တိရစ္ဆာနကထာ (၁)

တိရစ္ဆာနကထာ (၁)

Image


(ပါဠိပါဌ်သား ပေါက်ကရ ခေါင်းစဉ်တပ်ခြင်းကို သည်းခံတော်မူကြပါ။)

“အကောင်ရှည်”
ကျနော့် သည်မြေကို နင်းသည်နှင့် လာကြိုသည့် ကားဆရာက ပြောပါသည်။ ကျနော်က သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံအကြောင်းနှင့် မကြောက်ရန် ပြောမည်ဟု ထင်ထားသည်။ သို့သော် သူ၏ ပထမဆုံးစကားမှာ “အကိုကြီး နေမယ့် အိမ်က မိုးတွင်းဆို အကောင်ဗလောင်တွေ ဝင်တတ်တယ်” ဟူ၏။


သို့သော် ကိုယ်လည်း ငယ်စဉ်က လျှပ်စစ်မီးမရှိသည့် တောရွာမှာ နေခဲ့ပြီး ညဘက် ခြေစကြာလှည့်ရာ မြွေပါ နင်းမိဖူးသေးသည်ဖြစ်သဖြင့် အရေးတယူ သိပ်မရှိခဲ့။
အခုတော့ ဒဲ့တွေ့ပါပြီ။ ရာသီစာ သရက်သီးတွေပေါ်သဖြင့် သရက်သီးကို လက်နှင့် ကိုင်စားပြီး ဒုတိယ ဝရံတာအနီး ပိုက်ခေါင်းတွင် လက်ရေဆေးပါသည်။ ကျနော့် ခြေထောက် နှစ်ဖက်ကြားမှ လျှောကနဲ အကောင်တကောင် ဝင်သွားသည်။


တံခါးကြားအဝင် အမြီးကို တွေ့လိုက်ရာ အစက ကင်းလိပ်ရှော ထင်သော်လည်း အမြီးမှာ အတော်ရှည်သဖြင့် အထဲဝင်ကြည့်လိုက်ရာ ‘အကောင်ရှည်’ ဖြစ်နေပါသည်။ ဒေါ်အဲစိန်ကို လှမ်းအော်ရသည်။ “မိန်းမရေ … ကုတင်‌ပေါ်တက်နေဟ၊ ဒီမှာ မြွေဟ”။
အကောင်ရှည်က ရှောကနဲ ဒေါ်အဲစိန် အဝတ်လဲ အလှပြင်ခန်းထဲ ဝင်သွားသည်။
အဲဒီတော့မှ အရင်နေသွားသူက အခန်းထောင့်တိုင်းမှာ သစ်ကိုင်းခြောက်တွေ ထောင်ထားခဲ့တာ သဘောပေါက်သည်။
အရှည်ဆုံး သစ်ကိုင်းခြောက်ကို ယူ၊ ဒေါ်အဲစိန် အလှပြင်ခုံလုပ်သည့် ကုတင်ပေါ်တက်ပြီး ဘီရိုအောက်မှာ ထင်၍ တုတ်ရှည်နှင့် ရမ်းပြီး ခြောက်ကြည့်သည်။ ထွက်မလာ။


ဒေါ်အဲစိန်က “နေဦး … အဝတ်ပုံးကို ရွေ့ဦးမယ် … အဲဒီထဲ ဝင်သွားရင် ဒုက္ခ” ဆိုပြီး စောင်၊ ခြင်ထောင် အပိုထည့်ထားသည့် ဘီးပါသော ပလတ်စတစ်ပုံးကို ဆွဲယူလိုက်ရာ ဒင်းက အဲဒီအောက်မှာ ဖြစ်နေသည်။


သူကို လာရာလမ်းအတိုင်း ပြန်ထွက်သွားစေချင်သဖြင့် ခြောက်သော်လည်း ပိုဆိုးသည်။ ကပ်လျက် အိပ်ခန်းထဲ ဝင်သွားခြင်းဖြစ်သည်။
ခြေမြန်လက်မြန်ရှိသော ဒေါ်အဲစိန်က ဘယ်တုန်းက သွားယူလိုက်မှန်းမသိသည့် ပလတ်စတစ် တံမြက်စည်းဖြင့် အမြီးပိုင်းကို လမ်းထောက်ထားလိုက်ချိန်က ကျနော်ကလည်း သစ်ကိုင်းခြောက်ဖြင့် အမြီးကို ဖိထားသည်။ အိပ်ခန်းတံခါးက ဟရုံကလေးဖြစ်ရာ အကောင်ရှည်၏ သုံးပုံ နှစ်ပုံက အခန်းထဲရောက်နေပြီး ကျန်အမြီးပိုင်းကို ဖမ်းဖိမိထားသည်။
လူတွေလည်း ချွေး တပိဿာလောက် ထွက်နေပါပြီ။


