Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

ဂုဏ်ယူမိသည် မြန်မာပြည်။

(ထွေရာလေးပါး။)
ဒီနေ့မန္တလေးမှ မိတ်ဆွေတစ်ဦးနှင့် အင်တာနက်တွင် တွေ့၍စကား ပြောဖြစ်ကြသည်။
စစချင်းပင် သူက ကျနော်တို့ရဲ့ ချစ်လှစွာသော အစိုးရက ပြည်သူများအတွက် ၈.၈.၈၈ ကိုဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေး ၂၅၀၀ကျပ် သို့တိုးမြှင့်သွားပြီ ဖြစ်ကြောင်းပြောပါသည်။ ဒါနဲ့ သူကမကြာခင် စင်ကာပူသို့လာ၍ ဟောပြောပွဲတက်ရန် လာ မည်ဟုဆိုရာ စိတ်ဝင်စားသဖြင့်မေးလိုက်ရာ အလုပ်မရှိအကိုင်မရှိ အကြွေးများဝိုင်းလည် ပတ်နေသော ပုဂ္ဂိုလ်၏ ၁၀ရက်အတွင်း သူဌေးဖြစ်နည်းဟောပြော ပွဲကိုလာတက်ခြင်းဖြစ်သည်။ အဲ့ဒီဟောပြောပွဲ လက်မှတ်ကို ခက်ခက်ခဲခဲ ၀ယ်ယူထားရကြောင်း သူကထပ်မံပင်ပြောလိုက်သေးသည်။

ပြီးတော့သူထပ်မံ ပြောသေးသည်မှာ မကြာခင်အတွင်း အသစ်ပြေးဆွဲတော့မည့် ပုဂံအဲယားလိုင်းမှ ပရိုမိုးရှင်းအကြောင်းပင်။ ဒါ့အပြင် ထိုအဲယားလိုင်းမှ ပြေးဆွဲမည့်လေယာဉ်များမှာ ထူးထူးဆန်းဆန်း ခရီးသည်တင် လေယာဉ်မဟုတ်။ စစ်တိုက်လေယာဉ်များ ဖြစ်သည်။ အကြောင်းမှာ ပုဂံအဲယားပိုင်ရှင်က ကျနော်တို့အစိုးရအတွက် နှစ်စဉ် ခရီးသည်စီး လေယာဉ်ဝယ်မပေးဖူးဘဲ စစ်တိုက်လေယာဉ်များသာ ၀ယ်ပေးနေကြဖြစ်ရာ အကျင့်ပါသွား၍ ဟုဆိုသည်။ မဆိုးပါဘူး အတွေ့အကြုံ အသစ်တော့ရမှာ သေချာသည်။

ဒီလိုနဲ့ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အကြောင်းပြောရာ သူက ရန်ကုန်၌ ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင်ဆက်သွယ်ရေး ဆိုင်ရာဟောပြောပွဲ ကျင်းပနေလို့ ဖြစ်ကြောင်းပြောသည်။ ကျနော် ဒီကိစ္စအတွက် တော်တ်ာကို ဂုဏ်ယူမိပါသွားသည်။ တော်တော် အဆင့်မြင့်နေပြီ။ သူကဟုတ်တယ် တော်တော် အဆင့်မြင်နေပြီ ဖြစ်ကြောင်းနှင့် နိုင်ငံတော်ရှိ အခါကြီး ရက်ကြီးများတွင် အင်တာနက် ကွန်နက်ရှင်များ အလိုလို နှေးကွေးသွားအောင် စွမ်းဆောင်နိုင်သော တစ်နိုင်ငံတည်းသောနိုင်ငံဖြစ်ကြောင်း၊ ပြည်ပမှ ဖုန်းများခေါ်ဆိုလျှင်လည်း အီးမေးလ်၊ ဖက်(စ်) များ ပြောလိုမရဟု ကမ္ဘာပေါ်ရှိ နိုင်ငံများကို ဤကဲ့သို့ တိုးတက်လာသော နည်းပညာများ မျှဝေခြင်းဖြစ် ကြောင်းပြောကြားပါသည်။

