တိရစ္ဆာနကထာ (၁)

(ပါဠိပါဌ်သား ပေါက်ကရ ခေါင်းစဉ်တပ်ခြင်းကို သည်းခံတော်မူကြပါ။)
“အကောင်ရှည်”
ကျနော့် သည်မြေကို နင်းသည်နှင့် လာကြိုသည့် ကားဆရာက ပြောပါသည်။ ကျနော်က သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံအကြောင်းနှင့် မကြောက်ရန် ပြောမည်ဟု ထင်ထားသည်။ သို့သော် သူ၏ ပထမဆုံးစကားမှာ “အကိုကြီး နေမယ့် အိမ်က မိုးတွင်းဆို အကောင်ဗလောင်တွေ ဝင်တတ်တယ်” ဟူ၏။
သို့သော် ကိုယ်လည်း ငယ်စဉ်က လျှပ်စစ်မီးမရှိသည့် တောရွာမှာ နေခဲ့ပြီး ညဘက် ခြေစကြာလှည့်ရာ မြွေပါ နင်းမိဖူးသေးသည်ဖြစ်သဖြင့် အရေးတယူ သိပ်မရှိခဲ့။
အခုတော့ ဒဲ့တွေ့ပါပြီ။ ရာသီစာ သရက်သီးတွေပေါ်သဖြင့် သရက်သီးကို လက်နှင့် ကိုင်စားပြီး ဒုတိယ ဝရံတာအနီး ပိုက်ခေါင်းတွင် လက်ရေဆေးပါသည်။ ကျနော့် ခြေထောက် နှစ်ဖက်ကြားမှ လျှောကနဲ အကောင်တကောင် ဝင်သွားသည်။
တံခါးကြားအဝင် အမြီးကို တွေ့လိုက်ရာ အစက ကင်းလိပ်ရှော ထင်သော်လည်း အမြီးမှာ အတော်ရှည်သဖြင့် အထဲဝင်ကြည့်လိုက်ရာ ‘အကောင်ရှည်’ ဖြစ်နေပါသည်။ ဒေါ်အဲစိန်ကို လှမ်းအော်ရသည်။ “မိန်းမရေ … ကုတင်ပေါ်တက်နေဟ၊ ဒီမှာ မြွေဟ”။
အကောင်ရှည်က ရှောကနဲ ဒေါ်အဲစိန် အဝတ်လဲ အလှပြင်ခန်းထဲ ဝင်သွားသည်။
အဲဒီတော့မှ အရင်နေသွားသူက အခန်းထောင့်တိုင်းမှာ သစ်ကိုင်းခြောက်တွေ ထောင်ထားခဲ့တာ သဘောပေါက်သည်။
အရှည်ဆုံး သစ်ကိုင်းခြောက်ကို ယူ၊ ဒေါ်အဲစိန် အလှပြင်ခုံလုပ်သည့် ကုတင်ပေါ်တက်ပြီး ဘီရိုအောက်မှာ ထင်၍ တုတ်ရှည်နှင့် ရမ်းပြီး ခြောက်ကြည့်သည်။ ထွက်မလာ။
ဒေါ်အဲစိန်က “နေဦး … အဝတ်ပုံးကို ရွေ့ဦးမယ် … အဲဒီထဲ ဝင်သွားရင် ဒုက္ခ” ဆိုပြီး စောင်၊ ခြင်ထောင် အပိုထည့်ထားသည့် ဘီးပါသော ပလတ်စတစ်ပုံးကို ဆွဲယူလိုက်ရာ ဒင်းက အဲဒီအောက်မှာ ဖြစ်နေသည်။
သူကို လာရာလမ်းအတိုင်း ပြန်ထွက်သွားစေချင်သဖြင့် ခြောက်သော်လည်း ပိုဆိုးသည်။ ကပ်လျက် အိပ်ခန်းထဲ ဝင်သွားခြင်းဖြစ်သည်။
ခြေမြန်လက်မြန်ရှိသော ဒေါ်အဲစိန်က ဘယ်တုန်းက သွားယူလိုက်မှန်းမသိသည့် ပလတ်စတစ် တံမြက်စည်းဖြင့် အမြီးပိုင်းကို လမ်းထောက်ထားလိုက်ချိန်က ကျနော်ကလည်း သစ်ကိုင်းခြောက်ဖြင့် အမြီးကို ဖိထားသည်။ အိပ်ခန်းတံခါးက ဟရုံကလေးဖြစ်ရာ အကောင်ရှည်၏ သုံးပုံ နှစ်ပုံက အခန်းထဲရောက်နေပြီး ကျန်အမြီးပိုင်းကို ဖမ်းဖိမိထားသည်။
လူတွေလည်း ချွေး တပိဿာလောက် ထွက်နေပါပြီ။
ဒေါ်အဲစိန်က မီးညှပ်ရှိရင် အမြီးက ဆွဲထုတ်လို့ရတယ် ပြောသဖြင့် ခုနက အနောက်တိုက်မှာ တီချယ်တယောက် အပင်တွေ မြေလောင်းပေါင်းသင်လုပ်နေရာ သူ့တွင် ရှိလောက်သဖြင့် လှမ်းအော်မေးရန် ပြောလိုက်သည်။