ဒေါ်အဲစိန်က မီးညှပ်ရှိရင် အမြီးက ဆွဲထုတ်လို့ရတယ် ပြောသဖြင့် ခုနက အနောက်တိုက်မှာ တီချယ်တယောက် အပင်တွေ မြေလောင်းပေါင်းသင်လုပ်နေရာ သူ့တွင် ရှိလောက်သဖြင့် လှမ်းအော်မေးရန် ပြောလိုက်သည်။
ကျနော်က သူဖိထားသည့် ပလတ်စတစ် တံမြက်စီးကို လက်လွှဲယူပြီး ကျန်လက်တဖက်ကလည်း သစ်ကိုင်းခြောက်ဖြင့် အမြီးကို ဖိထားရသေးသည်။ ချွေးတွေလည်း တကိုယ်လုံး ရွှဲနေပြီ။


နောက်က တီချယ်ကလည်း မီးညှပ် မရှိကြောင်း ပြောသည်။ ကျနော်က အကြံရပြီး လမ်းတဖက် အိမ်ထောင့်ရှိ ဒေသခံ လုံ ပုဂ္ဂလိကခြုံရေးဝန်ထမ်းကို အကူအညီတောင်းဖို့ ပြောတော့ ရောက်လာသည်။ ပုံမှန်အားဖြင့် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း တယောက်သာရှိသော်လည်း ဂျူတီချိန် ပြီးသွားသည့် တခြားဝန်ထမ်းကလည်း ရောက်နေသဖြင့် နှစ်ယောက် ရောက်လာသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းကလည်း ထိပ်တွင် ခွပါသည့် သစ်သားကိုင်းခြောက် ယူလာသော်လည်း မြွေက အကောင်ရှည်သလောက် အလုံးသေးသဖြင့် ဖမ်း၍ မရ။


တယောက်က ဇိုးဇိုးဇတ်ဇတ်ဖြင့် အိပ်ခန်းတံခါး ဖွင့်ဝင်သွားပြီး ဂိုးဂိုးဂွပ်ဂွပ် ဆော်ထည့်လိုက်ရာ အကောင်ရှည်လည်း အပြင်ပြန်မရောက်တော့ဘဲ ဇာတ်သိမ်းသွားတော့သည်။


သူတို့က ဒေသခံဖြစ်သဖြင့် အ‌ကောင်ရှည် အမျိုးအစားကို ပြောသော်လည်း ကျနော် နားမလည်ပါ။ သူတို့က အိမ်မြှောင်နှင့် ငှက်တွေ ရှိလျှင် ဝင်လာတတ်ကြောင်း၊ လူကို အန္တရာယ် မပြုကြောင်းလည်း ရှင်းပြပါသည်။ သို့သော် ကိုယ့်အိပ်ခန်းထဲ အကောင်ရှည် ရှိနေလျှင် မည်သို့ စိတ်ဖြောင့်ဖြောင့် အိပ်နိုင်မည်နည်း။


သို့နှင့် အမှိုက်ဂေါ်ပြားထဲထည့်ပြီး ပစ်လိုက်တော့ ဆိုတော့ သူက ဂေါ်ပြားပင်မယူ၊ အမြီးကကိုင်ပြီး ဟိုဘက်ရေမြောင်းထဲ ပစ်ချလိုက်လေ၏။

ထိုနေ့မှစ၍ အဆိုပါ ဒုတိယ ဝရံတာ တံခါးကို အသေပိတ်ပြီး အောက်ခြေက ဟနေသည့်နေရာကို သစ်သားတန်း ကာထားလိုက်ရလေသည်။


ပုံမှန်အားဖြင့် ဖွင့်ထားလေးရှိသည့် ထိုဝရံတာကိုလည်း မထွက်ရဲတော့ပါ။
ဒုတိယအကြိမ်မှာ ကျနော့်ကို ကားမောင်းပို့လေ့ရှိသည့် မောင်ကျောင်းသားက ထမင်းစားပြီး ဧည့်ခန်းထဲ အိပ်နေသည်။ ကျနော်က ဆိုဖာထိုင်ခုံပေါ်မှာ။