မိတ်ဆွေတစ်ယောက်၏ မင်္ဂလာပွဲ အကြောင်း။

ကလေးယူလျှင် ၄ ယောက်လောက် ရနိုင်ပြီဖြစ်သော ကျနော် မိတ်ဆွေ ကိုသက်လွင် မင်္ဂလာဆောင် အတွက် ပြီးခဲ့သည့် အပတ်က အလုပ်များခဲ့သည်။ ၄င်းတို့ မင်္ဂလာဆောင်ကို စင်္ကာပူရှိ နာမည်ကြီး စားသောက်ဆိုင် ဖြစ်သော Kopitiam Food Court တွင် ကျင်းပခဲ့သည်။ ထိုပွဲအတွက် သတိုးသား လောင်းများ အဖြစ်တာဝန်ယူ ကြသူ များမှာ အကြံကုန် ဂဠုန်ဆားချက်ဆိုသည့် အတိုင်း စင်ကာပူ နှင့် အွန်လိုင်းမှ မိန်းကလေးများ က၄င်းအား လက်မခံတော့သဖြင့် နယ်မှ ၄င်းအကြောင်းမသိသေးသော ဆရာဝန်မလောင်းလေး ကိုယူချင်နေသော ဒေါက်တာလင် ကိုကျော်ဇင်နှင့် ကလေးတစ်ယောက် အဖေ ဆေးဆရာ (ဆေးလိပ်ဆရာ) ကိုအောင်ကျော် တို့ ဖြစ်သည်။

မင်္ဂလာဆောင်သည့် သူများသည် မြန်မာအသိုင်းအ၀ိုင်းမှ ဖြစ်သည့် အလျှောက် တက်ရောက်ချီးမြှင့် ကြသူ အများစု မှ မြန်မာများ ဖြစ်ကြသည်။ ထိုကြားထဲမှ မျက်မှန်းတမ်းမိဖြစ် နေသာ မျက်နှာရှိသည့် ကတုံးကြီး နဲ့ အဖိုးကြီးတစ်ယောက် ကိုတွေ့လိုက်သည်။ ထိုသူက ပင် ပန်းကုံးစွတ်ချီးမြှင့်သွားရာ သိလို၍ မည်သူလဲဟု စပ်စုကြည့်မိ ခဲ့သည်။ ပြီးတော့မှ သိခဲ့ရသည်။ ထိုသူသည် မြန်မာနိုင်ငံမှ လာ၍ SPass (Special Pass) ဖြင့် ဆေးရုံ ပရိုမိုရှင်းကြော်ငြာ အတွက်လာရောက် လုပ်ကိုင်နေသာ ကိုယ်ရွှေချော ဦးစိုးဝင်းပင်။ သူ့ခင်မျာ.. ဘယ်လောက် ပင်ဆေးရုံ အတွက် အလုပ်လုပ်ပင်ပန်း နေသော်လည်း သူ၏ပင်မဇာတ်ရုပ်ဖြစ်သော့ အခန်းအနားတက်၊ ရေစက်ချ၊ ဖဲကြိုးဖြတ်၊ ပန်းကုံးစွတ်အလုပ် ကိုတော့လက်မလွှတ်ချင်သေး ပုံပေါ်သည်။


မင်္ဂလာဆောင် ၌ ကျွေးမွေးသည် များမှာလည်း အလွန်ကောင်းလှပါသည်။ ကြက်လျှာစွန်း မှ စပယ်ရှယ် အော်ဒါမှာ ယူထားသော ထောပတ်ထမင်း နှင့် ကြက်သားဆီပြန် ဟင်း မှာ အလွန်အရသာရှိ လှပါသည်။ သို့သော် ကြက်သား များမှာ ကြက်သား အစစ်မဟုတ်ပဲ အသားတုကြက်သား များဖြစ်ကြောင်း စားပြီးမှသိရသည်။ အကြောင်းမှာ ရန်ကုန်၌ ကြက်ငှက်တုတ်ကွေး ရောဂါပြန်လည်ဖြစ်ပွား နေသောကြောင့်ပင်။ စားသောက်ပြီးသော အခါ ကျသင့်ငွေကို ကောင်တာ၌ သွားရှင်းရခြင်းမှာလည်း မင်္ဂလာဆောင် ဖိတ်စာ၌ အလကား စားခြင်းသီးခံပါ ဆိုခြင်းကြောင့်ဖြစ်သည်။

