …။ အားလုံးက ရေမကူးလို့မဖြစ်၊ ရေကူးနိုင်ရမယ်လူတွေချည်းပဲ…။



အခုတော့ တီဗွီသတင်းကြည့်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်နဲ့..။ ရေကလည်း အလုပ်ရုံနဲ့ နီးသထက်နီးလာနေတယ်။



ရေက ၀င်လာပြီးရင် တစ်ရက်နှစ်ရက်နဲ့ မကျဘူး။ လနဲ့ချီကြာမယ်လို့ သတင်းမှာ ကြော်ညာနေတယ်။



ဒါဆို ငါတို့ လမ်းစရိတ်က လွယ်လွယ်နဲ့ကြေဦးမလား…။



အသေးအမွှားဘန်ကောက်ရေဘေးကများ ဘာဆန်းလဲ ခမ်းကီးရာ..။ ငါတို့က တစ်သက်လုံး ဘ၀ပင်လယ်ကို ကူးနေရမယ့်ဟာ……တဲ့။



လှဦးစကားကြားမိတော့……



အင်း… ဘန်ကောက်ရေကြီးတာလေးများ အသာလေးကူးလိုက်ရုံပေါ့..။



ခမ်းကီး

10/11/2011

ဆက်လက်ဖတ်ရှူရန်...

Thursday, November 10, 2011

ဝမ်းသာလိုက်တာ

မင်္ဂလာပါ ဘလော့ဂ်ရေင်းရင်းတို့ရေ...

ခမ်းကီးအရမ်းပျော်တယ်ဗျာ။

ဒီနေ့မှ ခမ်းကီးရဲ့ဘလော့ဂ်စာမျက်နှာကို ဖွင့်လို့ရတာလေ။

၂နှစ်ကျော် ဝေးကွာသွားတော့ password ကို မေ့သွားတယ်။

အကြိမ်ကြိမ်ကြိုးစားဖွင့်လာတာ ဒီနေ့မဗရတော့တယ်။

အားလုံးနဲ့ပြန်ဆုံရတော့ဆိုတော့ ပျော်လိုက်တာဗျာ။

အားလုံးကို အစဉ်သတိရနေတဲ့

ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

Tuesday, July 7, 2009

ကမ္ဘာတစ်ခုသို့

ကမ္ဘာတစ်ခုသို့
 
 
လွမ်းတယ် ...
လူကြီးမင်းတို့ကို လွမ်းတယ်။
 
လွမ်းတယ် ....
တက်ကြွနေတဲ့ ခေတ်လူငယ်တွေကို လွမ်းတယ်။
 
လွမ်းတယ် ...
စေတနာဗရပွနဲ့ အခမဲ့ပညာ ပေးဝေနေတဲ့
အိုင်တီပညာရှင်တွေကို လွမ်းတယ်။
 
လွမ်းတယ် ...
ဗဟုသုတအဖြာဖြာ ပေးဝေနေတဲ့
အိုင်တီရောင်းရင်းတွေကို လွမ်းတယ်။
 
လွမ်းတယ် ....
ခံစားချက်ကို မျှဝေဖြေသိပ်တတ်တဲ့
အိုင်တီက မောင်နှမတွေကို လွမ်းတယ်။
 
တို့မသိတဲ့ ကမ္ဘာလေးတစ်ခု
တို့မကျွမ်းတဲ့လမ်းကလေးတစ်သွယ် 
တို့မကြွယ်တဲ့ဗဟုသုတ
အစစကို ပေးကမ်းမျှဝေ
စေတနာတရားက အနန္တ
စာသားဖြင့်သာ ရင်းနှီးလာကြပေမယ့်
သံယောဇဉ် တွယ်လှပါတယ်။
 
လွမ်းတတ်တဲ့ နှလုံးအိမ်လေး
အခုတော့အဝေးမှာ ..
မတတ်သာလို့ ဝေးကွာရပေမယ့်
မမေ့သာဘူး တမ်းမူးလျှက်ပါ။
 
