
မှူးတေဇ
(၁)
“ငါသေသွားသော်
ငါ့ကြိုးစားမှု
ငါပြုလက်ရာ
ပညာအမွေ ကျန်ရစ်ပါစေ။”
ဆရာကြီးဦးညွန့်မောင်ရဲ့ ‘ပေပုရပိုက်မှတ်စုများ’ စာအုပ် အဖွင့်စာမျက်နှာမှာ တွေ့ရတဲ့ လင်္ကာတိုကလေး ဖြစ်ပါတယ်။ အဲဒီလင်္ကာတိုကလေးဟာ ဆရာကြီးရဲ့ မွန်မြတ်သန့်စင်တဲ့ စာပေဆန္ဒကို ဖော်ကျူးပြသနေပါတယ်။ အခုအချိန်မှာ ဆရာကြီး သက်ရှိထင်ရှား မရှိတော့ပေမဲ့ ဆရာကြီး တေးခဲ့မှတ်ခဲ့၊ စုခဲ့ပြုခဲ့၊ ရေးခဲ့သားခဲ့တဲ့ စာပေအမွေ၊ ပညာအမွေတွေ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ရေးသားပြုစုခဲ့တဲ့ စာပေအမွေတွေ ရှိသလို စုဆောင်းတင်ပြခဲ့တဲ့၊ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာပေအမွေတွေလဲ ရှိပါတယ်။ တချို့ကို ကျမ်းစာအုပ်တွေအနေနဲ့ ချန်ထားရစ်ခဲ့ပါတယ်။ တချို့ကို ဆောင်းပါးပေါင်းချုပ် စာအုပ်တွေအနေနဲ့ ချန်ထားရစ်ခဲ့ပါတယ်။
ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲမှာ ‘ပေပုရပိုက်မှတ်စုများ’ အပါအဝင် စာအုပ်အဖြစ် စုစည်းထုတ်ဝေမှု မပြုရသေးတဲ့ စာတွေလဲ တော်တော်များများ ရှိနေပါသေးတယ်။
(၂)
ဆရာကြီးဦးညွန့်မောင်ကို ကျွန်တော် ဘယ်လို စသိခဲ့တာလဲဆိုရင် ဆရာကြီး တာဝန်ထမ်းဆောင်ရာ တက္ကသိုလ်များဗဟိုစာကြည့်တိုက် (UCL) မှာပဲ ဆရာကြီးကို စသိခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ စာကြည့်တိုက် လုပ်အားပေးအဖြစ် ကျွန်တော် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ ဆရာကြီးရဲ့နာမည်နဲ့ ဆရာကြီးဟာ ထင်ရှားကျော်ကြားတဲ့ ပေပုရပိုက်ပညာရှင်ဖြစ်တာကို သိခဲ့ရပါတယ်။ ဆရာကြီးကိုတော့ တွေ့မြင်ဖူးခြင်း မရှိခဲ့ပါ။

၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ လှည်းတန်းက စာအုပ်အရောင်းဆိုင်တစ်ဆိုင်ကို ကျွန်တော် ရောက်ပါတယ်။ စာအုပ်တွေ လျှောက်ကြည့်ရင်း ‘သုတရိပ်မြုံ စာရဂုံ’ ဆိုတဲ့ စာအုပ်တစ်အုပ်ကို အမှတ်မထင် တွေ့မိပါတယ်။ မြန်မာစာပေ၊ စာပေဝေဖန်ရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ စာကြည့်တိုက်ပညာ၊ ပါဠိနဲ့ ပိဋကတ်စာပေအကြောင်းတွေ ပါတဲ့ စာအုပ်ဖြစ်နေလို့ စိတ်ဝင်စားပြီး ဝယ်လိုက်ပါတယ်။ စာရေးသူ မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်နောက်ဆုံးမှာ ထည့်ပေးထားတဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်မိမှပဲ မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ဆိုတာ ဆရာကြီးဦးညွန့်မောင်ဖြစ်နေမှန်း သိရပါတယ်။ ဆရာကြီးရဲ့ကလောင်နဲ့ ဆရာကြီးရဲ့စာကို အဲ့လိုမျိုး စသိခဲ့တာပါ
