အရင် ခရီးက ပြန်တော့..အပူရှပ်တယ်..
ဒီတခါ တော့..အအေးပတ် ခဲ့ပါတယ်။ ပြက္ခဒိန် ကားချပ် တွေလို..တိတိပပ ကျကျနန လှပ သေသပ်လွန်းတဲ့ ရေမြေ တောတောင် စိမ့်စမ်း တွေကို.. သဘာဝ အတိုင်း ခံစားနေရင်းက ကို..ရင်ထဲကနေ..စိမ့် တက်လာတာမျိုး..။ ပတ်ဝန်းကျင် အသစ်..အတွေ့အကြုံသစ် တွေ ကြောင့် ..သွေးခုန်နှုန်းက မူမမှန် ချင်..။ အတွေးတွေကြောင့် ..တချက် တချက် တုန်တက်သွား ချင်သေး..။
–
အပူပိုင်း ဒေသ ကလူတွေ နဲ့ အအေးပိုင်း ဒေသ ကလူတွေ ..ဘာတွေ ကွဲပြားခြားနားသလဲ…ကြည့်ပါဦး..သူတို့လည်း နွားတွေ ..မြေတွေ နဲ့..စိုက်ပျိုး မွေးမြူ နေရင်းက ကို.. ငြိမ်းချမ်းလို့.. သက်သာလို့..ပြည့်စုံ လို့..။ ဟောဟို ရေခဲတောင်ကြီးတွေ ပေါ်က.. ပျော်ဝင် စီးဆင်း..စုပေါင်းလာတဲ့.. သဘာဝ ရဲ့ လက်ဆောင်မွန်.. တောင်ပေါ် ရေအိုင်ကြီး တွေ ကြောင့် မို့ပေါ့။ အေးပေါ့လေ.. အဲလို သာယာ ငြိမ်းချမ်း နေတော့လည်း..ကြွယ်ဝ ချမ်းသာသူတွေ..ခိုလှုံ သိုက်မြုံ တဲ့..ကမ္ဘာ့ ကျော် ဘဏ်တိုက် နိုင်ငံ ကြီး ဖြစ်နေ တော့တာပဲ မဟုတ်လား။ ..ဒီကြားထဲ..ဒုတိယ ကမ္ဘာစစ်က.. သေဆုံးပျေက်ပျက်ကုန် တဲ့ ဂျူးသူဌေးတွေ ရဲ့ ပိုင်ဆိုင်မူ တွေကိုတောင်..အချောင် ရလိုက်သေး သတဲ့။

စစ်ပူ ခေတ်မှာ လည်း ဘယ်ဖက် မှ မပါ..စစ်အေး ခေတ်မှာလည်း..ဘယ်သူ့နောက်မှ မလိုက် ပဲ..အခု အချိန် အထိ ဥရောပ တိုက်ရဲ့ အလယ်ကောင် တဲ့တဲ့ကနေပြီး..အီးယူ မ၀င်သေးပဲ .. ကုလသမဂ္ဂ ကိုတောင် အိမ်ပေါ်တင်ထားရက် နဲ့ ..၂၀၀၂ ခုနှစ်က မှ အဖွဲ့ဝင် လိုက်တာ ဆိုတော့.. သိပ်တကိုယ်ကောင်း ဆန် တဲ့..သီးသန့် နေလွန်းတဲ့..လူတွေ လား ဆိုတော့ လည်း.. လူသားချင်း စာနာမူ လုပ်ငန်းတွေ ရဲ့ စတင် မွေးဖွားရာ.. ကမ္ဘာ့ကြက်ခြေနီ အသင်း ကြီး ရဲ့ ဘူမိနက်သန်..ဟင်နရီ ဒူးနန့် ရဲ့ ဇာတိမြေ ဆိုတော့ လည်း.. ပြောရ ခက်ပြန် ။ စိတ်ဝင်စားစရာ ကောင်း တာတော့ အမှန်..။ ဥရောပ ရဲ့ သမိုင်းတွေ ..အရောင်စုံ ခြယ် စွန်းထင်း ခဲ့ပေမဲ့..ရာဇ၀င်ထဲမှာ..မနေရစ် ခဲ့တဲ့.. လူတွေ ။
–