ဒီလိုနဲ့ ထိုမင်္ဂလာဆောင်တွင် မိတ်ဆွေတစ်ဦးဖြစ်သည့် ကိုကျော်ကြီး နှင့် မကြာသေးခင်ကမှ ရောက်ရှိလာသော သူ့၏ဇနီးနှင့် သား တို့ကိုနှုတ်ဆက်လိုက်သည်။ ကိုကျော်ကြီး ရင်ဖတ်တွင်မူ ဌာနဆိုင်ရာ ၀န်ထမ်းများကဲ့သို့ တံဆိပ်တပ်စွဲ ထား သည်ကိုထူးခြား စွာတွေ့လိုက်ရသည်။ သေချာအောင် အနားကတ်ကြည့်လိုက်မှ တံဆိပ်မဟုတ် စင်ကာပူမှ ပေးအပ်သော အမြဲတမ်းနေထိုင်ခွင့် (SPR IC) ကတ်ဖြစ်သည်။ သူ PR ရသွားပြီဆိုတာ လူတိုင်းကို သိစေချင်ပုံပေါ်သည်။

ကျနော်စားပွဲနှင့် မျက်စောင်းထိုးတွင်တော့ လူကြီးများရန်ဖြစ်နေကြသည်။ ဒီလိုနှင့် လာရောက်သူအများ၏ မျက်စိများမှာ ထိုစားပွဲဝိုင်းကျရောက် သွာ့းသည်။ သတိုးသား နှင့် သတိုးသမီးတို အမြန်သွားရောက် ဖြေရှင်းရတော့သည်။ သူတို့မဖြေရှင်လို့လည်း မရ။ အဘယ်ကြောင့် ဆိုသော် သူတို့၏ နှစ်ဖက်သော မိဘများမှာ မင်္ဂလာဆောင် လက်ဖွဲများကို ဝေစုခွဲရာ အဝေမတည့်သည့်မှ ဖြစ်ပေါ်လာသော် ရန်ပွဲကြောင့် ဖြစ်သည်။
မည်သို့ဆိုစေ မင်္ဂလာပွဲလေမှာ အထမြောက်သွားခဲ့ပေသည်။

(ရယ်စရာများအသွင် တွေ့ရာလေးပါး အဖြစ်သာ ရေးထားခြင်းဖြစ်ပါသည်။)