ပျို့ကဗျာစာအုပ်တွေ စုဆောင်းရတာ ဝါသနာပါတဲ့ ကျွန်တော်ဟာ ဆရာကြီးဦးညွန့်မောင် တည်းဖြတ်တဲ့ ‘ရွှေတိဂုံသမိုင်းပျို့’ ကို လိုချင်လို့ ပျို့ရှာပုံတော် ဖွင့်မိပါတယ်။ အဲဒီပျို့ကို ဆရာကြီး တည်းဖြတ်တယ်ဆိုတာ ဆရာကြီးရဲ့အတ္ထုပ္ပတ္တိကနေတစ်ဆင့် သိရတာပါ။ ဒါ့ကြောင့် နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ လျှောက်မေးကြည့်ပေမဲ့ “မသိဘူး၊ မရှိဘူး” ပဲ ဖြေကြပါတယ်။ ရွှေတိဂုံဘုရားက စာအုပ်ဆိုင်တွေမှာတော့ “ရှိတန်ကောင်းပါရဲ့” ဆိုပြီး မုခ်လေးမုခ် စောင်းတန်းလေးခုက စာအုပ်ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သွားရှာခဲ့ပါတယ်။ ခြေညောင်းတာပဲ အဖတ်တင်ပြီး လုံးဝ ရှာမတွေ့ခဲ့ပါဘူး။ စာအုပ်ဆိုင်တစ်ဆိုင်က “ရွှေတိဂုံဘုရားသမိုင်းစာအုပ်ပဲ ရှိမယ်။ ပျို့တော့ မရှိဘူး။ ဂေါပကရုံးမှာ ရှိလောက်မယ်ထင်တယ်။ အဲဒီကို သွားပါ” လို့ လမ်းညွှန်ပါတယ်။ ဒီလိုနဲ့ ရွှေတိဂုံဘုရားဂေါပကရုံးဆီ ရောက်သွားပြီး ပျို့ရှာပုံတော် ဖွင့်မိပါတယ်။ ဂေါပကရုံးက သူတို့ဆီမှာ မရှိလို့ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်ကို ထပ်လွှတ်ပါတယ်။ ပိဋကတ်တိုက်ရောက်တဲ့အခါ အဲဒီက ဝန်ထမ်းအစ်မတွေကို “ဆရာကြီးဦးညွန့်မောင် တည်းဖြတ်တဲ့ ရွှေတိဂုံသမိုင်းပျို့ လိုချင်လို့ပါ” ဆိုတော့ သူတို့မသိဘူးတဲ့။ ဆရာကြီးဦးညွန့်မောင် ရှိတယ်။ မေးပေးပါမယ်တဲ့။ ခဏကြာတော့ ဆရာကြီး ရောက်လာပြီး ရွှေတိဂုံသမိုင်းပျို့က နှစ်စောင်ရှိကြောင်း၊ နှစ်စောင်စလုံးကို ဆရာကြီး တည်းဖြတ်ပြီး စာအုပ်နှစ်အုပ်ထုတ်ထားကြောင်း ပြောပြပါတယ်။ “ဘယ်အစောင်ကို လိုချင်တာလဲ။ ဖတ်ဖို့ပဲလား၊ အပိုင်လိုချင်တာလား” မေးပါတယ်။ နှစ်စောင်စလုံးကို အပိုင်လိုချင်ကြောင်း ဖြေတော့ ဘယ်နေ့ဘယ်ရက်မှာ လာယူပါဆိုပြီး ရက်ချိန်းပေးလိုက်ပါတယ်။ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ရွှေတိဂုံသမိုင်းပျို့နှစ်စောင်ကို