ဘာပဲ ပြောပြော..ကိုယ်တိုင် တောင်.. ဒီနိုင်ငံ ကပေးတဲ့.. ဖွံ့ဖြိုးရေး အစီအစဉ် နဲ့..ပညာသင် ထောက်ပံ့ကြေး ရယူခဲ့ ဖူးသူ ဆိုတော့.. ကျေးဇူးအနန္တပါ.. ဆွစ်ဇာလန်ရေ။ ဒီခရီး ကို အတူ ခေါ်ဆောင် စရိတ်ခံပေး ခဲ့တဲ့..ခင်ပွန်းသည်ကို လည်း..ကျေးဇူးတင်ပါတယ်။
–
+++++
–
လှပ သာယာ မူ တွေ ဆိုတာ.. မြင်တွေ့ ခံစားလို့ ကောင်းတဲ့ အာရုံ ဆိုပေမဲ့.. နှလုံးသားကို နွေးထွေး စေမဲ့.. အသက်ဝင် ရင်ခုန် စေ တဲ့.. ကိုယ်ချစ်တဲ့ သူတွေ..ကိုယ့် လူမျိုးတွေ..ကိုယ့် ဘာသာစကားတွေ.. စိတ်ဝင်စားမူ တွေ တူညီ စုဆုံရာ တွေ မှ မရှိရင် တော့လည်း.. အေးစက်စက် သာယာမူ တွေ ကြားထဲ မှာ..ဘယ်လောက် ကြာ အောင် မိန်းမော နိုင် မှာ မို့လည်း။
အအေးပတ်ချင် နေတဲ့..ကိုယ့်အတွက်.. ခဏလောက်ပဲ ဖြစ်ဖြစ် နွေးနွေးထွေးထွေး ဖြစ်ဖို့ လိုအပ် နေပါတယ်။
–
လန်ဒန်ကို ၀င်ဝင်ခြင်း ညမှာပဲ.. ညီမ
ဇီဇ၀ါ ကို ဖုန်းလှမ်း ဆက်ဖြစ်တယ်။ နွေးထွေး လှိုက်လှဲု တဲ့ ကြိုဆို နှုတ်ဆက် စကား တွေ ကြားမှာပဲ..အတော်..သက်တောင့်သက်သာ ဖြစ်သွား ခဲ့ရတယ်။ သူကပဲ..တခြား မိတ်ဆွေ တချို့ဆီ လှမ်း ဆက်သွယ်ပေးရင်း.. စာရေးဆရာ ဘိုဘို လန်းစင် နဲ့လည်း..လူကိုယ်တိုင် တွေ့ဆုံ ခင်မင် သွားကြတယ်။ ကြုံကြုံ ကြိုက်ကြိုက်.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ နဲ့ ဒေါ်စု ထူထောင် ထားတဲ့ Prospect Burma အဖွဲ့ရဲ့ နှစ် ၂၀ ပြည့် ရံပုံငွေပွဲ ကိုပါ.. သူ က တဆင့် ဆက်သွယ် ကြားသိပြီး .. တက်ခွင့် ရခဲ့တယ်။ ကျေးဇူးတင်ပါတယ်..ဇီဇ၀ါ နဲ့ ၀တုတ် မောင်နှံ ရေ..။
ဇွန် ၁၇ ရက်နေ့ည.. အဲဒီ ပွဲမှာ..ကိုယ် တွေ့ဖူးချင်သူ တွေ ကို တွေ့လိုက် ရသလို.. မိတ်ဟောင်း ဆွေဟောင်း တချို့ လည်း တွေ့လိုက် ရတော့..နွေးထွေး လိုက် တဲ့ ဖြစ်ခြင်း..၀မ်းသာ လိုက်တဲ့ ဖြစ်ခြင်း။ မကျဉ်းမကျယ် ခန်းမငယ်လေး ထဲမှာ.. ရံပုံငွေ လေလံတင်မဲ့.. ဒေါ်အောင်ဆန်းစုကြည် ပုံ ပန်းချီကားတချို့..ဗမာ့ အနုပညာ ပစ္စည်း တချို့ နဲ့ မြန်မာ ရနံ့ ခပ်ပျံ့ပျံ့ တော့ ရှိနေခဲ့တယ်။
–