ကျနော်က သူဖိထားသည့် ပလတ်စတစ် တံမြက်စီးကို လက်လွှဲယူပြီး ကျန်လက်တဖက်ကလည်း သစ်ကိုင်းခြောက်ဖြင့် အမြီးကို ဖိထားရသေးသည်။ ချွေးတွေလည်း တကိုယ်လုံး ရွှဲနေပြီ။
နောက်က တီချယ်ကလည်း မီးညှပ် မရှိကြောင်း ပြောသည်။ ကျနော်က အကြံရပြီး လမ်းတဖက် အိမ်ထောင့်ရှိ ဒေသခံ လုံ ပုဂ္ဂလိကခြုံရေးဝန်ထမ်းကို အကူအညီတောင်းဖို့ ပြောတော့ ရောက်လာသည်။ ပုံမှန်အားဖြင့် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း တယောက်သာရှိသော်လည်း ဂျူတီချိန် ပြီးသွားသည့် တခြားဝန်ထမ်းကလည်း ရောက်နေသဖြင့် နှစ်ယောက် ရောက်လာသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းကလည်း ထိပ်တွင် ခွပါသည့် သစ်သားကိုင်းခြောက် ယူလာသော်လည်း မြွေက အကောင်ရှည်သလောက် အလုံးသေးသဖြင့် ဖမ်း၍ မရ။
တယောက်က ဇိုးဇိုးဇတ်ဇတ်ဖြင့် အိပ်ခန်းတံခါး ဖွင့်ဝင်သွားပြီး ဂိုးဂိုးဂွပ်ဂွပ် ဆော်ထည့်လိုက်ရာ အကောင်ရှည်လည်း အပြင်ပြန်မရောက်တော့ဘဲ ဇာတ်သိမ်းသွားတော့သည်။
သူတို့က ဒေသခံဖြစ်သဖြင့် အကောင်ရှည် အမျိုးအစားကို ပြောသော်လည်း ကျနော် နားမလည်ပါ။ သူတို့က အိမ်မြှောင်နှင့် ငှက်တွေ ရှိလျှင် ဝင်လာတတ်ကြောင်း၊ လူကို အန္တရာယ် မပြုကြောင်းလည်း ရှင်းပြပါသည်။ သို့သော် ကိုယ့်အိပ်ခန်းထဲ အကောင်ရှည် ရှိနေလျှင် မည်သို့ စိတ်ဖြောင့်ဖြောင့် အိပ်နိုင်မည်နည်း။
သို့နှင့် အမှိုက်ဂေါ်ပြားထဲထည့်ပြီး ပစ်လိုက်တော့ ဆိုတော့ သူက ဂေါ်ပြားပင်မယူ၊ အမြီးကကိုင်ပြီး ဟိုဘက်ရေမြောင်းထဲ ပစ်ချလိုက်လေ၏။
ထိုနေ့မှစ၍ အဆိုပါ ဒုတိယ ဝရံတာ တံခါးကို အသေပိတ်ပြီး အောက်ခြေက ဟနေသည့်နေရာကို သစ်သားတန်း ကာထားလိုက်ရလေသည်။
ပုံမှန်အားဖြင့် ဖွင့်ထားလေးရှိသည့် ထိုဝရံတာကိုလည်း မထွက်ရဲတော့ပါ။
ဒုတိယအကြိမ်မှာ ကျနော့်ကို ကားမောင်းပို့လေ့ရှိသည့် မောင်ကျောင်းသားက ထမင်းစားပြီး ဧည့်ခန်းထဲ အိပ်နေသည်။ ကျနော်က ဆိုဖာထိုင်ခုံပေါ်မှာ။
ထိုစဉ် ဌာနဝန်ထမ်းလေး ရောက်လာပြီး ဆူဆူညံညံအသံကြားသည်။ “ဦးရေ … မြွေက ဝရံတာပေါ် တက်နေတာ၊ ကျနော် တံမြက်စည်းနဲ့ ရိုက်ချလိုက်ရတယ်” ဟု ပြော၏။
အိပ်နေသည့် မောင်ကျောင်းသားအား နှိုးရသည်။ အကောင်ရှည်က ဝရံတာဘက် ခေါင်းထိုးအိပ်နေသည့် သူ့ဆီ အရင် ရောက်မည်ဖြစ်သည်။
သတ္တဗေဒဖြင့် ကျောင်းပြီးသော်လည်း ယခုမှ တိရစ္တာန်အလေ့အထများကို သေချာ လေ့လာရသည်။ တိုက်ပတ်လည်တွင် မြောင်းဖော်ထားရာ ငါးများ ပေါက်ဖွားနေသည်။ ငါးများကူးခတ်နေလျှင် ‘ဒါဆို မြွေဒီဝန်းကျင် မရှိဘူး’ ဟု အဓိပ္ပာယ်ရသည်။ ညစဉ် ဝရံတာ၌ အိပ်တန်းတက်သည့် ဖားလေး နှစ်ကောင်ရှိရာ ‘ဒါဆို မြွေ ဒီနား မရှိဘူး’ ဟု အဓိပ္ပာယ်ရသည်။
နောက်ပို့စ်တခုကျမှ ငှက်၊ ဖား၊ ကင်းလိပ်ရှော၊ နက်ပေါက်မ အမည်ရှိသော ခွေးမလေးအကြောင်းတို့ ရေးပါဦးမည်။
#သင်ကာဘုန်းမြင့်