တွေ့ရာလေးပါး (၃)။

ရန်ကုန်မြို့ကြီး ကို မြို့တော်စည်ပင်သာယာ က သန့်ရှင်းရေးခွန်များ ယူသော်လည်း စင်ကာပူ၌ နအဖ မှဆေးရုံတက်သူ များပြားလာသဖြင့် သန့်ရှင်းရေး ၀န်ထမ်းများ အား လစာပေးရန် မလောက်ငှ မှုကြောင့် ရန်ကုန်မြို့အနီး တစ်ဝိုက်၌ရှိ သော ဆည်များ၊ မိုးအတုရွာစေသော နည်းများကိုအသုံးပြု ကာ ရန်ကုန်မြို့ကြီးကို ရေဆေးလိုက်ကြောင်း သိရှိရသည်။ ရေဆေးတာ လွန်သွား၍ မြို့နေလူအပေါင်း ရေးဘေးခ သွားလေသည်။ ဒီလိုနဲ့ မကြာခင်ကဖွင့်လှစ်လိုက် သော မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်ပိုင် လေယာဉ်ပျံကြီးဖြင့် စင်ကာပူသို့ပြန်လာခဲ့သည်။ သို့သော်လမ်းခရီး တစ်ဝက်၌ လေယာဉ်ကြီး သဘာဝဓာတ်ငွေ့ ကုန်သွား၍ ဘန်ကောက် ကို ၀င်၍ ဓာတ်ငွေ့ဖြည့်ရပြန်သည်။ ထိုလေယာဉ်ကြီးနဲ့ အတူ စင်ကာပူတွင် ဆံပင်ညှပ်ခ ဈေးကြီး၍ ရန်ကုန်သို့ ကတုံးပြန်တုံးသော မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံသား အများအပြား ၀မ်းသာလျှက်ရှိကြသည်။ အကြောင်းမှာ သံရုံးမှ အခွန်တော်ငွေကို အထူးနှုန်းဖြင့်လက်ခံ မည်ဟု သတင်းကြား သောကြောင့်ပင်ဖြစ်ပေသည်။ သို့သော အခွန်နှစ်ထပ်မ ပေးဆောင်ရေး အသင်း၏ လှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ က အမြင်ကပ်လာ သဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသား တိုင်း မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၌ မဖြစ်မနေ စာရင်းဖွင့် ၍ မြန်မာပြည်သို့ ငွေပို့လိုလျှင် ထိုမှ ပိုရမည် ဟုအမိန့်အသစ်ချအပ်လေသည်။ သို့သော် စင်ကာပူရှိ မြန်မာများကလည်း အညံ့မခံ။
အခွန်မ ပေးဆောင်ရေး ဦးဆောင်သူအချင်းချင်း။ လူပျိုကြီးများ နှင့် အပျိုကြီးများ။ မယူခင်ကပင် ကလေးရနေသူများ (စင်ကာပူရှိ အများစုမှ မယူခင်ကတည်း က ကလေးရရန် အခြေရှိ)။ အချင်းချင်း အိမ်ထောင်ပြုရန် ကြံစည်ကြသည်။ ကြံစည်ရခြင်း အကြောင်းအရင်းမှာ စင်ကာပူ အစိုးရမှ မိသာစုရှိသူများ ကို နိုင်ငံသားရရန် အခွင့်အလမ်းပို၍ ပေးခြင်းကြောင့် ဟုဆိုကြသည်။ တစ်ချို့က ရန်ကုန်သို့ ချက်ချင်းပြန်ယူ ကြသည်။ တစ်ချို့ က Ready made ယူကြသည်။ Ready Made ဆိုသည်မှာ ယောက်ျားမရှိ ကလေးရှိသော စင်္ကာပူရမ်မ တစ်ချို့ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် လီရှမ်လွန်း က Baby Bonus များပေးမည်ဟု ဆိုပြန်သည်။ ထို့အတွက် ပို၍အားတက် သွားကြသည်။ အခုဆိုရင် KK Women & Children Hospital တွင် booking အပြည့်ဖြစ်နေကြောင်း သိလိုက်ရသည်။ ဘာပြောပြော မြန်မာလေး များတိုးပွားလာ မည် ကို တွေး၍ ပီတိဖြစ်ရသည်။