တိုင်းရင်းသား ရိုးရာ ၀တ်စုံ ၀တ်လာကြတဲ့.. Prospect Burma ဆုရ..မြန်မာ ကျောင်းသား ဟောင်း – သစ် တချို့ တလေ ကြားမှာ..ကိုယ်လည်း..ဗမာလုံခြည် တထည် ၀တ်ပြီး.. ရော ယောင် ပျော် နေမိတယ်။ အများစု ကတော့.. ရံပုံငွေ ဦးတည်ရာ..အင်္ဂလိပ် လူမျိုး အသိုင်းအ၀ိုင်း တချို့ နဲ့.. အထူးဧည့်သည် တော်.. အင်္ဂလိပ် မင်းသမီး Joanna Lumley ။ နောက်ပြီး.. လန်ဒန် ရောက် ဗမာ မိသားစု တချို့… မြန်မာ အဆက်အသွယ် ..အင်္ဂလိပ်လူမျိုး တချို့.. အဲဒီ အထဲကမှ.. Prospect Burma ရဲ့ တာဝန်ရှိ သူများ ..။ ဒါတွေ နဲ့တင်..ခန်းမလေး ထဲမှာ..လူတွေ ဟို သွား ဒီ ရွှေ့ဖို့ တောင် မလွယ် အောင် ပြည့် ကျပ်နေပြီ။

ဝိုင်ခွက်လေး တွေ..ဖျော်ရည်ခွက်လေး တွေ ကိုယ်စီ ကိုင်ရင်း.. မိတ်ဆွေဖွဲ့ကြ.. အဘိယစကါ စကား ပြောကြ ရင်း…. မြန်မာအမျိုးသမီး တယောက် ရဲ့ ရင်ထိုးကဒ်ပြားပေါ်က Prospect Burma Trustee ဆိုတဲ့ အပေါ်မှာ..ဒေါ်ကြည်ကြည်မေ လို့ နံမယ်ထိုးထား တာ တွေ့လိုက်တော့..၀မ်းသာအားရ မိတ်ဆက် ဖြစ်တယ်။ မီဒီယာ ကြားခံ ရှားပါး လှတဲ့.. ကိုယ်တို့ ငယ်ငယ်..လေ့လာစူးစမ်း သိမြင် ချင် တဲ့ အရွယ် တလျှောက်လုံးမှာ.. သောကြာနေ့ည တိုင်း..ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ..စောင့်ပြီး နားထောင် ရင်းနှီးခဲ့ ရတဲ့..ငွေဗျိုင်းဖြူ ဒေါ်လေး ဒေါ်ကြည်ကြည်မေ ပေါ့…။ ထင်ထားသလောက် မကြီးသေး တဲ့ ဒေါ်လေးက တော့..သူ့ပရိတ်သတ် ဖြစ်ခဲ့ဖူးတဲ့ ကောင်မလေး တယောက်ရဲ့.. မီးခိုးရောင် ဆံစ တချို့ကို ကြည့်ပြီး အံ့သြနေပုံ ပေါ် ရဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်က.. ဒေါ်လေး ရဲ့ အစီအစဉ် အတော်များများကို ပြန်ပြောပြ နိုင် နေတဲ့.. ကိုယ့်ကို ကြည့်ပြီး..ဒေါ်လေး ၀မ်းသာနေတယ်။ စကားတွေ ပြောနေရင်း..အနားမှာ အတူ ရှိ နေတဲ့ Anthony Aris ကို “ အဲဒီ အချိန်က ငါတို့ လူငယ်တွေကို ….ဒေါ်အောင်ဆန်းစုကြည် နဲ့ပထမဆုံး မိတ်ဆက်ပေးတာ သူပဲ ပေါ့ ” လို့ ပြောလိုက် တော့..ဒေါ်လေး အပြုံးက..ပို လင်းသွားတယ်။ တကယ်လည်း..အဲဒီ အချိန်တွေ တုန်းက..ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး အကြောင်း ပထမဆုံး အကြိမ်..ငွေဗျိုင်းဖြူ ကဏ္ဍ ကနေ..စ ကြားဖူးတာပါ။ ၁၀ မိနစ်စာ လောက်.. စကားပြောခန်းလေး ကို မျက်လုံးတွေပြူးကျယ် နေအောင် ရေဒီယိုလေးနားမှာ.. ခေါင်းတွေ ဆိုင်ပီး..နားထောင်ခဲ့ ရတာ..ခုထိ မမေ့သေးပါဘူး။