လာချင်သေးတယ် ကမ္ဘာငယ်လေး
အလှမ်းဝေးလို့ ရင်ဆို့နေရ
ဖတ်လိုလှ၊ ခံစားလိုလှပါတယ်
ရေးချက်ပြင်းပြင်း၊ မျှဝေခြင်းတွေ
ရိုက်ချက်ပြင်းပြင်း ပုံရိပ်အလင်းတွေ
အခြေအနေပေးရင် ဖတ်ချင်သေးတယ်။
 
အခုတော့..
မြင်ယောင်လျှက်..
လွမ်းလျှက် ..
အနေခက်စွာဖြင့်
(ရောင်းရင်းများအိမ်သို့ မ၀င်ထွက်သာပဲ)
ရက်စက်စွာဖြင့် နှုတ်ဆက်လိုက်တယ်
ကမ္ဘာငယ်လေးသို့.....။
 
ခမ်းကီး
၇၊ဇူလိုင်၊၂၀၀၉
 
(အီးမေးလ်ဖြင့်တင်ပါသည်။ အဆင်မပြေခဲ့လျှင် တောင်းပန်ပါသည်) 

ဆက်လက်ဖတ်ရှူရန်...

အဝေးမှ နှုတ်ဆက်ပါတယ်။

မင်္ဂလာပါ အားလုံးသော ဘလော့်ရောင်းရင်းတို့ 
 
Gmail ကနေ ပို့စ်တင်ကြည့်လို့ရတယ်ဆိုလို့ အစမ်းပို့ကြည့်ပါတယ်။
 
အဆင်ပြေရင်တော့ သိပ်ကောင်းတာပေါ့။
 
ရောင်းရင်းတို့ဆီ အလည် မရောက်ပေမယ့် လွမ်းနေလျှက်ပါ။
 
တစ်ဦးချင်းစီ မနှုတ်ဆက်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။
 
ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့နော်။
 
အခု အီးမေးလ်နဲ့ တင်လိုက်တဲ့ ပို့စ်လေး ပေါ်၊ မပေါ် သိချင်ပါတယ်။
 
အားလုံးပဲ
 
ပျော်ရွှင်နိုင်ကြပါစေ။ 
 
လေးစားစွာဖြင့် 
 
ခမ်းကီး
 
၇၊ဇူလိုင်၊၂၀၀၉
 

ဆက်လက်ဖတ်ရှူရန်...

Friday, June 26, 2009

သစ်ရွက်၊ ရေစက်၊ ခွဲထွက်၊ နှုတ်ဆက်

Image

သစ်ရွက်တစ်ရွက်သည်လည်း ဆေးဖက်ဝင်တတ်သည်
ရေကြည်တစ်ပေါက်သည်လည်း အကျုံးဝင်လှသည်
ဝိုးဝါးမပီ ခံယူချက်နဲ့
လူတစ်ကာကို ၀င်နှုတ်ဆက်
အင်တာနက် ကွန်ယက်တဲ့ သူမမှီ…။

ကံကြမ္မာဝဲဂယက်
နှုတ်ဆက်ဖို့ အကြောင်းဖန်ပြီ
ဝေးရတောမည်…။


အခုတော့လည်း …
တောမြိုင်လယ်က သစ်တစ်ရွက်
လေအနှက်မှာ လွင့်ရပြီ
ရေကြည်တစ်ပေါက်လည်း
ချောင်းရေထဲ ကျခဲ့ပြီ
ဝိုးတစ်ဝါးမပီ သည်ကွန်ယက်မှ
နှုတ်ဆက်ခဲ့ပါသည်..
ကံမကုန်လျှင် ပြန်ဆုံဦးပေါ့
လမ်းကြုံလျှင် ရင်ခုန်ဦးမည်
အခုတော့..
ဟိုး.. အဝေးသို့ချီ။

သစ်ရွက်လည်းဆေးမမည်
ရေကြည့်လည်းစွမ်းမထက်တော့
အင်တာနက်မှ ခွဲထွက်ရတော့မည်မို့
မျက်ရည်များစွာဖြင့်
အားလုံးကို
(ခမ်းကီး)
နှုတ်ဆက်ခဲ့ပါသည်။

(ခမ်းကီး၏ ဘလော့ဂ်စာမျက်နှာဖြင့် အမှတ်တရ ဖြစ်ပါစေ)
ခမ်းကီး
၂၆၊ဇွန်၊၂၀၀၉



ဆက်လက်ဖတ်ရှူရန်...