ထိုစဉ် ဌာနဝန်ထမ်းလေး ရောက်လာပြီး ဆူဆူညံညံအသံကြားသည်။ “ဦးရေ … မြွေက ဝရံတာပေါ် တက်နေတာ၊ ကျနော် တံမြက်စည်းနဲ့ ရိုက်ချလိုက်ရတယ်” ဟု ပြော၏။


အိပ်နေသည့် မောင်ကျောင်းသားအား နှိုးရသည်။ အကောင်ရှည်က ဝရံတာဘက် ခေါင်းထိုးအိပ်နေသည့် သူ့ဆီ အရင် ရောက်မည်ဖြစ်သည်။


သတ္တဗေဒဖြင့် ကျောင်းပြီးသော်လည်း ယခုမှ တိရစ္တာန်အလေ့အထများကို သေချာ လေ့လာရသည်။ တိုက်ပတ်လည်တွင် မြောင်းဖော်ထားရာ ငါးများ ပေါက်ဖွားနေသည်။ ငါးများကူးခတ်နေလျှင် ‘ဒါဆို မြွေဒီဝန်းကျင် မရှိဘူး’ ဟု အဓိပ္ပာယ်ရသည်။ ညစဉ် ဝရံတာ၌ အိပ်တန်းတက်သည့် ဖားလေး နှစ်ကောင်ရှိရာ ‘ဒါဆို မြွေ ဒီနား မရှိဘူး’ ဟု အဓိပ္ပာယ်ရသည်။
နောက်ပို့စ်တခုကျမှ ငှက်၊ ဖား၊ ကင်းလိပ်ရှော၊ နက်ပေါက်မ အမည်ရှိသော ခွေးမလေးအကြောင်းတို့ ရေးပါဦးမည်။

#သင်ကာဘုန်းမြင့်

Leave a comment

Filed under Uncategorized

ပန်းချီ ကေမိုးကို၏ လျှပ်တပြက် လက်ရာ

Image

ပန်းချီ ကေမိုးကို၏ လျှက်တပြက် လက်ရာ

Leave a comment

Filed under Uncategorized

ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေ၊ ဆရာကြီး၏ ၉၆ နှစ်ပြည့်မွေးနေ့အမှတ်တရ

Image

မှူးတေဇ

(၁)
“ငါသေသွားသော်
ငါ့ကြိုးစားမှု
ငါပြုလက်ရာ
ပညာအမွေ ကျန်ရစ်ပါစေ။”

ဆရာကြီးဦးညွန့်မောင်ရဲ့ ‘ပေပုရပိုက်မှတ်စုများ’ စာအုပ် အဖွင့်စာမျက်နှာမှာ တွေ့ရတဲ့ လင်္ကာတိုကလေး ဖြစ်ပါတယ်။ အဲဒီလင်္ကာတိုကလေးဟာ ဆရာကြီးရဲ့ မွန်မြတ်သန့်စင်တဲ့ စာပေဆန္ဒကို ဖော်ကျူးပြသနေပါတယ်။ အခုအချိန်မှာ ဆရာကြီး သက်ရှိထင်ရှား မရှိတော့ပေမဲ့ ဆရာကြီး တေးခဲ့မှတ်ခဲ့၊ စုခဲ့ပြုခဲ့၊ ရေးခဲ့သားခဲ့တဲ့ စာပေအမွေ၊ ပညာအမွေတွေ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ရေးသားပြုစုခဲ့တဲ့ စာပေအမွေတွေ ရှိသလို စုဆောင်းတင်ပြခဲ့တဲ့၊ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာပေအမွေတွေလဲ ရှိပါတယ်။ တချို့ကို ကျမ်းစာအုပ်တွေအနေနဲ့ ချန်ထားရစ်ခဲ့ပါတယ်။ တချို့ကို ဆောင်းပါးပေါင်းချုပ် စာအုပ်တွေအနေနဲ့ ချန်ထားရစ်ခဲ့ပါတယ်။

ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲမှာ ‘ပေပုရပိုက်မှတ်စုများ’ အပါအဝင် စာအုပ်အဖြစ် စုစည်းထုတ်ဝေမှု မပြုရသေးတဲ့ စာတွေလဲ တော်တော်များများ ရှိနေပါသေးတယ်။