Little daughter စာအုပ်ကို လတ်တလော ထုတ်ဝေ ထားတဲ့..ဇိုရာဖန်း ကလည်း.. Prospect Burma ကျောင်းသားတွေ ကိုယ်စား ကျေးဇူးတင် စကား ပြောတော့.. အလှူရှင်တွေ..တာဝန်ရှိသူတွေ ရဲ့ မျက်နှာမှာ..ကျေနပ် အားရ မူတွေ အတိုင်းသား တွေ့ရတယ်။ ၈၈ ကျောင်းသား ကိုမြအေး ရဲ့ သမီးလေး ဝေနှင်း ကိုလည်း.. တွေ့ခဲ့ ရတယ်။
–

Anthony Aris
ခဏနေတော့.. တခြားအစီအစဉ် တွေ.. သ၀ဏ်လွှာ တွေ အပြီးမှာ.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ မတ် တော်သူ Dr. Michael Aris ရဲ့ အမွှာညီ အကို Anthony Aris က.. မိသားစု ကိုယ်စား ကျေးဇူးတင် စကားပြောပါတယ်။ ခုတင်က.. ပျော်ရွှင် သွက်လက် တဲ့ အငွေ့အသက်တွေ နဲ့ ပရိသတ်တွေ ဟာ..အတန်ငယ် တိတ်ဆိတ် ငြိမ်ကျ သွား တယ်။ ခုဆိုရင်..စု ဟာ.. နံမယ်ဆိုး နဲ့ ကျော်ကြားလှ တဲ့ အင်းစိန်ထောင် တနေရာ မှာ ရှိနေပါတယ် လို့ ပြောလိုက်တော့.. မျက်ရည် ကို မထိန်းနိုင် တော့ဘူး။ ဒါပေမဲ့.. စု အတွက်တော့..နှစ်ပေါင်းများစွာ ငေးမော ငြီးငွေ့ စရာကောင်းတဲ့..အင်းလျားကန် မြင်ကွင်း ကနေ.. စိတ်လှုပ်ရှားစရာ..မြင်ကွင်း အပြောင်းအလဲ တခု ဆီ ကို ရောက်သွားတဲ့ အတွက်..တမျိုးတော့ ကောင်းသွားပါတယ် ..လို့ ခပ်ရွှန်းရွှန်း ပြောလိုက် ပေမဲ့.. ဘယ်သူမှ မပြုံးနိုင် ကြပါဘူး။ ဟုတ်ပါတယ်လေ.. ဒါဟာ..အပြောင်းအလဲ တခု ဆီကို ပို နီးကပ်လာတဲ့..အပြောင်းအလဲ တခုပါပဲ..။ ပိုကောင်းတဲ့ ..အကောင်းဆုံး ဆိုတဲ့ အပြောင်း အလဲ သာ ဖြစ်ပါစေ..လို့ တွေးရင်း..မျက်ရည်တွေကို လက်ဖနောင့်နဲ့ ပွတ်သုတ်ပြစ် လိုက်တယ်။
ပွဲ ပြီးကာနီးမှာ.. Anthony အနားကို သွားပြီး..နှုတ်ဆက် စကား ဆိုရင်း.. မနက်ဖန်..ငါတို့ အောက်စဖို့ဒ် ကို သွားပြီး..စု နေခဲ့တဲ့ အိမ်ကို သွားကြည့် မယ် လို့..ပြော တော့..ပခုံးကို သိုင်းဖက်လိုက်ရင်း.. ဒေါက်တာ မိုက်ကယ် အဲရစ် မျက်လုံးတွေ နဲ့ တထေရာ တည်း တူလွန်း တဲ့…သူ့မျက်လုံးတွေက.. ကြင်နာဟန် အပြည့် နဲ့ မျက်ရည်တွေ ၀ိုင်းနေသလို ပါ ပဲ။
+++++