တွေ့ရာလေးပါး (၂)။

ချန်ဂီ လေဆိပ်မှ ရန်ကုန်သို့ ပြန်သန်းရန် ဘိုးအင်း ၇၄၇ လေယာဉ်ကြီးသည် ချန်ဂီလေဆိပ်မှ စတင်ထွက်ခွာလာပါ တော့သည်။ လေယာဉ်ပေါ် ရှိခရီးသည်များထဲ မှ တစ်ယောက်ဖြစ်သော် ကျနော်သည် လေယာဉ်မယ်များက ခရီးသည်များကို ကျွေးရင်ပြင်ဆင်နေသော ကောက်ညှင်းပေါင်းနှင့် ငါးရံ့ခြောက် အနံ့ ကလေယာဉ်ပျံတစ်ခု လုံးအတွင်းပျံ့နှံ့မွှေးကြိုင် လျှက်ရှိပေသောကြောင့် စားချင်လွန်အားကြီးသော ကြောင့် သရေကျလျှက်ရှိသည်။ ဒီနေ့ လေယာဉ်ပေါ်တွင် ကောင်ညှင်းပေါင်းနှင့် ငါးရံ့ခြောက်၊ ထန်းရည်တို့ ဖြင့်တည်ခံဧည့်ခံပါသည်။ လေယာဉ်သည် မြန်မာအမျိုးသားပိုင် ကုမ္ပဏီမှ ပိုင်ဆိုင်သည် ဖြစ်သည့်အလျှောက် ပစ္စည်းတန်ပိုများ မချည့်မဆန့်သယ်ဆောင်လာပုံရသည်။ အများစုမှာ ဗိုလ်ချုပ်ကတော်များ မှာကြားလိုက်သည့် ပစ္စည်းများပင်။ စင်္ကာပူမှ နာမည်ကြီး ပါတိတ်မျိုးစုံ၊ မိတ်ကပ်မျိုးစုံနှင့် လျှပ်စစ်ပစ္စည်းများပင်။ ဒီကြားထဲ ထန်းလျှက်ပြားများကို ငွေစက္ကူပတ်ထား သော အထုပ်များကိုလည်းတွေ့ လိုက်ရသည်။ နိုင်ငံခြားအခေါ် ချောကလက်။ မကြာပါဘူး လေယာဉ်ပျံကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ ခေတ္တရပ်နားရန် ဆိုက်ရောက်လာပါတော့သည်။ လေဆိပ်ရောက်သည်နှင့် ခရီးသည်များ လမ်းလျှောက်လျှင် ပင်ပန်းမည်ဆိုသဖြင့် နိုင်ငံတော် အကြီးအကဲ၏ စေတနာကြောင့် လက်တွန်းလှည်းလေးများဖြင့် လေယာဉ်ပေါ်သို့ တက်ရောက်ကြိုဆိုနေသည်ကိုတွေ့ရသည်။ ခရီးသည်များ ကိုလက်တွန်းလှည်းပေါ်တွင် ထိုင်စေပြီး လေဆိပ်အလုပ်သမားများက လိုရာကို လိုက်လံပို့ဆောင်ပေးသည်။ ထို့ကြောင့် ကျနော် လည်း မနေသာတော့ပဲ နိုင်ငံတော်အကြီးအကဲကြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး လိုက်သည်။ မကြာပါဘူး လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ရောက်လာသည်။ ကျနော် နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီး ကျနော် ကို နေထိုင်ခွင့် ဗီဇာ ရက်၃၀ စာအုပ်ပေါ်တွင် ထုပေးလိုက်သည်။ ပြီးသည်နှင့် ကျနော်ထံ မှ တံဆိပ်ထုရာတွင် ကုန်သွားသော မင်အတွက် တန်ဖိုး ၁၀ ဒေါ်လာတောင်းယူလေသည်။ သြော် ဒါလည်း နိုင်ငံတော်အကြီးအကဲ စေတနာပင်ဖြစ်မည်။ ပြီးတာ နှင့် အကောက်ခွန်ဌာနဖြတ်တော့ သတိထားမိသည်မှာ ကျနော် အိပ်ထဲမှ ပစ္စည်းများ လျော့နေခြင်းပင်။ အကြောင်းကိုစုံစမ်းကြည့်သော် ထိုလက်တွန်းလှည်းများဖြင့် ကြိုဆိုသည်မှာ သူတို့အလိုရာကို နှိုက်ယူရာတွင် အချိန်ပိုမိုရရှိရန် အတွက်ဖြစ်ကြောင်းသိရှိလိုက်ရသည်။ ဤသည်မှာ လည်း နိုင်ငံတော်အကြီးအကဲ စေတနာပင်ဖြစ်မည်။ လေဆိပ်မှထွက်လိုက်သည်နှင့် အသင့်စောင့်နေသော ဆိုက်ကားအများအပြား ကိုတွေ့လိုက်သည်။ ဘာကြောင့်ကားများမရှိပဲ ဆိုက်ကားများသာရှိနေသည်ကို သိလိုသဖြင့် မေးလိုက်ရာ ဤသည်မှာလည်း နိုင်ငံတော်အကြီးအကဲ၏ စေတနာပင်ဖြစ်ကြောင်း ထပ်မံသိလိုက်ရသည်။ အကြောင်းမှာ ဓာတ်ဆီများချွေတာပြီး တိုင်ပြည်ဝန်ထမ်းများအား လစာတိုးပေးရန် ဆိုသောကြောင့်ဖြစ်သည်။ သို့သော် နောက်ဆုံးသိ လိုက်ရသည့် သတင်းမှာ ၀န်ထမ်းများအား လစာ အနည်းငယ်သာတိုးပေးနိုင်ပြီး ဓာတ်ဆီများချွေတာ၍ စုဆောင်းထားသော ပိုက်ဆံငွေများမှာ စင်ကာပူ မှ မကြာခင်ကလာရောက်၍ ဆေးရုံ အကြွေးတောင်းသွားသော စင်ကာပှူနိုင်ငံခြားရေးဝန်ကြီးထံ အကြွေးဆပ်လိုက်ရသောကြောင့်ပင်။



အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သည်။

တွေ့ရာလေးပါး။

ဒီနေ့ အဂါင်္နေ့ ရုံးသို့သွားရန် MRT သို့အသွား လမ်းတွင် နွားလှည်းများမောင်းနေ သောကြောင့် ရွှံဖွက်အများအပြားဖြစ်နေသော မြေနီလမ်း ကိုဖြတ်လျှောက်လာခဲ့သည်။ MRT ရထားဘူတာသို့ရောက်သည်နှင့် ရထားပေါ်တက်ခါစီးနှင်း လိုက်ပါခဲ့သည်။ Orchard Station သို့အရောက်တွင်ဧည့်သည်တော် စင်ကာပူသို့ လေးဘက်နာရောဂါ ကုသရန်ရောက်ရှိနေ သောမြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီးတို့အဖွဲ့မှလမ်းကြောင်းဖြတ်ရန်ရှိသဖြင့် ရထားရပ်၍စောင့်ဆိုင်းနေရသည်။ သူတို့ဖြတ်သန်းသွားလာပြီးမှ ကျနော်စီးနင်းလာသောရထား ထွက်ခွာခွင့်ရသည်။ ရထားပေါ်တွင် အပြည့်တင်လာသော ငါးတောင်း၊ ဟင်းရွက်တောင်းများက ရထားကိုအလွန်ညစ်ပတ် စေပြီး စီးသူများပြားလှသဖြင့် အလွန်ပူအိုက်လှပါသည်။ ရထားအပေါ်ကအဆင်း၌ ဘူတာအဆင်းတွင် မုန်းဟင်းခါးရောင်းသူများ၊ မုန့်ဖတ်ထုပ်ရောင်းသူများကို အစီအရီတွေ့လိုက်ရသည်။ စင်္ကာပူရမ်အများစုမှာ Yishun မုန်းဟင်းခါးဆိုင်တွင် စုပြုံ၍တန်းစီပြီး စားသောက်ရန်စောင့်ဆိုင်းနေသည်။ တစ်ချို့ကတော့ ကြက်ဆီထမင်းကို မုန့်ဟင်းခါးနှင့် ရော၍စားနေသည်ကိုမြင်ရသည်။ တစ်ချို့ကတော့ မုန့်ဖတ်ထုပ်ကို မြိန်ရေယှက်ရေစားသောက် နေကြသည်။ မကြာပါဘူး ဒုန်းဒုန်းနဲ့ မြိုထဲ၌သံချပ်ကာကားများ ဆူညံစွာဖြတ်သန်းသွား နေတာကိုကြားလိုက်ရသည်။ ၄င်းသံချပ်ကာ ကားများ သည် စင်္ကာပူအထွေထွေကုရောဂါကုဆေးရုံကြီး ၌ရောက်ရှိနေသော ကမ္ဘာအချမ်းသားဆုံးနိုင်ငံမှ လေးဘက်နာရောဂါကို ကုသရန်ရောက်ရှိ နေသာ ဗိုလ်ချုပ်မှုးကြီးတို့အဖွဲ့ အတွက်လုံခြုံရေး ပေးရန်ဖြစ်ကြောင်းနောက်မှသိလိုက်ရသည်။
လမ်းခရီးတွင် မြန်မာနိုင်ငံသားအများအပြားက ဆိုင်းပုတ်ကလေးများ မြှောက်ကာမြှောက်ကာနဲ့ ``ဗိုလ်ချုပ်မှုးကြီးနဲ့ အဖွဲ့ကျန်းမာပါစေ၊´´ဟုအော်ဟစ်ဆုတောင်းနေကြသည်။ သူတို့ကျန်းမာမှ မြန်မာနိုင်ငံသားတွေပေးနေရသော အခွန်တော်ငွေပေးခြင်းမှ ရပ်တန့်ပေးမည်ထင်သောကြောင့်ဖြစ်မည်။ အကြောင်းမှာ မကျန်းမမာ သေးသ၍ စင်ကာပူသို့ သံရုံးမှ ရရှိသော အခွန်များဖြင့်ဆေးရုံလာလာ တတ်သောကြောင့်ဖြစ်သည်။
ဒီလိုနဲ့ သူတို့ဆုတောင်းတာတွေကို ကြည့်ရင်းနဲ့ ရုံးသို့ရောက်ရှိလာတော့သည်။ ရုံးရောက်နောက်ကျလို့ ဓာတ်လှေခါးနှင့် အမြန်ရုံးပေါ်သို့တက်ခဲ့သည်။ ကံဆိုးချင်တော့ လမ်းတ၀က်မှာ Gas မလောက်၍ အလှည့်ဖြင့်ပေးနေသောလျှပ်စစ်မီးမှာ ပျက်မည့်အလှည့်မဟုတ်ပဲ ပျက်သွားသည်။ ပြဿနာတော့ စပြီ။ တော်သေးသည်။ Singapore Air Force မှ ရဟတ်ယာဉ်ကလာရောက် ကူညီ ကယ်တင်သွားပေလို့သာ။
ရုံးရောက်သည်နှင့် အသင့်ရောက်ရှိနေသော မြန်မာနိုင်ငံမှ စားအုံးဆီအကြွေးဝယ်ရန် မြန်မာကုန်သည်အများအပြားကို တွေ့လိုက်ရသည်။
တစ်နေ့လုံး သူတို့အတွက်လိုအပ်သည် များကို ဆောင်ရွက်ပေးပြီး ညနေပိုင်းတွင် စင်ကာပူရှိ ပြည်သူအချို့မှ စင်ကာပူအစိုးရ၏ Charity ဌာနဖြစ်သော Singapore Pools သို့ဝင်ရောက်၍ ငွေအချို့လှူဒါန်းခဲ့သည်။
ဆက်ရန်။