(၂)
ဆရာကြီးဦးညွန့်မောင်ကို ကျွန်တော် ဘယ်လို စသိခဲ့တာလဲဆိုရင် ဆရာကြီး တာဝန်ထမ်းဆောင်ရာ တက္ကသိုလ်များဗဟိုစာကြည့်တိုက် (UCL) မှာပဲ ဆရာကြီးကို စသိခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ စာကြည့်တိုက် လုပ်အားပေးအဖြစ် ကျွန်တော် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ ဆရာကြီးရဲ့နာမည်နဲ့ ဆရာကြီးဟာ ထင်ရှားကျော်ကြားတဲ့ ပေပုရပိုက်ပညာရှင်ဖြစ်တာကို သိခဲ့ရပါတယ်။ ဆရာကြီးကိုတော့ တွေ့မြင်ဖူးခြင်း မရှိခဲ့ပါ။

Image


၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ လှည်းတန်းက စာအုပ်အရောင်းဆိုင်တစ်ဆိုင်ကို ကျွန်တော် ရောက်ပါတယ်။ စာအုပ်တွေ လျှောက်ကြည့်ရင်း ‘သုတရိပ်မြုံ စာရဂုံ’ ဆိုတဲ့ စာအုပ်တစ်အုပ်ကို အမှတ်မထင် တွေ့မိပါတယ်။ မြန်မာစာပေ၊ စာပေဝေဖန်ရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ စာကြည့်တိုက်ပညာ၊ ပါဠိနဲ့ ပိဋကတ်စာပေအကြောင်းတွေ ပါတဲ့ စာအုပ်ဖြစ်နေလို့ စိတ်ဝင်စားပြီး ဝယ်လိုက်ပါတယ်။ စာရေးသူ မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်နောက်ဆုံးမှာ ထည့်ပေးထားတဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်မိမှပဲ မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ဆိုတာ ဆရာကြီးဦးညွန့်မောင်ဖြစ်နေမှန်း သိရပါတယ်။ ဆရာကြီးရဲ့ကလောင်နဲ့ ဆရာကြီးရဲ့စာကို အဲ့လိုမျိုး စသိခဲ့တာပါ
ပျို့ကဗျာစာအုပ်တွေ စုဆောင်းရတာ ဝါသနာပါတဲ့ ကျွန်တော်ဟာ ဆရာကြီးဦးညွန့်မောင် တည်းဖြတ်တဲ့ ‘ရွှေတိဂုံသမိုင်းပျို့’ ကို လိုချင်လို့ ပျို့ရှာပုံတော် ဖွင့်မိပါတယ်။ အဲဒီပျို့ကို ဆရာကြီး တည်းဖြတ်တယ်ဆိုတာ ဆရာကြီးရဲ့အတ္ထုပ္ပတ္တိကနေတစ်ဆင့် သိရတာပါ။ ဒါ့ကြောင့် နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ လျှောက်မေးကြည့်ပေမဲ့ “မသိဘူး၊ မရှိဘူး” ပဲ ဖြေကြပါတယ်။ ရွှေတိဂုံဘုရားက စာအုပ်ဆိုင်တွေမှာတော့ “ရှိတန်ကောင်းပါရဲ့” ဆိုပြီး မုခ်လေးမုခ် စောင်းတန်းလေးခုက စာအုပ်ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သွားရှာခဲ့ပါတယ်။ ခြေညောင်းတာပဲ အဖတ်တင်ပြီး လုံးဝ ရှာမတွေ့ခဲ့ပါဘူး။ စာအုပ်ဆိုင်တစ်ဆိုင်က “ရွှေတိဂုံဘုရားသမိုင်းစာအုပ်ပဲ ရှိမယ်။ ပျို့တော့ မရှိဘူး။ ဂေါပကရုံးမှာ ရှိလောက်မယ်ထင်တယ်။ အဲဒီကို သွားပါ” လို့ လမ်းညွှန်ပါတယ်။ ဒီလိုနဲ့ ရွှေတိဂုံဘုရားဂေါပကရုံးဆီ ရောက်သွားပြီး ပျို့ရှာပုံတော် ဖွင့်မိပါတယ်။ ဂေါပကရုံးက သူတို့ဆီမှာ မရှိလို့ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်ကို ထပ်လွှတ်ပါတယ်။ ပိဋကတ်တိုက်ရောက်တဲ့အခါ အဲဒီက ဝန်ထမ်းအစ်မတွေကို “ဆရာကြီးဦးညွန့်မောင် တည်းဖြတ်တဲ့ ရွှေတိဂုံသမိုင်းပျို့ လိုချင်လို့ပါ” ဆိုတော့ သူတို့မသိဘူးတဲ့။ ဆရာကြီးဦးညွန့်မောင် ရှိတယ်။ မေးပေးပါမယ်တဲ့။ ခဏကြာတော့ ဆရာကြီး ရောက်လာပြီး ရွှေတိဂုံသမိုင်းပျို့က နှစ်စောင်ရှိကြောင်း၊ နှစ်စောင်စလုံးကို ဆရာကြီး တည်းဖြတ်ပြီး စာအုပ်နှစ်အုပ်ထုတ်ထားကြောင်း ပြောပြပါတယ်။ “ဘယ်အစောင်ကို လိုချင်တာလဲ။ ဖတ်ဖို့ပဲလား၊ အပိုင်လိုချင်တာလား” မေးပါတယ်။ နှစ်စောင်စလုံးကို အပိုင်လိုချင်ကြောင်း ဖြေတော့ ဘယ်နေ့ဘယ်ရက်မှာ လာယူပါဆိုပြီး ရက်ချိန်းပေးလိုက်ပါတယ်။ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ရွှေတိဂုံသမိုင်းပျို့နှစ်စောင်ကို ဆရာကြီးဆီက ရခဲ့ပါတယ်။ ဆရာကြီးကျေးဇူးကြောင့် ကျွန်တော်ရဲ့ ပျို့ရှာပုံတော်ခရီးကို ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်မှာပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Read more: ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေ၊ ဆရာကြီး၏ ၉၆ နှစ်ပြည့်မွေးနေ့အမှတ်တရ