ဆရာကြီးဆီက ရခဲ့ပါတယ်။ ဆရာကြီးကျေးဇူးကြောင့် ကျွန်တော်ရဲ့ ပျို့ရှာပုံတော်ခရီးကို ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်မှာပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ပျို့ရှာပုံတော်ခရီးကို အောင်အောင်မြင်မြင် အဆုံးသတ်ပြီးနောက်မှာ ဆရာကြီးနဲ့ မဆုံဖြစ်တော့ပါဘူး။ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာမှ မြောက်ဒဂုံရှိ ဆရာကြီးရဲ့နေအိမ်ကို သွားပြီး ဆရာကြီးကို ဂါရဝပြုကန်တော့ခဲ့ပါတယ်။ ဂါရဝပြုကန်တော့ပြီးတော့ ‘မြင်းခြံမြို့ ကိုးဆောင်တိုက် ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီး ဦးဝေပုလ္လ အရှင် ရေးသားတော်မူသော မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ’ စာအုပ်ကို ကျွန်တော် ရှာနေတာ မရသေးကြောင်း ပြောပြမိပါတယ်။ ဆရာကြီးက ချက်ချင်းထသွားပြီး ရှာပေးပါတယ်။ အဲဒီစာအုပ်က အုပ်ပိုရှိနေလို့ ကျွန်တော့်ကို တစ်အုပ်ပေးပါတယ်။ “စာအုပ်ဖိုး ယူပါ ဆရာကြီး” ဆိုတော့ “ကျွန်တော်က စာအုပ် မရောင်းဘူး။ စာသမားမို့ လက်ဆောင်ပေးတာ” တဲ့။ “ကျွန်တော့်စာအုပ်တွေ UCL ကို အကုန် လှူထားတယ်။ အပြင်မှာ ရှာမရရင် အဲဒီမှာ သွားဖတ်ပါ” လို့ မှာလိုက်ပါသေးတယ်။ အဲဒီနေ့က ဆရာကြီးနဲ့ ဆုံတွေ့ခွင့်ရတာဟာ တတိယအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လဲ ဖြစ်တယ်ဆိုတာကို ကျွန်တော် ကြိုမသိခဲ့ပါဘူး။ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၅ ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ် ၄၇၅ နေအိမ်မှာ ဆရာကြီး ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။
ဆရာကြီးဦးညွန့်မောင် သက်ရှိထင်ရှားရှိစဉ်မှာ ကျွန်တော်ဟာ ဆရာကြီးနဲ့ သုံးကြိမ်သုံးခါ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်မှာ နှစ်ကြိမ်၊ ဆရာကြီးနေအိမ်မှာ တစ်ကြိမ် ဖြစ်ပါတယ်။ သုံးကြိမ်သုံးခါ တွေ့ဆုံမှုမှာ ဆရာကြီးဆီက စာအုပ်သုံးအုပ်ကို စာပေအမွေ၊ စာပေလက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

(၃)