ကျနော့်ရဲ့ မကောင်းသောအကျင့်စရိုက် (၁၀) ချက်။

ကိုဖြိုးက Cbox မှာ Game tag send သွားတယ်ဆိုလို့ဘယ်ကို ပို့သွားတာလဲလို့စဉ်းစားလိုက်သေးတယ်။ ပြီးတော့မှ အော်အော် လို့ ဖြစ်ပြီးသိသွားရတယ်။

၁။ စိတ်ညစ်စရာတွေများလာရင် ချစ်ရတဲ့ မိန်းမ ကိုခေါ်ပြီး ကားလျှောက်မောင်းတယ်။
(အထူးသဖြင့် East Coast ကိုသွားလေ့ရှိတယ်။)

၂။ အားနာတတ်တယ်။ ခံစားတတ်လွယ်တယ်။ အစွဲအလမ်းကြီးတယ်။ သနားတတ်တယ်။

၃။ စိတ်အရမ်းလောတတ်တယ်။

၎။ သိချင်တာရှိလျှင် ချက်ချင်းမေးတတ်တယ်။ ကိုယ်ပြောချင်တာဆိုလျှင်လည်း မလျှို့မ၀ှက်ပြောပြတတ်တယ်။ (လျှို့ဝှက်တက်တဲ့ မိတ်ဆွေများကို စိတ်ပျက်မိတယ်။)

၅။ မိမိလုပ်ပြီးသားကိစ္စတွေအပေါ် ဘယ်တော့မှ နောင်တမရဘူး။

၆။ ခေါင်းအရမ်းမာတယ်။ ဥပက္ခာပြုတတ်တယ်။

၇။ ကိုယ့်ကို တစ်ယောက်ယောက် က ရန်စသွားရင် မခံချင်ဘူး။ တစ်နည်းနည်းနဲ့ ကလဲစားပြန်ချေချင်တယ်။

၈။ မန်ယူ ဘောလုံးအသင်းရှုံးသွားရင် အဲ့ဒီည မှာ အိပ်မပျော်တတ်ဖူး။ (ရှုံးသွားတဲ့ ပိုက်ဆံတွေကို နှမြောလို့။)

၉။ မလိုချင်လို့ လွင့်ပစ်ခဲ့တဲ့ အရာအပေါ် ဘယ်တော့မှ လှည့်မကြည့်တတ်ဘူး။

၁၀။ ကွန်ပျူတာ ပရိုဂရမ်ရေးခြင်းကို အရမ်းနှစ်သက်အားကြီးတယ်။ (ဒီလိုနဲ့ပဲ ပရိုဂရမ်မာဖြစ်လာခဲ့တာ။)