ပျို့ရှာပုံတော်ခရီးကို အောင်အောင်မြင်မြင် အဆုံးသတ်ပြီးနောက်မှာ ဆရာကြီးနဲ့ မဆုံဖြစ်တော့ပါဘူး။ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာမှ မြောက်ဒဂုံရှိ ဆရာကြီးရဲ့နေအိမ်ကို သွားပြီး ဆရာကြီးကို ဂါရဝပြုကန်တော့ခဲ့ပါတယ်။ ဂါရဝပြုကန်တော့ပြီးတော့ ‘မြင်းခြံမြို့ ကိုးဆောင်တိုက် ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီး ဦးဝေပုလ္လ အရှင် ရေးသားတော်မူသော မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ’ စာအုပ်ကို ကျွန်တော် ရှာနေတာ မရသေးကြောင်း ပြောပြမိပါတယ်။ ဆရာကြီးက ချက်ချင်းထသွားပြီး ရှာပေးပါတယ်။ အဲဒီစာအုပ်က အုပ်ပိုရှိနေလို့ ကျွန်တော့်ကို တစ်အုပ်ပေးပါတယ်။ “စာအုပ်ဖိုး ယူပါ ဆရာကြီး” ဆိုတော့ “ကျွန်တော်က စာအုပ် မရောင်းဘူး။ စာသမားမို့ လက်ဆောင်ပေးတာ” တဲ့။ “ကျွန်တော့်စာအုပ်တွေ UCL ကို အကုန် လှူထားတယ်။ အပြင်မှာ ရှာမရရင် အဲဒီမှာ သွားဖတ်ပါ” လို့ မှာလိုက်ပါသေးတယ်။ အဲဒီနေ့က ဆရာကြီးနဲ့ ဆုံတွေ့ခွင့်ရတာဟာ တတိယအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လဲ ဖြစ်တယ်ဆိုတာကို ကျွန်တော် ကြိုမသိခဲ့ပါဘူး။ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၅ ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ် ၄၇၅ နေအိမ်မှာ ဆရာကြီး ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။


ဆရာကြီးဦးညွန့်မောင် သက်ရှိထင်ရှားရှိစဉ်မှာ ကျွန်တော်ဟာ ဆရာကြီးနဲ့ သုံးကြိမ်သုံးခါ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်မှာ နှစ်ကြိမ်၊ ဆရာကြီးနေအိမ်မှာ တစ်ကြိမ် ဖြစ်ပါတယ်။ သုံးကြိမ်သုံးခါ တွေ့ဆုံမှုမှာ ဆရာကြီးဆီက စာအုပ်သုံးအုပ်ကို စာပေအမွေ၊ စာပေလက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