စာသမားတွေထဲမှာ ကျွန်တော်နဲ့ အတွဲအများဆုံးက ‘ဇွန်ကိုဦး’ ပါ။ ဇွန်ကိုဦးနဲ့ စာစကား ပေစကားတွေ ပြောဖြစ်ကြရင် မပါမဖြစ် အမြဲပါလေ့ရှိတာက ဆရာကြီးဦးညွန့်မောင်အကြောင်းပါ။ မြင်းထိန်းငတာတွေ ဖြစ်ရင်လဲ ဖြစ်ပါစေတော့။ ကျွန်တော်တို့ဟာ ဆရာကြီးရဲ့ စာပေကျေးဇူးကြီးပုံ တွေကို ဝေဝေဆာဆာ ဖွယ်ဖွယ်ရာရာ တခမ်းတနား ဋီကာချဲ့လေ့ရှိကြပါတယ်။
ကြားသာကြားဖူးပြီး မမြင်ဖူး၊ မကြည့်ဖူး၊ မဖတ်ဖူး၊ မလေ့လာဖူးသေးတဲ့ ဆရာကြီးရဲ့ ပေပုရပိုက်မှတ်စုတွေကိုလဲ မြင်ချင်၊ ကြည့်ချင်၊ ဖတ်ချင်၊ လေ့လာချင်ကြပါတယ်။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ပေစာဌာနစိတ်ကို သွားပြီး စာကြည့်တိုက်မှူးအန်တီဒေါ်စုစုမြတ်ဌေးကို အပူကပ်ကြပါတယ်။ အန်တီက စာကြည့်တိုက်မှူးကြီးဖြစ်တဲ့ ဒေါက်တာလှိုင်လှိုင်ကြီးဆီ တင်ပြပေးပါတယ်။ တီချယ်ဒေါက်တာလှိုင်လှိုင်ကြီးက ဆရာကြီးဦးသော်ကောင်းနဲ့ တိုင်ပင်ကာ ခွင့်ပြုချက် ပေးတဲ့အတွက် ဆရာကြီးဦးညွန့်မောင်ရဲ့ ပေပုရပိုက်မှတ်စုတွေကို ကျွန်တော်တို့ မြင်ခွင့်၊ ကြည့်ခွင့်၊ ဖတ်ခွင့်၊ လေ့လာခွင့် ရကြပါတယ်။ ‘ဆရာကြီးဦးညွန့်မောင်၏ ပေပုရပိုက်မှတ်စုများ’ ဆိုပြီး စာအုပ်ကြီးတစ်အုပ်ဖြစ်လာရင် သိပ်ကောင်းမှာပဲလို့ နှစ်ယောက်သား ပြောမိကြပါတယ်။ စကားဝိုင်း သိမ်းတဲ့အခါ “တို့ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူးလေ” လို့ လက်လျှော့ပြီး ပေပုရပိုက်မှတ်စုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။
၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကျွန်တော်တို့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ ပေပုရပိုက်မှတ်စုတွေဟာ ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် တန်းတန်းမတ်မတ် ထပ်ရောက်လာပြန်ပါတယ်။ သူတို့ကို သွားရှာတုန်းကလဲ တွေ့ခဲ့ရပါတယ်။ သူတို့ကို မေ့ထားလိုက်တော့လဲ ကျွန်တော်တို့ဆီ ပြန်ရောက်လာပါတယ်။ ဒီတစ်ခါ ရောက်လာတာက ပေပုရပိုက်မှတ်စုတွေတင် မဟုတ်တော့ပါဘူး။ ဆရာကြီးရေးသားခဲ့တဲ့ ဆောင်းပါးလက်ရေးမူမိတ္တူတွေ၊ ဆရာကြီး ပိုင်ဆိုင်ခဲ့တဲ့ စာအုပ်စာရင်း၊ ဆရာကြီး လှူဒါန်းခဲ့တဲ့ စာအုပ်စာရင်း၊ ပေပုရပိုက်မှတ်စုစာအုပ်တစ်အုပ်ချင်းစီရဲ့ အက္ခရာစဉ်အညွှန်း၊ ဆရာကြီး ရေးသားခဲ့တဲ့ နိဒါန်းနဲ့အမှာစာ စာရင်း စတာတွေပါ အတွဲလိုက်ကြီး ပါလာပါတယ်။ ကျွန်တော်တို့ လေးစားကြည်ညိုရတဲ့ ဆရာကြီးက ကျွန်တော်တို့ဆီ အလည်လာသလို ခံစားမိပြီး ဝမ်းမြောက်ကြည်နူးရပါတယ်။