ဒေါ်စု မွေးနေ့ မတိုင်ခင် တရက်မှာ..ဒေါ်စု နေထိုင် ခဲ့တဲ့..အောက်စဖို့ဒ် ဆိုတဲ့ မြို့နေရာလေးကို သွားလည် ဖြစ် တယ် ဆိုတဲ့..တိုက်ဆိုင် ကြုံကြိုက်မူ တခု ကြောင့်..ရင်တွေ တအားခုန်နေ မိသည်။
ဒေါ်စု ပြောခဲ့တဲ့.. grey, damp Oxford ဆိုတဲ့ နေရာလေးကို တကယ် ရောက်ပါ ပြီ။ တကယ့်ကို .. ပျားရည်ရောင် အလယ်ခေတ် လက်ကျန် ပုံစံ အဆေက်အဦ ဟောင်း ကြီး တွေ နဲ့ ခန့်ညား အုံ့ဆိုင်း နေတဲ့.. မီးခိုးရောင် တက္ကသိုလ် မြို့လေးပါပဲ။
–

ရှေးဟောင်း စာအုပ်ဆိုင် လေးတွေ.. ကော်ဖီဆိုင်လေးတွေ နဲ့ အပြိုင်..ခေတ်ပေါ် ပီဇာဆိုင်.. မက်ဒေါ်နယ် ဆိုင်လေးတွေ လည်း ရှိပါရဲ့..။ ဒါပေမဲ့ အားလုံးက.. ရှေးမူ အရိပ် အငွေ့ တွေ သာ ယှက်သန်းလို့..။ လမ်းပေါ်မှာ.. ကျောင်းဝတ်စုံ အနက် ကလေး တွေ အကျ အန ၀တ်ပြီး ရင်ဘတ်မှာ ကာနေရှင်း ပန်းလေး တွေ ကိုယ်စီ ထိုးထားတဲ့..နုနယ်ငယ်ရွယ် တဲ့ အောက်စဖို့ဒ် ကျောင်းမျိုးစုံက ကျောင်းသား- ကျောင်းသူ တွေ ..စက်ဘီးနဲ့ တဖုံ..ခြေလျင် တမျိုး..သွားလာ နေကြတယ်။
ကိုယ့် အတွက်တော့..ဘယ်နေရာ ကို ကြည့်ကြည့်..ဒေါ်စု ကိုပဲ မြင်နေရတယ်။ လူ ၃ ယောက် နဲ့ စဖွင့်ခဲ့ပြီး..ခုတော့..စာအုပ်တန်းကြီး က..မိုင်ပေါင်းများစွာ တောင် ရှည်လျား လှပါတယ် ဆိုတဲ့..ရှေးအကျဆုံး..နံမယ် အကြီးဆုံး Blackwell’s စာအုပ်ဆိုင် ကြီး ထဲကိုလည်း..ဒေါ်စု ခဏ ခဏ ရောက်လာမှာပဲ။ ဟောဟို က.. ကော်ဖီ ဆိုင်လေး မှာ ရော..သူတို့ မိသားစု ဘယ်နှယ်ခါ လောက်များ ထိုင်ဖူးကြ မလဲ..။ သူ့ အတွက်..သာတောင့် သာယာ ရှိလှတဲ့.. ဘ၀ တခု ကို..သူဘာအတွက် ကြောင့်..ဘာနဲ့ အစားထိုးခဲ့တာလဲ.. ကြည့်စမ်း..ခု ချိန်ဆို..သူ ဘာတွေ လုပ်နေမလဲ…။ အတွေးတွေ နဲ့ တင်.. အောက်စဖို့ဒ် မြို့လေးက..ပိုပြီး မှိုင်းမှုံ လာသလိုလို..။
သူများတကာ တွေရဲ့.. စိတ်ဝင်စားစရာ နေရာတွေက တော့..ဘယ်နေရာ တွေ လဲ မသိ..ကိုယ်တွေ အတွက် ကတော့.. ခရီးသွားလမ်းညွှန် စာရွက်မှာ ဘာမှ ညွှန်းမထားတဲ့.. အမှတ် ၁၆ ဘစ်ကား မှတ်တိုင်မှာ..ဆင်းပြီး..Park town ဆိုတဲ့ ဆိုင်းဘုဒ် လေး ကို အသဲ အသန် ရှာ ရတယ်။
–
ဟော- တွေ့လေပြီ။

လမ်းညွှန် လိုက်တဲ့ သူကလည်း အသေအချာကို ပြောလိုက်တာ.. အဲဒီ လမ်းလေး ထဲ ၀င်သွား..