Image


(၃)
စာသမားတွေထဲမှာ ကျွန်တော်နဲ့ အတွဲအများဆုံးက ‘ဇွန်ကိုဦး’ ပါ။ ဇွန်ကိုဦးနဲ့ စာစကား ပေစကားတွေ ပြောဖြစ်ကြရင် မပါမဖြစ် အမြဲပါလေ့ရှိတာက ဆရာကြီးဦးညွန့်မောင်အကြောင်းပါ။ မြင်းထိန်းငတာတွေ ဖြစ်ရင်လဲ ဖြစ်ပါစေတော့။ ကျွန်တော်တို့ဟာ ဆရာကြီးရဲ့ စာပေကျေးဇူးကြီးပုံ တွေကို ဝေဝေဆာဆာ ဖွယ်ဖွယ်ရာရာ တခမ်းတနား ဋီကာချဲ့လေ့ရှိကြပါတယ်။

ကြားသာကြားဖူးပြီး မမြင်ဖူး၊ မကြည့်ဖူး၊ မဖတ်ဖူး၊ မလေ့လာဖူးသေးတဲ့ ဆရာကြီးရဲ့ ပေပုရပိုက်မှတ်စုတွေကိုလဲ မြင်ချင်၊ ကြည့်ချင်၊ ဖတ်ချင်၊ လေ့လာချင်ကြပါတယ်။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ပေစာဌာနစိတ်ကို သွားပြီး စာကြည့်တိုက်မှူးအန်တီဒေါ်စုစုမြတ်ဌေးကို အပူကပ်ကြပါတယ်။ အန်တီက စာကြည့်တိုက်မှူးကြီးဖြစ်တဲ့ ဒေါက်တာလှိုင်လှိုင်ကြီးဆီ တင်ပြပေးပါတယ်။ တီချယ်ဒေါက်တာလှိုင်လှိုင်ကြီးက ဆရာကြီးဦးသော်ကောင်းနဲ့ တိုင်ပင်ကာ ခွင့်ပြုချက် ပေးတဲ့အတွက် ဆရာကြီးဦးညွန့်မောင်ရဲ့ ပေပုရပိုက်မှတ်စုတွေကို ကျွန်တော်တို့ မြင်ခွင့်၊ ကြည့်ခွင့်၊ ဖတ်ခွင့်၊ လေ့လာခွင့် ရကြပါတယ်။ ‘ဆရာကြီးဦးညွန့်မောင်၏ ပေပုရပိုက်မှတ်စုများ’ ဆိုပြီး စာအုပ်ကြီးတစ်အုပ်ဖြစ်လာရင် သိပ်ကောင်းမှာပဲလို့ နှစ်ယောက်သား ပြောမိကြပါတယ်။ စကားဝိုင်း သိမ်းတဲ့အခါ “တို့ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူးလေ” လို့ လက်လျှော့ပြီး ပေပုရပိုက်မှတ်စုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။


၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကျွန်တော်တို့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ ပေပုရပိုက်မှတ်စုတွေဟာ ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် တန်းတန်းမတ်မတ် ထပ်ရောက်လာပြန်ပါတယ်။ သူတို့ကို သွားရှာတုန်းကလဲ တွေ့ခဲ့ရပါတယ်။ သူတို့ကို မေ့ထားလိုက်တော့လဲ ကျွန်တော်တို့ဆီ ပြန်ရောက်လာပါတယ်။ ဒီတစ်ခါ ရောက်လာတာက ပေပုရပိုက်မှတ်စုတွေတင် မဟုတ်တော့ပါဘူး။ ဆရာကြီးရေးသားခဲ့တဲ့ ဆောင်းပါးလက်ရေးမူမိတ္တူတွေ၊ ဆရာကြီး ပိုင်ဆိုင်ခဲ့တဲ့ စာအုပ်စာရင်း၊ ဆရာကြီး လှူဒါန်းခဲ့တဲ့ စာအုပ်စာရင်း၊ ပေပုရပိုက်မှတ်စုစာအုပ်တစ်အုပ်ချင်းစီရဲ့ အက္ခရာစဉ်အညွှန်း၊ ဆရာကြီး ရေးသားခဲ့တဲ့ နိဒါန်းနဲ့အမှာစာ စာရင်း စတာတွေပါ အတွဲလိုက်ကြီး ပါလာပါတယ်။ ကျွန်တော်တို့ လေးစားကြည်ညိုရတဲ့ ဆရာကြီးက ကျွန်တော်တို့ဆီ အလည်လာသလို ခံစားမိပြီး ဝမ်းမြောက်ကြည်နူးရပါတယ်။