ကဲကဲ ဒီလိုနဲ့ပဲ ကျနော်လည်းအောက်က မကြာခင်မှာ အိုတော့မယ့် ကိုရဲ နဲ့ မအိုသေးဘဲ US ကသူ့ချစ်သူကိုအနိုင်ကျင့်တတ်တဲ့ ညီမငယ် N3 နဲ့ သူ့ချစ်သူ သီဟ ကို ကျနော်က ပြန် tag လုပ်လိုက်ပါတယ်။
၁။ ကိုရဲ
၂။ N3
၃။ သီဟ

IT Advisor

ကျွန်တော် မှတ်မိပြီး အရမ်းရယ်စရာကောင်းခဲ့တဲ့ ရယ်စရာပုံပြင်လေးတစ်ပုဒ်ကိုပြောပြလိုပါတယ်။


တစ်ခါက Silicon Valley မှာ မျောက်ဆိုင်တစ်ဆိုင်ဖွင့်ထားပါတယ်တဲ့။ အဲ့ဒီမှာမျောက်တွေ အမျိုးမျိုးကိုပြထားပြီး၊ ဈေးနှုန်းများကိုလည်း ချိတ်ထားကြပါတယ်။
တနေ့တော့ Boss တစ်ယောက် ဟာ သူရဲ့အလုပ်အတွက်လိုမယ့် IT Professional တစ် ယောက်ခေါ်ဖို့ရာ အဲ့ဒီဆိုင်ကိုရောက်လာပါသတဲ့။ ဒါနဲ့ ဒီ သူဌေးကြီးက ဟိုကြည့်ဒီကြည့်နဲ့ ဆိုင်ပိုင်ရှင်ကိုလည်းမေးတာပေါ့။ သူသိချင်တာရှိရင်။ ပရိုဂရမ်ရေးနေတဲ့မျောက်တကောင် ကိုတွေကတော့သူ ကUS$ 2500 လို့ရေးထားတယ်။ ဒါနဲ့ သူဌေးကြီးကမေးပါလေးရော။ သူကဘာတွေတက်လဲ ပေါ့။ ပိုင်ရှင်ကလည်း သူက VB နှင့် ပရိုဂရမ်ရေးနိုင်တယ်တဲ့။ ဒါနဲ့ နောက်တကောင်ကျတော့ US$3000 ဆိုတော့မေးပြန်ရော။ ဒါနဲ့ ပိုင်ရှင်က ထပ်မံရှင်းပြပါတယ်။ သူ က JAVA လည်းရတယ် Oracle လည်းရတယ်ဆိုပဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ မျောက်တကောင်ကဘာမှ လည်း မလုပ်ပဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင် နဲ့ ဟိုမျောက်နဲ့စကားပြောလိုက်၊ ဒီမျောက် နဲ့စကားပြောလိုက်၊ ဘာမှလည်း မလုပ်ဘူး။ ပြီးတော့ဈေးနှုန်းကိုလည်းကြည့်ပါဦး။ US$6000။ ဈေးကြီးလိုက်တာပြောမနေနဲ့ ပြီးတော့ ဘာမှလည်းမလုပ်၊တတ်လည်းမတတ်ဘူး။ ဒါနဲ့ပိုင်ရှင်ကိုမေးလိုက်တော့ ပိုင်ရှင်က အဲ့ဒီမျောက် မြင်မှာဆိုးလို့ လက်ကလေးနဲ့ကွယ်ပြီးသူဌေးကြီးကိုရှင်းပြလိုက်တော့တယ်။ သူက ဘာမှမလုပ်တတ်ဘူး၊ ဒါပေမယ့်သူ့ကိုယ်သူ IT Advisor လို့တော့ပြောတာပဲ၊ ဒါကြောင့်ပိုပေးရလို့ပြောလိုက်တော့မှပဲရှင်းသွားပါတော့တယ်။

ကျွန်တော်လည်းအဲ့ဒီလို Advisor ကြီးနဲ့ ရန်ကုန်မှာအလုပ်လုပ်တုန်းက ကြုံဖူးတော့ အရမ်းကိုရယ်လိုက်ရတာပြောမနေပါနဲ့တော့။