ပညာလက်ဆုပ် စာလက်ဆုပ် မထားဘဲ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ လက်ဆင့်ကမ်း မျှဝေတဲ့ စာသမားအစ်ကို ကိုစိုးမင်းရဲ့ကျေးဇူးတရားကို လေးစားတန်ဖိုးထားပါတယ်။ စာသမားချင်း ရိုင်းပင်းကူညီ ကြည်ဖြူဖေးမ နှလုံးလှတဲ့ စာပေစိတ်ဓာတ်ကိုလဲ အလေးအမြတ်ပြုပါတယ်။ စာပေမိတ်ဆွေကောင်းတစ်ဦးရဲ့ ကျေးဇူးကြောင့် ဆရာကြီးဟာ ကျွန်တော့်ဆီ စတုတ္ထမြောက် အလည်ရောက်လာသလို ခံစားမိပြီး ပီတိသောမနဿ ဖြစ်ရပါတယ်။

(၄)
ကျွန်တော် အစမှာ ပြောခဲ့သလို ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲမှာ ‘ပေပုရပိုက်မှတ်စုများ’ အပါအဝင် စာအုပ်အဖြစ် စုစည်းထုတ်ဝေမှု မပြုရသေးတဲ့ စာတွေလဲ တော်တော်များများ ရှိနေပါသေးတယ်။
ဆရာကြီးရဲ့ပေပုရပိုက်မှတ်စုတွေကို စာတစ်အုပ်၊ ဆရာကြီး ရေးသားခဲ့တဲ့ နိဒါန်းနဲ့အမှာစာတွေကို စာတစ်အုပ်၊ စာနယ်ဇင်းတွေမှာ ရွေးချယ်ဖော်ပြခံရပြီးဖြစ်ပေမဲ့ ‘သုတရိပ်မြုံ စာရဂုံ’ နဲ့ ‘သုတရိပ်မြိုင် စာဂနိုင်’ ဆောင်းပါးပေါင်းချုပ်စာအုပ်တွေထဲမှာ မပါသေးတဲ့ ဆောင်းပါးတွေကို စာတစ်အုပ် စသဖြင့် ဆရာကြီးချန်ရစ်ခဲ့တဲ့ စာပေအမွေတွေကို မပျောက်မပျက်အောင် စုစည်းစီစဉ်ထုတ်ဝေပြီး ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အမျိုးသားစာပေ တစ်သက်တာဆုရပညာရှင်လဲဖြစ်၊ မြန်မာစာ – စာကြည့်တိုက်ပညာ – ပါဠိ ပိဋကတ် သုံးဖက်လှပညာရှင်လဲဖြစ်တဲ့ ဆရာကြီးဦးညွန့်မောင်ရဲ့ စာပေဂုဏ်၊ ပညာဂုဏ်ကို ချီးကျူးပူဇော်တဲ့အနေနဲ့ ‘ဦးညွန့်မောင် အမှတ်တရ’ စာအုပ်တစ်အုပ်လဲ စီစဉ်ထုတ်ဝေပြီး ဆရာကြီးကို ဂုဏ်ပြုပူဇော်သင့်ပါတယ်။
ဆရာကြီးဦးညွန့်မောင် ချန်ရစ်ခဲ့တဲ့ စာပေအမွေတွေထဲက ဟိုတစ်စဒီတစ်စ ပြန့်ကြဲနေတာတွေကို စုစည်းထုပ်ပိုးပြီး ထိန်းသိမ်းစောင့်ရှောက်ဖြန့်ဝေပေးဖို့ စာပေတာဝန်သိတဲ့ စာသမားတိုင်းမှာ စာပေတာဝန်ရှိနေပါတယ်။ စွမ်းသူတွေက ဆောင်ပေးကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ။
မှူးတေဇ
အတွေးအမြင် အမှတ် (၃၆၁)
၂၀၂၅ အောက်တိုဘာလ
*(မှူးတေဇ၏ ပို့စ်ကို ပြန်လည်ကူးတင်ပါသည်။)