ပညာလက်ဆုပ် စာလက်ဆုပ် မထားဘဲ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ လက်ဆင့်ကမ်း မျှဝေတဲ့ စာသမားအစ်ကို ကိုစိုးမင်းရဲ့ကျေးဇူးတရားကို လေးစားတန်ဖိုးထားပါတယ်။ စာသမားချင်း ရိုင်းပင်းကူညီ ကြည်ဖြူဖေးမ နှလုံးလှတဲ့ စာပေစိတ်ဓာတ်ကိုလဲ အလေးအမြတ်ပြုပါတယ်။ စာပေမိတ်ဆွေကောင်းတစ်ဦးရဲ့ ကျေးဇူးကြောင့် ဆရာကြီးဟာ ကျွန်တော့်ဆီ စတုတ္ထမြောက် အလည်ရောက်လာသလို ခံစားမိပြီး ပီတိသောမနဿ ဖြစ်ရပါတယ်။

Image


(၄)
ကျွန်တော် အစမှာ ပြောခဲ့သလို ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲမှာ ‘ပေပုရပိုက်မှတ်စုများ’ အပါအဝင် စာအုပ်အဖြစ် စုစည်းထုတ်ဝေမှု မပြုရသေးတဲ့ စာတွေလဲ တော်တော်များများ ရှိနေပါသေးတယ်။

ဆရာကြီးရဲ့ပေပုရပိုက်မှတ်စုတွေကို စာတစ်အုပ်၊ ဆရာကြီး ရေးသားခဲ့တဲ့ နိဒါန်းနဲ့အမှာစာတွေကို စာတစ်အုပ်၊ စာနယ်ဇင်းတွေမှာ ရွေးချယ်ဖော်ပြခံရပြီးဖြစ်ပေမဲ့ ‘သုတရိပ်မြုံ စာရဂုံ’ နဲ့ ‘သုတရိပ်မြိုင် စာဂနိုင်’ ဆောင်းပါးပေါင်းချုပ်စာအုပ်တွေထဲမှာ မပါသေးတဲ့ ဆောင်းပါးတွေကို စာတစ်အုပ် စသဖြင့် ဆရာကြီးချန်ရစ်ခဲ့တဲ့ စာပေအမွေတွေကို မပျောက်မပျက်အောင် စုစည်းစီစဉ်ထုတ်ဝေပြီး ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အမျိုးသားစာပေ တစ်သက်တာဆုရပညာရှင်လဲဖြစ်၊ မြန်မာစာ – စာကြည့်တိုက်ပညာ – ပါဠိ ပိဋကတ် သုံးဖက်လှပညာရှင်လဲဖြစ်တဲ့ ဆရာကြီးဦးညွန့်မောင်ရဲ့ စာပေဂုဏ်၊ ပညာဂုဏ်ကို ချီးကျူးပူဇော်တဲ့အနေနဲ့ ‘ဦးညွန့်မောင် အမှတ်တရ’ စာအုပ်တစ်အုပ်လဲ စီစဉ်ထုတ်ဝေပြီး ဆရာကြီးကို ဂုဏ်ပြုပူဇော်သင့်ပါတယ်။

ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲက ဟိုတစ်စဒီတစ်စ ပြန့်ကြဲနေတာတွေကို စုစည်းထုပ်ပိုးပြီး ထိန်းသိမ်းစောင့်ရှောက်ဖြန့်ဝေပေးဖို့ စာပေတာဝန်သိတဲ့ စာသမားတိုင်းမှာ စာပေတာဝန်ရှိနေပါတယ်။ စွမ်းသူတွေက ဆောင်ပေးကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ။
မှူးတေဇ

အတွေးအမြင် အမှတ် (၃၆၁)
၂၀၂၅ အောက်တိုဘာလ
*(မှူးတေဇ၏ ပို့စ်ကို ပြန်လည်ကူးတင်ပါသည်။)

Leave a comment

Filed under Literature, Obituary, Research

လတ်တလော ပြဿနာ – Tinnitus

Tinnitus – နားတွင် ဆူညံသံများ ကြားနေရခြင်း၊ အကြားပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်း။