နံပတ် ၁၅ တဲ့။
သူက..အလယ်ခေါင်က..ပန်းခြံ ၀ိုင်းဝိုင်း လေးကို ဟိုဖက် ဒီဖက် ၀ိုက်ပြီး..တိုက်ခန်းတွဲ ကြီးတွေ ဆောက်ထားတာ။ အိမ်ရှေ့တွေမှာ လည်း ကားတွေ တန်းစီ နေတာပဲ..။ လူတွေ နေနေကြတာ ဆိုတော့.. အရမ်းကာရော.. သွားကြည့် လို့ လည်း မဖြစ်။ နံပတ် ၁၃.. ဟော..ဟိုဖက်က..၁၅.. တွေ့ပြီ။ ထူးထူးခြားခြား..အိမ်နံပတ် ၁၅ ရှေ့မှာပဲ.. တိုက်ကပ်နွယ် တွေ မတရား ဖုံးနေ လိုက်တာ.. ၁၅ ဆိုတဲ့ နံပတ်ကို တောင် မနဲ မြင်အောင် ကြည့် ရတယ်။ ဒီ အခန်းလေးကို တခြားလူတွေကို ရောင်းသွားခဲ့ပြီ ဆိုတော့..အထဲမှာ လူသစ်တွေ ရှိနေမှာပေါ့။ ဒါပေမဲ့..သူတို့လည်း သိချင် သိမှာပါလေ.. အာရှသား ရုပ်တွေနဲ့..ခဏခဏ လာကြည့် ကြ..ဓါတ်ပုံ ရိုက်ကြ လုပ်နေကြတာ..သတိထားမိ နေမှာပါ။
–

No-15, Park Town, Oxford
သူတို့ ၂ယောက် အဲဒီ အိမ်ရှေ့ကို အခါ ခါ ဖြတ်..ဟိုဖက်ဒေါင့်က ကြည့်လိုက်..ဒီဖက် ဒေါင့်က ကြည့်လိုက်.. နဲ့..ဘာလုပ်ရမှန်းတော့ မသိ။ ညနေက တော့..အတော် စောင်းနေပြီ..။ တလမ်းလုံး လည်း တိတ် ဆိတ် လို့..။ မှန်ပြတင်း က တဆင့်..ခပ်ဝါးဝါး ပုံရိပ် တချို့ကို အာရုံ ခံ ပြီး ဖြည့်စွက် ကြည့် နေမိပေမဲ့.. ဟာတာတာ ခံစားချက် တွေသာ..ပြည့်နှက် နေသည်။
လမ်းထိပ်က..ပန်းခြံ ဘောင်လေး ပေါ်မှာ ခဏ ထိုင်ရင်း..ခပ်ဝေးဝေးက နေ ငေးကြည့် မိပြန်တယ်။ ဒီလို လွမ်းစရာ ကောင်းတဲ့ ညနေစောင်းလေး တွေမှာ.. မီးခိုးရောင် မြို့လေး ထဲမှာ..ဒေါ်စု ဘာတွေ လုပ်နေ ခဲ့လေ မလဲ.. ။ နေသာတဲ့ မနက်ခင်း အတော်များများ မှာ တော့..ဟောဒီ ပန်းခြံ လေး ထဲ.. ကလေး လက်တွန်းလှည်း တွန်းပြီး တော့လည်း သွားခဲ့ ဖူးမှာပဲ နော်..။ ခုတော့..အသက် ၆၄ နှစ် အရွယ် အမျိုးသမီး တယောက် ရဲ့ ညနေခင်း နဲ့ မနက်ခင်း တွေမှာ ..လုပ်စရာ သိပ်များများ စားစား ရွေးချယ် စရာ ရှိမနေပါဘူး။

၆ နာရီ ၄၅ မှာ..နောက်ဆုံး ဘတ်စ် ကား တဲ့.. ပြန်ကြမယ် ဆိုတော့မှ.. ဘာမှန်းမသိတဲ့..ခံစားချက်တွေ ကို အသာ မ ပြီး.. ထိုင်ရာက..ထ လိုက်တယ်။ ပြီးရင်.. Oxford ဘူတာကနေ.. Paddington ဘူတာ လန်ဒန် မြို့ထဲထိ..နောက်ထပ် တ နာရီ လောက် ရထား စီးရ အုံးမှာ…။ မနက်ဖြန် မနက် လည်း..စောစော ထပြီး.. ၉ နာရီ လေဆိပ်ဆင်းဖို့ ထုပ်ပိုး ပြင်ဆင် ရ အုံးမည်။
သြော်- ခရီးတွေ..ဘူတာတွေ..တခု ပြီး တခု ဆက်လို့.. သွားနေကြ ရတဲ့…လူတွေ မှာ…ဘူတာ အချိန်တွေ တွက်ချက် စီစဉ်ထားလို့ မဖြစ်တဲ့..ရထား လတ်မှတ် တွေ ကြိုတင် ၀ယ်ယူထားလို့ မရတဲ့..ဘ၀ ခရီး ရှည် ကြီးက သာ…. စိတ်လှုပ်ရှားစရာ အကောင်းဆုံး မဟုတ်လား … ။

related post:
ဇီဇ၀ါ ရဲ့ မွေးနေ့ပွဲ အတွေ့အကြုံ A letter to Aunty Suu
သတိတရ ပုံရိပ်များ နဲ့ မွေးနေ့ ဆုတောင်း