Pulsatile Tinnitus – (လက္ခဏာ) မူးဝေခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မညီခြင်း

Image

Illustration – neurosurgeonsofnewjersey.com

Leave a comment

Filed under Health

ဦးဇဋိ (၂)

Image

ဦးဇဋိနှင့် ဦးပဏ္ဍိ

နိုင်ငံရေး အလှုပ်အရမ်းတွေကြောင့် တက္ကသိုလ်တွေ ရက်ရှည်ပိတ်သည့်ကာလ ဆွေမျိုးတဦး၏ ဆက်ပေးမှုနှင့် တက္ကသိုလ်ကျောင်းသား မောင်ဘုန်းလည်း ထိုကျောင်းတိုက်မှာ သင်္ကန်းစည်းဖြစ်သည်။ မောင်ဘုန်း၏ ဘွဲ့နာမည်က “ဦးပဏ္ဍိ” ဖြစ်၏။ ကျောင်းမဖွင့်သေးသည်အထိ လေး၊ ငါး၊ ခြောက်လ ဝတ်မည်ဟု မောင်ဘုန်း တဖြစ်လဲ ဦးပဏ္ဍိက အားခဲထားသည်။

ဦးဇဋိက ကျောင်းတိုက်သို့ ဦးပဏ္ဍိ မရောက်မီ သုံးလလောက် ကြိုရောက်နှင့်သည်။ ဘယ်လို အဆက်အသွယ်နှင့် ရောက်လာ သီတင်းသုံးသည်ကိုတော့ ဦးပဏ္ဍိ မသိ။ ဦးဇဋိက မောင်ဘုန်း ခေါ် ဦးပဏ္ဍိကို တက္ကသိုလ်ကျောင်းသားကနေ လာဝတ်တဲ့ ဦးပဉ္ဇင်းလေးဟု အရောတဝင် မေးပြော ဆက်ဆံသည်။

ဦးဇဋိကို ကိုရင်တွေ၊ ဦးပဉ္ဇင်းငယ်တွေက ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတာ ဦးပဏ္ဍိ သတိထားမိသည်။ ဦးဇဋိက သက်ကြီးဝါကြီး ကျောင်းထိုင် ဆရာတော်၊ တိုက်အုပ်ဘုန်းကြီးတွေနှင့် အဆင်ပြေသော်လည်း အများစုဖြစ်သည့် ကိုရင်ကြီး၊ ကိုရင်ငယ်တွေနှင့်က သိပ် ထိထိတွေ့တွေ့ မရှိသဖြင့် ထီးတည်းကြီးလို ဖြစ်နေသည်။

ပြောရလျှင် နယ်သားချင်းတူ၊ စကားဝဲတာချင်းတူ၊ တပါးအကြောင်း တပါးသိသည့် ကိုရင်ကြီး၊ ကိုရင်ငယ်၊ ဦးပဉ္ဇင်းငယ်တွေနှင့် သူက သတ်သတ်စီလို ဖြစ်နေတတ်သည်။

ဦးဇဋိက မနက် အာရုံဆွမ်းစားပြီးလျှင် ကိုရင်ကြီး၊ ကိုရင်ငယ်တွေ ဆွမ်းခံ မထွက်မီ စာတဝါ ပို့ချသည်။ ထို့နောက် စာဝါဖြုတ်ကာ အပေါ် ခြုံထည်ပတ်လျက် ကျောင်းပြင်ထွက်သွားတတ်သည်။ ၁၀ နာရီ၊ ၁၀ နာရီခွဲလောက် ရောက်မှ သူ့ထုံးစံအတိုင်း လက်နောက်ပစ်၊ ကွမ်းကို အံကြိတ်ငုံကာ ပြန်ကြွလာတတ်သည်။

နေ့ဆွမ်းစား၊ တရေးတမော ကျိန်း (အိပ်) ပြီးလျှင် ဘောပင်တချောင်း၊ စာရွက်တွေနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေတတ်သည်။ တချို့ရက်တွေဆိုလျှင် နေ့ခင်းမကျိန်းဘဲ တကုပ်ကုပ်နှင့် ရေးလိုက်၊ ခေါင်းကုတ်လိုက်၊ စဉ်းစားလိုက် လုပ်နေတတ်သည်။

Continue reading

Leave a comment

Filed under Literature, Short Story